【 ဆောင်းပါး 】 မြို့ပြလူနေထူထပ်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းသည့်အခါ

【 ဆောင်းပါး 】 မြို့ပြလူနေထူထပ်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းသည့်အခါ

ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ပြများတွင် လူဦးရေထူထပ်များပြားလာမှုအပါအဝင် မြို့ပြ၏ ပုံစံစနစ်များ ပြုပြင်ပြောင်းလဲရေးအတွက် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်မည့် အစီအမံများကိုလည်း ချမှတ်ကာ လုပ်ဆောင်လာကြသည်။

မြန်မာနိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ လူနေထူထပ် သိပ်သည်းလာသလို နေထိုင်သွားလာမှု စနစ်များကြား၌ ယာဉ်ကြောပိတ်ဆို့သည့် အခြေအနေများကြုံလာကာ စီမံကိန်းများရေးဆွဲ၍ ဖြေရှင်းနေရသည်အထိ နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်လာခဲ့ကြသည်။

အများစုလုပ်ဆောင်ကြသည့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းသော နည်းလမ်းများတွင် ယာဉ်လမ်းကြောစနစ်များ ကောင်းမွန်ရန် သွားလာမှုလွယ်ကူစေရေးအတွက် အဟန့်အတားဖြစ်နိုင်သည့် အခြေအနေများအပေါ် အဓိကထားကာ ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ရေးဆွဲလုပ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ မြို့အများအပြားမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေးအတွက် နည်းလမ်းအသီးသီးဖြင့် လုပ်ဆောင်ခဲ့ကြသည်။ကမ္ဘာ့နိုင်ငံများအနက်တွင် စင်ကာပူနိုင်ငံမှ လုပ်ဆောင်နေသည့် နည်းလမ်းများမှာလည်း မြို့ပြသယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုကဏ္ဍအတွက် အထောက်အကူပြုသလို အခြားသောနိုင်ငံများမှ လေ့လာရခြင်းများလည်းရှိသည်။ထိုသို့သော ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး စီမံဆောင်ရွက်သည့် စနစ်များတွင် နာမည်ကောင်းရသည့် ကမ္ဘာပေါ်မှ နိုင်ငံများအနက်တွင် ယင်းနိုင်ငံအပြင် နယ်သာလန်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဂျာမနီ၊ ဂျပန်တို့ကလည်း နာမည်ကောင်းရခဲ့ကြသည်။

အဓိကအားဖြင့် လုပ်ဆောင်နေသည့် သယ်ယူပို့ဆောင်ရေးစနစ်များကြားတွင် ထိရောက်သည့် စီမံခန့်ခွဲမှုနည်းလမ်းများကြောင့်လည်း ယခုလို နာမည်ကောင်းရသော အခြေအနေကို ကြုံရခြင်းလည်းဖြစ်သည်။မြို့ပြဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အများအပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဆက်စပ်နေပြီး ယင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး အစီအမံများကလည်း အပြန်အလှန်ယှက်နွယ်၍နေလျက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုမှာ ပြဿနာတစ်ရပ်သဖွယ်အထိပင် ကြုံခဲ့ရသည်။ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင် အချိန်ကြာမြင့်စွာကုန်ဆုံးခဲ့ပြီး စီးပွားရေးအခွင့်အလမ်းများလည်း နှောင့်နှေးကြန့်ကြာကာ နေ့စဉ်နှင့်အမျှ ကြုံခဲ့ရခြင်းဖြစ်သည်။ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ဆွေးနွေးကြကာ ထိုပြဿနာရပ်များကို ဖြေရှင်းသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လာခဲ့ကြသည်။

