【 ဆောင်းပါး 】 မောရစ်ကောလစ် မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (၂)

【 ဆောင်းပါး 】 မောရစ်ကောလစ် မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (၂)

မောရစ်ကောလစ် မြန်မာပြည်ရောက်စဉ်က စစ်ကိုင်းခရိုင်တွင် စတင်အမှုထမ်းရသည်။ဤအလုပ်မှာ အဓိက ဝိတိုရိယဘုရင်မကြီးနှင့် ဗြိတိသျှနေမဝင်အင်ပါယာကြီး တည်တံ့ခိုင်မြဲရန်၊ အုပ်ချုပ်ရေးကောင်းမွန်ရန်ထက် မထကြွနိုင်အောင် ဖိနှိပ်ထားရန်၊ အခွန်များများရရန်၊ သယံဇာတများကို တိုးတက်ထုတ်လုပ်၍  ဝင်ငွေအမြောက်အများရရှိစေရန်သာရည်ရွယ်သည်။ကောလစ်ကတော့ သည်အလုပ်များမှာ မပျော်ပိုက်ဘဲ အချိန်တွေကုန်သည်ဟု ယူဆသူဖြစ်နေသည်။

နောက်အကြောင်းတရားတစ်ခုမှာ တိုင်းပြည်မငြိမ်သက်ခြင်းဖြစ်သည်၊လှိုင်းထန်ပိုးများထန်နေသည်၊ မြေငလျင်ကြီးလှုပ်သည်။မင်းလောင်း “ဗန္ဒက” ပေါ်သည်။အိန္ဒိယ ခေါင်းဆောင် “မဟတ္တမန္ဒီ” အဖမ်းခံရသည်။ “ဆရာစံ” သူပုန်ထကြွသည်။ကုလား-ဗမာ အဓိကရုဏ်းဖြစ်သည်။အဓိကရုဏ်းမှာ နောက်ခံလက်သည်လည်းရှိပုံရသည်။ ၁၉၃၀ မှာ ကမ္ဘာ့စီးပွားပျက်ကပ်ထဲရောက်နေသည်။ “ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ” သော ဗမာပြည်မှာ စပါးဝယ်သူမရှိဖြစ်နေသည်။ အခွန်တော်ကလည်း မလျှော့ပေါ့။ဘုရင်ခံက အင်္ဂလန်ကို ခွင့်နှင့်ပြန်၍ ယာယီဘုရင်ခံအဖြစ် ဗမာထဲက ဆာဂျေအေမောင်ကြီး အုပ်ချုပ်နေသည်။

ဆာဂျေအေက သာယာဝတီတွင် “ဒါဘာပွဲ - (ဘုရင်ခံနှင့် အမှုထမ်းများတွေ့ဆုံပွဲ) ၌ လယ်သမားအများ ဆင်းရဲဒုက္ခရောက်နေကြ၍ အခွန်လွတ်ခွင့် လျှော့ပေါ့ခွင့်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းရာ လျှော့ပေါ့မပေးနိုင်ဟု ဖြေသည်၊ အဲဒီမှာ ဆရာစံသူပုန်ကို ပို၍မီးထိုးပေးသလိုဖြစ်သွားသည်။ကုလား-ဗမာ အဓိကရုဏ်းလည်း ဖြစ်ပွားလာသည်။

ကုလား-ဗမာ အဓိကရုဏ်း အဓိကအချက်မှာ ဗမာတွေက သင်္ဘောကြီး ဆိပ်ကမ်းအတင်အချ ကူလီအလုပ်မှာ ဝင်မလုပ်ကြ၍ ကုလားခေါ်ရသည်။အခုလိုကျပ်တည်းနေသောအချိန်တွင် ဝင်လုပ်ချင်လာသည်။ထိုအချိန်တွင် ကုလားများက လခတိုးပေးရန် သပိတ်မှောက်သည်။ဆိပ်ကမ်းက လခတိုးမပေးဘဲ ဗမာအလုပ်သမားတွေခေါ်၍ လုပ်ကိုင်စေသည်။ကုလားတွေ အလုပ်ပြန်ဝင်မည်ဆိုတော့ ဗမာတွေကို အလုပ်မရှိဆို၍ အတင်းပြန်ခိုင်းရာ ခံပြင်းသွားကြသည်။ဗမာတွေက ကိုယ့်မင်းကိုယ့်ချင်းနှင့်နေခဲ့သော လူမျိုးဖြစ်သည်၊ ဘယ်သူ့မှအောက်မကြို့နိုင်၊ ကုလားတွေမှာ အငတ်ငတ်အပြတ်ပြတ်ရောက်လာကြပြီး လံချားဆွဲ ကူလီလုပ် အသက်မွေးသူများဖြစ်သည်။

