【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၆

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၆

၂၀၂၁ ၌ သူ့တွင် ကင်ဆာဆဲလ်ပြန်တွေ့ပြီဆိုသော်လည်း၊ အသားစ ထုတ်ယူစစ်ဆေးခြင်း (biopsy) ကို ၂၀၂၂ ရောက်မှ လုပ်ဖြစ်သည်။ 
 
၂၀၂၂ ဖေဖော်ဝါရီလကုန်ခါနီးတွင် လည်ချောင်းမှ အသားစယူ စစ်ဆေးရန် ဂရင်းဟံသာဆေးရုံသို့ သူတက်ရောက်သည်။အသားစယူခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသည့် ဆရာဝန်က ခွဲစိတ်ခ မယူပေ။သို့ဖြင့် သူဆေးရုံမှဆင်းရသောအခါ အခန်းခနှင့် တခြားဝန်ဆောင်မှုကြေးကိုသာ ရှင်းရသည်။ထွက်လာသည့် အဖြေကား၊ သိထားပြီးသည့်အတိုင်း အဆင့်-၄။သူ့တွင် အချိန်သိပ်မရှိတော့သည်မှာ သေချာသွားပြီ။သို့ဖြင့် ဖတ်စရာများကို ပိုဖတ်သည်။ရေးစရာများကို နေ့စဉ်နီးပါးရေးသားသည်။မကိုင်မဖြစ်သည့် ဖုန်းကလွဲ၍ ခေါ်ဆိုလာသည့် ဖုန်းများကိုလည်း မကိုင်တော့။ သူ့အသံကလည်း ပို၍တိမ်ဝင်သွားသည်။
 
ကင်ဆာဆိုသည်နှင့် တခြားရောဂါများကဲ့သို့ ယတိပြတ်ပျောက်ဖို့ မဖြစ်နိုင်တော့ဘဲ မြန်မြန်သွားရသူနှင့် နှေးနှေးသွားရသူသာ ကွာခြားကြောင်း သူက ဆရာဝန်ဖြစ်၍ ပိုသိပါသည်။တကယ်တော့ ‌မည်သူမဆို မွေးလာကတည်းက တစ်နေ့မုချသေမည်သာဖြစ်ပါသည်။လူသားတို့သည် မွေးဖွားလာခြင်းနှင့်အတူ ခရီးဆုံးလက်မှတ်ကိုလည်း တစ်ပါတည်း ရထားသူချည်းသာဖြစ်ကြစေကာမူ၊ သေခါမှ သေရော၊ ဘယ်တော့မှမသေမည့်သူများနှယ် ဘဝကို တွယ်တာကြပေသည်။ဘဝတွင် ပျော်ရွှင်ကြပေသည်။ချမ်းသာကြွယ်ဝသူများသာမက၊ ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားရသူများလည်း ဘဝကိုတွယ်တာတပ်မက်ကြသည်ပင်။ထိုသို့ မည်သည့်အလွှာတွင် ကျင်လည်ရသည်ဖြစ်စေ ဘဝကိုတွယ်တာပျော်ရွှင်နေသူများက ကင်ဆာရောဂါဖြစ်ပြီဆိုမှသာ သေလက်မှတ်ရပြီဟု တုန်လှုပ်ကြခြင်းကား၊ သူ့အမြင်တွင် ရယ်စရာလည်းကောင်း၊ ဝမ်းသာစရာလည်းကောင်းပါသည်။ဝမ်းသာစရာကောင်းသည်ဟု သူပြောခြင်းကို၊ တချို့ကြိုက်မည် မဟုတ်သော်လည်း၊ ကြိုတင်ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နိုင်သည်မှာ ဝမ်းသာသင့်သောအရာဟု သူကတော့ ခံယူထားသည်။
 