ယာဉ်လမ်းကြောများ ကောင်းမွန်ရေးအတွက် လုပ်ဆောင်မှုများအတွက် လမ်း၊ တံတားများ တိုးချဲ့ခြင်း၊ ခုံးကျော်တံတားများ တည်ဆောက်ခြင်းသာမကဘဲ မြို့ပြသယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုတွင် အများပြည်သူသုံးယာဉ်စနစ်များ အားကောင်းစေရန် ပြောင်းလဲလုပ်ဆောင်ခြင်းတို့ဖြင့် လုပ်ဆောင်လာခဲ့ကြသည်။ဆက်လက်၍လည်း ကားနှင့် ရထား ချိတ်ဆက်မှု၊ ကားနှင့် ရေကြောင်းခရီး ချိတ်ဆက်မှု အစရှိသည့် အစီအစဉ်များကိုပါ လုပ်ဆောင်နေဆဲဖြစ်ပြီး နှစ်ထပ်လမ်းစီမံကိန်းများနှင့် မိုးပျံလမ်းစီမံကိန်းများကို လျာထားလျက်ရှိသည့် အခြေအနေများလည်းရှိသည်။ထိုသို့လုပ်ဆောင်သည့် စီမံကိန်းများတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကောင်းမွန်သော စနစ်မျိုးဖြင့် နာမည်ရသည့် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် လုပ်ဆောင်ခြင်းများရှိသလို အိမ်နီးချင်း တရုတ်နိုင်ငံ၏ ကူညီမှုများဖြင့်လည်း စီမံကိန်းများကို ဆောင်ရွက်နေလျက်ရှိသည်။

လက်ရှိတွင်လည်း ရန်ကုန်-သန်လျင် အမှတ် (၃) တံတားတည်ဆောက်မှု စီမံကိန်းမှာလည်း တရုတ်၏ ပံ့ပိုးကူညီမှုများစွာဖြင့် ပီပီပြင်ပြင် အကောင်အထည်ဖော်နေလျက်ရှိရာ ရာခိုင်နှုန်းအများအပြား ပြီးစီးလုအခြေအနေပင်ဖြစ်သည်။ထို့အတူ လမ်းမီးများအဖြစ် အသုံးပြုသည့် LED လျှပ်စစ်ပစ္စည်းများ၊ ယာဉ်လမ်းကြောကောင်းမွန်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုသည့် မီးပွိုင့်မီးသီးများ၊ အချက်ပြမီးများစွာအပြင် လမ်းညွှန်ဆိုင်းဘုတ်များနှင့် ရောင်ပြန်ပစ္စည်းများစွာတို့ကလည်း တရုတ်နိုင်ငံမှ တင်သွင်းထားသည့် ပစ္စည်းများ အများဆုံးဖြစ်ကြသည်။

ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများသာမက မလိုလားအပ်သော ဒုစရိတ်မှုများအတွက်ကိုလည်း ဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်မည့် Traffic Control စင်တာကိုလည်း ရန်ကုန်မြို့တွင် လုပ်ဆောင်နေလျက်ရှိရာ တရုတ်၏ ပံ့ပိုးမှုများလည်းပါဝင်သလို အများပြည်သူသုံးပို့ဆောင်ရေးစနစ်များတွင်လည်း တရုတ်မှ ထုတ်လုပ်သည့် ယာဉ်များလည်း များစွာပါဝင်နေလျက်ရှိသည်။

တရုတ်နိုင်ငံသည်လည်း ယင်းနိုင်ငံအတွင်း ယာဉ်သွားလာမှုစီမံခန့်ခွဲရေးစနစ်တွင် အမျိုးမျိုးသော ခေတ်မီနည်းလမ်းများဖြင့် အသုံးပြု လုပ်ဆောင်နေလျက်ရှိသည်။မြို့အများအပြားတွင် ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများကို စောင့်ကြည့်ရန်နှင့် ယာဉ်စည်းကမ်းများကို လိုက်နာရန် ကျယ်ပြန့်သော ထောက်လှမ်းရေးကင်မရာများကို အသုံးပြုလျက်ရှိသည်။မီးပွိုင့်များနှင့် အချက်ပြစနစ်များကို လုပ်ဆောင်ရာတွင် အဆင့်မြင့်သောနည်းစနစ်နှင့် ပစ္စည်းများကို အသုံးပြုကာ လုပ်ဆောင်နေလျက်ရှိသည်။