နောက်ပြီး အတိတ်နိမိတ် တဘောင်တွေက ကုလားဖြူတွေ ကိုယ့်အိမ်ကိုယ်ပြန်ရမည့်ကိန်းလည်းရှိသည်။အမျိုးသမီးတစ်ယောက် အသတ်ခံရသော သတင်းထွက်လာသည်။ရိုက်နှက်ကြသောသတင်းက မြို့လုံးအနှံ့ ပြန့်သွားသည်။မြို့ပြင်ရပ်ကွက်တွေကနေ မြို့ထဲသို့ ဦးတည်ထွက်လာကြသည်။မောရစ်ကောလစ်တို့ ဆင်း၍ ထိန်းရသည်။ကုလားအများသေ၍ ၂၀၀ ခန့် ဒဏ်ရာရကြသည်။မောရစ်ကောလစ် ရန်ကုန်၊ ဒစ္စရိတ်တွင် ရင်ဆိုင်ရသည်မှာ ဆိုးရွားသည်၊ နစ်နာသူထိခိုက်သူတို့ကို လျှောကြေးပေးသင့်သည်ဟု သူကထင်သည်၊ ပေးလျှင်တောင် ဘယ်သူ့ပေးရမှန်းမသိ၊၊အဓိကရုဏ်းမှာ မရေမရာဖြင့် အဆုံးသတ်သွားသည်။ဘယ်သူ့ဘက်က ဘယ်လောက်သေ ဘယ်လောက်ပျောက်မသိ၊ အဓိကရုဏ်းဖြစ်စက ကုလား ၁၆ ယောက် ပျောက်နေသည်ဟု ပြောကြသည့်တိုင် ပြန်တွေ့သလားမသိနိုင်၊ ဆိုင်ရာ လူနေထိုင်ခွင့် အထောက်အထားမပြနိုင်၍ ထပ်မတိုင်ကြခြင်း ဖြစ်ပုံရသည်။

ဗမာတွေ နောက်တစ်ရက်မှာ တမြို့လုံးလှည့်၍ စိန်ခေါ်နေသည်။ကုလားတွေ အတော်နှင့်အလုပ်မဝင်ရဲကြ။သင်္ဘောကြီးကုန်အတင်အချဂိုဏ်းက အလုပ်သမားမရှိလို့မဖြစ်၊ ကုလားကိုသြဇာညောင်းသူရှာရသည်။ထိုသူက ဘင်္ဂလားကနေ စောင်ချိုင်းကြားညှပ်၍ ပိုက်ဆံ ၅ မူးနှင့်ရောက်လာပြီး သန်းချီချမ်းသာနေသော မစ္စတာခန်းဖြစ်သည်။ကုလား ၇၀၀၀ ကျော်ကို အလုပ်ပြန်ဆင်းအောင် သူကပဲလုပ်နိုင်သည်။တစ်ခုကပြီးမည်မကြံရသေး နောက်တစ်မှုကလာသည်။သည်အမှုတွင် အင်္ဂလိပ်အသိုင်းအဝိုင်းက သူ့ကိုမုန်းတီးသွားကြသည်။

သူ့ကို စိတ်ညစ်ညူးအောင်လုပ်နိုင်သူမှာ ကင်မရွန်းတပ်မှ အင်္ဂလိပ်စစ်ဗိုလ်ကလေး “ဖေါ်စတက်ကျု” ဖြစ်သည်။ဗိုလ်ကလေးသည် “ဂျင်မခါနာကလပ်” မှ ကားမောင်း၍ပြန်လာသည်။မီးပွိုင့်တွင် မီးနီနေပါလျက် အရှိန်ပြင်းစွာ ဖြတ်မောင်းသည်။တစ်ဘက်ယာဉ်ကြောမှလာသော ကားမောင်းသူ တရုတ်နှင့် အဒေါ်၊အမ လူသုံးယောက်ပါ ကားကိုဝင်တိုက်၍ ပေ ၆၀ ခန့် လွင့်ထွက်သွားသည်။ပုဒ်မ ၃၃၈ ထိခိုက်နာကျင်စေမှု ထောင်ဒဏ် ၂ နှစ် ဒဏ်ငွေ ၁၀,၀၀၀/ ထောင်ဒဏ်ငွေဒဏ် နှစ်ခုလုံးချ၍လည်းရသည်။အင်္ဂလိပ်စစ်ဗိုလ်ဖြစ်၍ ညှာတာမည် ထင်ကြသည်။ကားမောင်းချိန်တွင် မူးနေသည်မှာလည်း မှန်သည်။တစ်ဘက်က အတော်ပြင်းထန်စွာခံရသည်။ဗိုလ်လေးဘက်မှ နာမည်ကြီးရှေ့နေ “မက္ကဒေါ်နာ” ကို ငှားသည်။အင်္ဂလိပ်တစ်ယောက် အပြစ်ချခံရလျှင် အင်္ဂလိပ်အသိုင်းအဝိုင်းတစ်ခုလုံး ညှိုးငယ်စရာဖြစ်၍ ခေါင်းမဖော်ရဲအောင်လည်းဖြစ်သွားမှာစိုးသည်။