သူကုသပေးသည့် လူနာများသေတိုင်း သူအသုဘပို့လေ့ရှိသည်။အသုဘပို့သူတို့တစေ့တစောင်းကြည့်မိပြန်တော့လည်း သေသူကို ကြည့်၍ သတိသံဝေဂရသူဟူ၍သူ မတွေ့ဖူးပေါင်။လူမှုဝတ္တရားအရ၊ ခင်မင်မှုသံယောဇဉ်အရ အသုဘလိုက်ပို့သူများမှာ ယခုမှ စုစည်းမိသည့်နှယ် စကားတွေပြောကြ၊ တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ကြနှင့် မည်သည့်သံဝေဂ မျှ ယူဟန်မရပေ။အသုဘလာပို့သူ ၉၀ ရာခိုင်နှုန်းခန့် မိမိကိုယ်မိမိ သေမည်ဟု တွေးမထားကြကြောင်း သူမြင်တွေ့ရသည်။မည်သူသေသေ၊ ငါသေဦးမည်မဟုတ်ဟူသော လူ့သဘာဝကို သူလက်ခံပါသည်။
 
သူကား ဘဝအဆုံးသတ်ရန် အချိန်နီးလာပြီဆိုသည့် သတိပေးစာရထားပြီ။ထို့ကြောင့် လောကအတွက် သူလုပ်နိုင်မည့်အရာများ၊ လုပ်ပေးရမည့်အရာများကိုသာ နေ့စဉ်လုပ်ကိုင်ရင်း အချိန်ကုန်ချင်သည်။သူ့အသက်ကို ဆွဲမဆန့်ချင်တော့ပေ။စာဖတ်၊ စာရေးခြင်းကို အချိန်ပေးပြီး၊ ပို၍ ယိုယွင်းလာသော သူ့ကျန်းမာရေးကို သူလျစ်လျူရှုလိုက်သည်။သို့သော် ပတ်ဝန်းကျင်နှင့် မိသားစု၊ မိတ်ဆွေများက လက်မခံကြပေ။သေခါမှသေရော ကုရမှာပေါ့ဟု ဆူဆူပူပူ လုပ်ကြသည်။သူနှင့် အတူနေဖူးပြီး မိသားစုသဖွယ် ခင်မင်ခဲ့ ကျော်ကျော်၊ နှမငယ် မဖြူနှင့် ငယ်သူငယ်ချင်းတချို့က သူ့ကို  ပင်လုံဆေးရုံသို့ တင်လိုက်ကြသည်။ပင်လုံဆေးရုံတွင် သူ့ကိုကြည့်ရှုပေးသည့် ဆရာဝန်က အသေးစိတ်စစ်ဆေးကာ နား၊ နှာခေါင်းနှင့် လည်ချောင်းအထူးကု ဒေါက်တာဘုန်းမြင့်ထွန်းနှင့် တိုင်ပင်ပြီး၊ သူ အသက်ရှူရ အဆင်ပြေစေရန် သူ့လည်ချောင်းတွင် အပေါက်ဖောက်ပေးကြသည်။ဒေါက်တာဘုန်းမြင့်ထွန်းကလည်း ဂရင်းဟံသာမှ အသားစ ထုတ်ယူစစ်ဆေးပေးသည့် ဆရာဝန်ကဲ့သို့ပင်၊ ခွဲစိတ်ခ မယူပေ။
 
ဂရင်းဟံသာဆေးရုံမှ ဆင်းလာပြီးကတည်းက အသိမိတ်ဆွေအများစုကို သူမဆက်သွယ်ဘဲနေခဲ့သည်။ယခု သူ ပင်လုံဆေးရုံပေါ် ရောက်နေသည်ကို စာရေးဆရာ မောင်သာချိုက ဖေ့စ်ဘုတ်ပေါ် တင်လိုက်သဖြင့် သူ့ဆီသို့ အသိမိတ်ဆွေများ တဖွဲဖွဲရောက်လာကြပြန်သည်။ဂရင်းဟံသာဆေးရုံမှ ဆင်းလာချိန်တွင် ချောင်းဆုံ၌ အဒေါ် အပျိုကြီးနှင့် အတူနေသည့် နှမငယ် ဖြူဖြူစံ ရောက်လာပြီး သူ့ကို အနီးကပ်ပြုစုပေးသည်။စင်စစ် လောကတွင် တအူတုံဆင်း သွေးသားရင်းချာဟူ၍ နှမငယ် မဖြူသာရှိပါသည်။အမေတူအဖေကွဲ နှမနှင့် အဖေတူ အမေကွဲ နှမများ ကလည်း သူ့ကို ဝိုင်းဝန်းဂရုစိုက်ကြပါသည်။အဖေတူ အမေကွဲ ညီနှစ်ယောက်ကား ကွယ်လွန်ခဲ့ကြပြီ။
 