ထိုသို့လုပ်ဆောင်နေသည့် ကောင်းမွန်သော အစီအမံများတွင် ယာဉ်အသွားအလာအချက်ပြ ထိန်းချုပ်မှု၊ လမ်းကွန်ရက်စီစဉ်မှု၊ အများသူငှာ သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်စေအောင် လုပ်ဆောင်မှု၊ အသိဉာဏ်ရှိသော သယ်ယူပို့ဆောင်ရေးစနစ်များ (ITS) နှင့် ယာဉ်စည်းကမ်းများကို တင်းကျပ်စွာ ပြဋ္ဌာန်းခြင်း စသည့် အစီအမံများဖြင့် လုပ်ဆောင်နေလျက်ရှိသည်။

ထိုလုပ်ဆောင်သော ယာဉ်သွားလာမှု စီမံခန့်ခွဲသော စနစ်တွင် မတူညီသော မြို့ပြများအတွင်း လုပ်ဆောင်သော နည်းလမ်းများ အနည်းငယ်ကွဲပြားခြားနားမှုရှိသော်လည်း ထိရောက်သည့် စီမံခန့်ခွဲမှုအခြေအနေကို လုပ်ဆောင်ပေးနိုင်ခဲ့သည်။ထိုစီမံခန့်ခွဲမှုစနစ်များတွင် ယာဉ်လမ်းကြောင်းဆိုင်ရာ ဖြေရှင်းချက်များဖြင့် အချိန်နှင့်တစ်ပြေးညီ အခြေအနေ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်သော စီမံခန့်ခွဲမှုအတွက် နည်းပညာဖြင့် ပေါင်းစပ်လုပ်ဆောင်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အခြေခံစနစ်များ ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေပြီး ကိုယ်ပိုင်ယာဉ်များအပေါ် မှီခိုမှုလျှော့ချ၍ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်များအပေါ် ပိုမိုသုံးစွဲလာစေခြင်း၊ တင်းကျပ်သော ယာဉ်စည်းကမ်း လမ်းစည်းကမ်းများဖြင့် မှန်ကန်သောမူဝါဒ အုပ်ချုပ်ဆောင်ရွက်မှုများကြောင့်လည်း ကောင်းမွန်ကာ စနစ်ကျသည့် သွားလာမှုစနစ်မျိုးဖြစ်စေသလို လမ်းပန်းဆက်သွယ်မှုဆိုင်ရာ အဆင်ပြေချောမွေ့စေခဲ့သည်။

မကြာခင်ကာလ၌လည်း မြို့ပြတွင်နေထိုင်သူများ တိုးပွားလာခြင်းနှင့် လူဦးရေတိုးပွားလာမှုများ ကြုံလာသလို နေထိုင်ရာ အခြေခံအဆောက်အအုံများလည်း တိုးချဲ့တည်ဆောက်မှုများရှိလာပြီး မြို့ပြသွားလာမှုစနစ်များအတွင်း စီမံခန့်ခွဲမှုမှာ အရေးပါနေလျက်ရှိသည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် ခေတ်မီတိုးတက်ကာ ကမ္ဘာ့ထိပ်တန်းအဖြစ် ရောက်နေသည့် နိုင်ငံကြီးတစ်ခု၏ မြို့ပြဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို လေ့လာအတုယူရင်း မိမိနိုင်ငံနှင့် လျော်ညီသည့် အခြေအနေများကို လုပ်ဆောင်ကာ နည်းဗျူဟာများ ရေးဆွဲခြင်းဖြင့် အနာဂတ်ကာလတွင် မြို့ပြဒေသများဖွံ့ဖြိုးလာမှုနှင့်အတူ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် များစွာအထောက်အပံ့ကောင်းများ ဖြစ်လာစေမည်ကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်