ဗိုလ်ကလေးဘက်က ဝိုင်းဝန်းကူညီလာကြသည်။ကလပ်မှာ မကြားတကြားပြောသူရှိသလို ပေါ်ပေါ်ထင်ထင်ပြောသူလည်းရှိသည်၊ အခြေအနေက ဗိုလ်ကလေးနှင့် တစ်ဘက်တရားလိုတို့ဖြစ်သည် မဟုတ်တော့ဘဲ သူသည်အင်္ဂလိပ်အသိုင်းအဝိုင်းတစ်ခုလုံးနှင့် ရင်ဆိုင်ရသလိုဖြစ်သွားသည်။သူ့ကိုမယုံကြည်နိုင်သဖြင့် ရုံးပြောင်းလျှောက်သည်ဟုလည်း ကြားသည်။

ပုလိပ်ရာဇဝတ်က တင်လာသော အမှုဖြစ်၍ ဖြစ်စဉ်ကမှန်သည်၊ သတင်းစာတွေကလည်းရေးနေကြသည်။ လူသိရှင်ကြား စိတ်ဝင်စားနေသော အမှုလည်းဖြစ်သည်။ အများပြည်သူကို ထောက်ထားရန်လည်းရှိသည်။ ကားနှင့်တိုက်သူမှာ မြန်မာအရာရှိဖြစ်၍ အတိုက်ခံရသူမှာ အင်္ဂလိပ်မိသားစုဖြစ်ခဲ့သော်မည်သို့ စဉ်းစားမည်နည်း။အင်္ဂလိပ်လူမျိုးတို့ ဥပဒေဆိုသည်မှာ ဒီလိုလားဟုဆိုလျှင် အကုန်လုံး သိက္ခာမကျစေဘူးလော။သို့ဖြင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်သည်။တကယ်ဆို ငွေဒဏ်လောက်သာပေးသင့်ကြောင်း ပြောကြသည်။သူ့ကို တရားစီရင်ရာ မလိမ္မာသဖြင့် နယ်ပြောင်းခံရတော့မည်ဟု ပြောကြသည်။အင်္ဂလိပ်အဖွဲ့အစည်းတွေကလည်း ဘေးတီးကြသည်။သူ့ကို ယစ်မျိုးမင်းကြီးခန့်၍ ကန်တင်လိုက်သည် ခေတ္တဘုရင်ခံ ဆာမောင်ကြီးနှင့် တွေ့ရာတွင် အပြစ်ပေးတာကို မကြိုက်တာပါလားဟု မေးသည်။ဘုရင်ခံက အပြစ်ပေးပုံကို ကန့်ကွက်ခြင်းဖြစ်သည်ဟု ပြောသည်။သို့နှင့် ယစ်မျိုးမင်းကြီးအဖြစ် နယ်ပြောင်းခံလိုက်ရသည်။သတင်းစာများတွင်တော့ ရောင်းကောင်းအောင် နှစ်ဘက်အမြင်ကို အကျယ်တဝင့် ရေးနေကြ၏။

မောရစ်ကောလစ်ဘဝတွင် ဤသို့ နှစ်ဘက်မလွတ်သော အမှုအခင်းများကိုပဲ ကြုံကြိုက်သည်ဟု ပြောရမည်။မြန်မာပြည်တွင် အခြေအနေကြီးက လှိုင်းထန်ပိုးတွေ ထကြွနေသည်။မြန်မာတွေက အတိတ်နိမိတ်အရ ကုလားဖြူတွေ မုချ သူတို့အိမ်ကိုပြန်ပြေးရတော့မည်ဟု ယုံကြည်ထားကြသည်။ယခု ၁၉၃၀ မှ ၁၅ နှစ်မျှအကြာမှာ ၁၈၄၅ တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည်။ “အင်္ဂလိပ်အခက် ဗမာ့အချက်” ကြွေးကြော်သံများ ကြားလာရသည်။ဗမာတွေ နိုးကြားလာကြသည်မှာ မယုံစရာမရှိ။သူတရားစီရင်နေရသောကာလမှာပဲ အိန္ဒိယကွန်ဂရက် ခေါင်းဆောင်တစ်ဦးဖြစ်သော" ဆင်းဂုပ္ပတားအမှုကို"စစ်ဆေးခဲ့ရပြန်ပါသည်။

လင်းထင်