တစ်ဖန် မေလတွင် ပင်လုံဆေးရုံသို့ ပြန်တက်ရပြန်သည်။ကံကောင်းသည်မှာ လည်ပင်းပတ်ချာလည်မှ ကင်ဆာဆဲလ်များ တခြားနေရာသို့ မပျံ့နှံ့သေးခြင်းပင်။မေ ၂၂ ရက်နေ့တွင် သူဆေးရုံမှ ဆင်းရသည့် သူ့ကို သန်းမြင့်အောင်တို့လူစုက လာခေါ်ပြီး၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတွင် သူ၏ ၆၈ နှစ်ပြည့် မွေးနေ့ကို အကျဉ်းချုံး ကျင်းပပေးကြသည်။ကင်ဆာ စဖြစ်ကတည်းက လူကောင်းပမာ သွားလာခဲ့သည့်သူ။သည်တစ်ချီတော့ လူတွဲဖြင့် ပင်လုံဆေးရုံမှ ဆင်းရသည်။ပထမထပ်တွင်ရှိသည့် ကျောက်မြောင်းရှိ တိုက်ခန်းပေါ်သို့ လူတွဲဖြင့်တက်ရသည်။
 
တစ်နေ့တွင် အင်းစိန် စာရေးဆရာအုပ်စု (အစအစ) တို့ သတင်းမေးရောက်လာကြပြီး၊ သူအင်အားချိနေပုံကို မြင်တွေ့သွားကြသည်။ပန်းချီဆရာ ယဉ်မင်းပိုက်က သူ့ကိုသေတော့မည် ထင်ပုံရ၏။ကိုယ်တိုင်ရေးဆွဲပြီး၊ ရောင်းရန်မဟုတ် သူအမြတ်တနိုးသိမ်းထားသည့် ဆရာတင်မိုး ပုံတူပန်းချီကားကို မောင်တည်တံ့ထံ အပ်နှံပြီး ရောင်းခိုင်းသတဲ့။မောင်တည်တံ့က အကျိုးအကြောင်း စာရေးပြီး ဆရာတင်မိုး ပန်းချီကားကို ဖေ့စ်ဘုတ်ပေါ် တင်လိုက်သတဲ့။ထို့ပို့စ်တင်လိုက်သောနေ့မှာပင် အမည်မဖော်လိုသူနှစ်ယောက်က သတ်မှတ်ထားသော ဈေးထက် ပိုပေးပြီး ဝယ်သွားသတဲ့။ထိုငွေများကို ပန်းချီဆရာက “ရော့ဗျား သုံးလိုရာသုံး” ဟု ရက်ရောစွာ လာရောက်ပေး အပ်သည်။ပန်းချီဆရာနှင့်အတူ မောင်လင်းယုန် (ရှမ်းပြည်) ၏ ဇနီးနှင့် သမီးကလည်း သူ့ဖခင်၏ စာများကို စုစည်း၍ ပြန်ထုတ်ထားသော စာအုပ်နှင့် စာမူခတချို့ကို လာပေးသည်။ကဗျာဆရာမ သန့်စင်အေး (ဒေါ်မြငြိမ်း) လည်း ပါလာပြီး သူသုံးလိုရာသုံးဟု ငွေကြေးပေးပြန်သည်။များမကြာမီ တေးမြတ်နိုးသူတစ်ဦး အကောင့်အမည်ဖြင့် ဖေ့စ်ဘုတ်သုံးနေသူတစ်ယောက်က သူဆေးကုရန်၊ သုံးရန် သိန်း ၂၀ ကို ကြားလူမှ တစ်ဆင့် ပေးပြန်သည်။ကြိုကြား ကြိုကြား ဆေးကုရန်ဟု ငွေကြေးလာပေးသူများလည်း ရှိနေသေးသည်။
 
သူ့တွင် ကင်ဆာပြန်တွေ့သည်ဆိုခြင်းနှင့်အတူ စီနီယာ၊ ဂျူနီယာ ဆရာဝန်များ၊ သူငယ်ချင်း ဆရာဝန်များ၏ ဝိုင်းဝန်းစောင့်ရှောက်မှု မေတ္တာကိုလည်း သူခံစားရသည်။တစ်ဘက်တွင်လည်းသူ့ပင်ကိုယ်စိတ်ဓာတ်မာကြောမှု၊ ကင်ဆာဆဲလ်ပျံ့နှုန်း နှေးနေမှုနှင့် စနစ်တကျ ဆေးသောက် အစားအစာ စားသည်။တစ်ဖန် သူပြန်ပြီး ထူထူ ထောင်ထောင်ဖြစ်လာသည်။အပြင်ပြန်ထွက်နိုင်လာသည်။သူကလည်း အငြိမ်မနေလိုသူဖြစ်၍ လက်ဖက်ရည်ဆိုင် ထိုင်သည်။စာအုပ်ဆိုင်သွားသည်။စိတ်ကူးချိုချို စာအုပ်ဈေးပွဲတော် သွားသည်။ကဗျာဆရာ မောင်ခိုင်မာ ကွယ်လွန်ခြင်း ၁၉ နှစ်မြောက်ပွဲကို သန်းမြင့်အောင် အကူအညီဖြင့် အနုပညာဆည်းဆာရိပ်တွင် သူကျင်းပသည်။
 
ညဘက်လူခြေတိတ်ချိန်ကား၊ သူအတွေးနယ်ချဲ့ချိန် သူ့ဘဝသူ ပြန်သုံးသပ်ချိန်ဖြစ်လာသည်။ဘဝတွင် သူ ရိုးရိုးသားသား ရှင်သန်ခဲ့သည်။ဆယ်ကျော်သက်ရွယ်ကပင် ရင်ထဲအောင်းနေသည့် တစ်ပါးသူများအားကူညီခြင်း လုပ်ငန်းကို သူနိုင်သမျှ လုပ်ဆောင်ခဲ့သည်။လူအများက သူ့ကို ပရဟိတသမားဟု အမည်တပ်သော်လည်း ပရဟိတလုပ်သူဟု သူ့ကိုယ်သူ ကင်ပွန်းမတပ်ရဲပေ။သို့သော် သူလုပ်ဆောင်ခဲ့သည့် တစ်ပိုင်တစ်နိုင် တစ်ပါးသူတို့၏ အကျိုးဆောင်ရွက်ပေးရာ၌ မျှော်ကိုးမှု ကင်းရှင်းသဖြင့်၊ သူလိပ်ပြာ အစဉ်လုံခြုံခဲ့သည်။
 
သူနာမကျန်းဖြစ်လာချိန်တွင် သူပေးဆပ်ခဲ့သည်ထက်ပင်ပို၍ ပြန်ရနေသည်ဟု တွေးမိတိုင်း အသိမိတ်ဆွေများ၊ စာရေးဆရာများ၊ သူငယ်ချင်းများ၊ စီနီယာ၊ ဂျူနီယာ ဆရာဝန်များ၊ သူငယ်ချင်း ဆရာဝန်များနှင့် နှမငယ်များကို သူအားနာမိသည်။သူလာခြင်းကောင်းခဲ့သည်။ပြန်ခြင်းကောင်းရန် သူကြိုးစားပြင်ဆင်နေသည်။စိတ်ကို ဖြူစင်စွာထားရန် ကြိုးစားသည်။ယခုထိလည်း သူရနေသည့်အရာများထဲမှ ပြန်ပေးသင့်သူများကို ပေးနိုင်သမျှ ပြန်ဝေငှနေသည်။စာတွေရေးနေသည်။သေခြင်းကိုတော့ ထူးခြားတုန်လှုပ်မည်မဟုတ်။သေခြင်းတရားကို သူအကြိမ်ကြိမ်မြင်ခဲ့ရပြီးပြီ။အကောင်းဆုံး ဥပမာကား ကိုဇော်ဝင်း၏ ရုတ်တရက်သေဆုံးခြင်း။သူကား တရိရိနေရဦး မည် ထင်ပါရဲ့။
 
သန်းမြင့်အောင်၊ မိချမ်းဝေနှင့် ကံ့ကော်ဝတ်ရည်ဝိုင်းတို့က ဦးစီးပြီး သူ၏ ၆၈ နှစ်မြောက် မွေးနေ့ကို ကျင်းပပေးရန် ပြင်ဆင်ခဲ့ကြသော်လည်း၊ သူ့ကျန်းမာရေးကြောင့် အကျဉ်းချုံး ကျင်းပလိုက်ကြရသည်။မှတ်မှတ်ရရ အသက် ၆၀ ပြည့် မွေးနေ့လက်ဆောင် ကဗျာလေးကို သူပြန်သတိရသည်။သူ အသက် ၆၀ ပြည့်သည့် ၂၀၁၅ သည် သူ့တွင် ကင်ဆာဆဲလ် ပြန်ဖြစ်၊ မဖြစ် ၆ လ တစ်ကြိမ် ပုံမှန်ပြန်ဆေးစစ်နေရချိန်ဖြစ်သည်။သူကိုယ်နှိုက်ကလည်း ဗမာအများစု ထုံးစံအတိုင်း မွေးနေ့ကို အရေးတယူမရှိပေ။ထိုနေ့တွင် မမျှော်လင့်ဘဲ သူ့ဆီသို့ မြသွေးရည်နှင့် မနွေတို့ရောက်လာကြသည်။မြသွေးရည် ရေးဖွဲ့ထားသည့် ကဗျာလေးကို သူ့မွေးနေ့လက်ဆောင်အဖြစ် လာပေးကြခြင်းဖြစ်သည်။မြသွေး၏ ကဗျာလေးက တစ်ချိန်က မြသွေးပြောဖူးသည့် စကားများကို ပြန်သတိရစေပါသည်။
 
“ဆရာလေးနဲ့ ကိုအောင်ကြင်က အဖြူရောင် ပရဟိတသမားတွေပါ” တဲ့။
 
မြသွေးရည် စကားများက သူမျှော်ကိုးမှုကင်းစွာ လုပ်ခဲ့သည့် ပရဟိတကို အောင်လက်မှတ်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။သူက ပရဟိတအောင်လက်မှတ်ရသည်လျှင်၊ ကိုအောင်ကြင့် အောင်လက်မှတ်က ဂုဏ်ထူးနှင့်အောင်သည့် လက်မှတ်ဖြစ်ရမည် (သို့မဟုတ်) ကိုအောင်ကြင်သည် ခရစ်ဒစ်ရသူဖြစ်သည်။သူ့ထက် ကိုယ်ရောစိတ်ပါ အားစိုက်လုပ်ဆောင်ခဲ့သည့် ကိုအောင်ကြင်ကား သူ့လို ဆုလည်းရမသွားရှာ။သူ့လိုလည်း သက်ဆိုးမရှည်ရှာသည်ကို တွေးမိပြန်သည်။
 
နောက်ပိုင်းတွင် မြန်မာတို့ကြား၌ မွေးနေ့ကျင်းပခြင်း ခေတ်စားလာရာ၊ သူ့အသက် ၆၇ ပြည့်သည့်နှစ် ၂၀၂၁ တွင်လည်း မြသွေးတို့က မွေးနေ့ပွဲကျင်းပပေးဖို့ ကြိုးစားခဲ့ကြဖူးသည်။သို့သော် ထိုနှစ်တွင် သူ့ကျန်းမာရေး ပြန်ယိုယွင်းလာသည်။ကင်ဆာဆဲလ်ကို ပြန်တွေ့ပြီ။သို့ဖြင့် မရီဝေ၊ မနွေ၊ ဆရာဇော်နောင် စသူတို့ ရေးစပ်ထားသည့် ကဗျာစာရွက်များသာ သူထံရောက်လာသည်။စာအုပ်တစ်အုပ်ရှာရင်း ထိုကဗျာစာရွက်များ ပြန် ထွက်လာ၍ မွေးနေ့မည်မျှ သူကြုံရလေဦးမည်နည်းတွေးရင်း အပေါ်ဆုံးမှ စာရွက်ကို ဆွဲယူဖတ်ရှုလိုက်တော့ အသက် ၆၀ ပြည့်တွင် ရခဲ့သည့် မြသွေးရည်၏ ကဗျာဖြစ်နေသည်။ကဗျာခေါင်းစဉ်က “မေ (၂၂) အမြုတေသစ်ပင်” တဲ့။
 
          ကမ္ဘာမြေဆီ
          လာခြင်းကောင်းစွာ လာခဲ့ပြီ။
          ကောင်းကင်စခန်းမှာ
          လျှပ်နွယ်တန်း လျှမ်းဖြာလက်
          (၂၂) ရက်လို့ . . .
          မေမိုးစက်တွေနဲ့ ကမ္ဗည်းရေး
          မုတ်သုန်တေး ကန့်လန့်ကာဖွင့်တော့
          လန်းစွင့်နိုးထ
          နိဒါန်းစခဲ့  အပင်လေးတစ်ပင်
          လောကဥယျာဉ်မှာ ရှင်သန်လာပေါ့
          စူးစူးရိုင်းရိုင်း
          အတ္တဆူးကိုင်း မဟုတ်ခဲ့
          ရူးရူးမှိုင်းမှိုင်း
          အဆိပ် ပဒိုင်းလည်း မဟုတ်ခဲ့၊
          သူ . . . . .ခံယူ ခံစားဖူးခဲ့သမျှသော
          ဩဇာမြေဆီ မိုးသက်လေပြည်များ
          ပင်လုံးပြည့် ပိုက်ထွေးထားရင်း
          ဖြတ်သန်းခြင်း မိုင်တိုင်များစွာမှာ . . .
          မုန်တိုင်းဒဏ်က တစ်နည်း
          တောမီးရန်က တစ်ဖုံ
          ကြုံလာသမျှ လောကဓံ ကြံ့ကြံ့ခံချိန်
          မရဏမင်းရဲ့ ပုဆိန်တဝင့်ဝင့်ကြား
          မားမားရပ်ရင်း၊
          ကသောင်းသနင်း ရာသီအတွင်းက
          ယိုယွင်းဖျော့မှိန် ခန္ဓာအိမ်နဲ့ စိတ်ဝိဥာဉ်များထံ
          စိမ်းလန်းခြင်း အရိပ်ပေး
          စိမ့်မြတဲ့ ရေကြည်အေးနဲ့
          အောက်ဆီဂျင် သွန်ထုတ်ပေးပြီး
          အသီး အပွင့် အရွက်တွေ
          အဟာရအဖြစ် ခြွေချကျွေးခဲ့တဲ့
          မနုဿအစစ် သစ်တစ်ပင်ဟာ
          ပေးဆပ်ခြင်း အသက်တာအမှန်နဲ့
          ရှင်သန်ပြည့်မြောက်
          နှစ်ပေါင်း (၆၀) တိုင်ခဲ့ပြီ။
          သစ္စာဥယျာဉ် တစ်ခွင်တစ်ပြင်လုံး
          သူ့ရတနာတွေ တောက်ပမဆုံးလေတော့
          ဘော်ငွေစင် အဝန်းအဝိုင်းရဲ့
          ရောင်ပြန်လှိုင်း မေတ္တာအဟုန်
          တခဲနက် လွှမ်းခြုံပေါင်းစု
          တောင်းဆုမြတ် ပတ္တနာဝေ
          လာခြင်းကောင်းခဲ့ ကမ္ဘာမြေအလည်မှာ
          ရှင်သန်ခြင်း အခက်အလက် ဝေဆာစွာနဲ့
          (ကျန်းမာရွှင်လန်း ချမ်းမြေ့စွာ)
          နေခြင်း ရှည်ကြာမြင့်ပါစေ . . . . .။
 
မြသွေးရည်သာမက မရီဝေ၊ မနွေ၊ ဆရာဇော်နောင် စသူတို့၏ ကဗျာများကလည်း သူ့ကို နှလုံးလှဆရာဝန်၊ ပေးဆပ်သူအဖြစ် ချီးမွမ်းလျက် အသက်ရှည် အနာကင်းပါစေဟု ရေးဖွဲ့ထားကြပါသည်။
 
ဤကဗျာများကပေးသည့် နွေးထွေးမှုကပင် သူ့အတွက် ဆုလာဘ်များဖြစ်ပါသည်။သူ့အတွက် မည်မျှကြာရှည်နေရသည်ဆိုခြင်းထက် မည်သို့နေခဲ့သည်ဆိုခြင်းက လုံလောက်ပြီ။တစ်ခုတော့ ဝမ်းနည်းမိပါရဲ့။ ၂၂ ရာစုကို သူမြင်တွေ့ခွင့်ရတော့မည် မဟုတ်ပေ။သူအလာကောင်းခဲ့သည်။ အပြန်ကောင်းရန်သာ ကျန်လေပြီ။
 
(မှတ်ချက် ။          ။ အမြတ်တနိုး သိမ်းဆည်းထားသည့် ဆရာတင်မိုး ပုံတူပန်းချီကားကို ဆရာလေး တင်စံဦးအတွက် ပန်းချီ ယဉ်မင်းပိုက် ထုတ်ရောင်းခြင်းက ကျွန်မရင်ကို ထိခတ်သဖြင့် မေတ္တာစိမ့်စမ်းရေကို ရေးသားမိခြင်းဖြစ်ပါ သည်။သို့သော် ဖတ်ရှုသူများက ဆရာလေး တင်စံဦးအကြောင်း ဆက်ရေးပါ တောင်းဆိုလာကြပါသည်။ဆရာလေးက ရေးခွင့်ပြုစေကာမူ၊ ကျွန်မသည် ဆရာလေးနှင့် ထဲထဲဝင်ဝင် ခင်မင်ရင်းနှီးသူမဟုတ်၍၊ ဆရာလေးနှင့် ထဲထဲဝင်ဝင် ခင်မင်ရင်းနှီးသူများထံ ဆရာလေးအကြောင်းကိုမေးမြန်းရပါသည်။ဆရာလေးကိုလည်း မေးခွန်းများစွာ စာရွက်ဖြင့်ရေးပြီး မေးမြန်းရပါသည်။ဖြေပေးရန် တောင်းဆိုရပါသည်။ကျွန်မ၏မေးခွန်းများကို ဖြေကြားပေးသည့် ဆရာလေး တင်စံဦးနှင့် နှမဖြစ်သူ ဖြူဖြူစံ၊ မြသွေးရည်၊ ပန်းချီ ယဉ်မင်းပိုက်၊ ဆရာကြည်နိုင်၊ သန်းမြင့်အောင်တို့ကို အထူးကျေးဇူးတင်ပါသည်။အထူးသဖြင့် ဆရာလေးနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ပေးသည့် မြသွေးရည်အား အထူးကျေးဇူးတင်ပါသည်။မေတ္တာစိမ့်စမ်းရေ - ၁၄ တွင်၊ ကိုအောင်ကြင့် မွေးသက္ကရာဇ်နှင့် ကွယ်လွန်သည့်နေ့ များကို မှားယွင်းဖော်ပြမိပါသည်။ကိုအောင်ကြင်ကွယ်လွန်သည့်နေ့ ၂၀၁၄ အောက်တိုဘာ ၁၄ အစား၊ ၂၀၁၄ အောက်တိုဘာ ၃၀ ရက်ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်၊ တောင်းပန်ပါသည်။ကိုအောင်ကြင်၊ မြသွေးရည်နှင့် ဆရာလေးတို့ မွေးသက္ကရာဇ်တူသည်ဟု ရေးသားခဲ့ပါသည်။အမှန်တကယ် မွေးသက္ကရာဇ်တူသည်မှာ ဆရာလေးနှင့် မြသွေးရည်ဖြစ်ပြီး၊ ကိုအောင်ကြင်နှင့် မတူပါ။ထိုသို့ မှားယွင်းရေးသားခြင်း ၂ ချက်အတွက် စာဖတ်သူများအား တောင်းပန်အပ်ပါသည်။
 
ခင်နှင်းဦး