【 ဆောင်းပါး 】 မှန်ကန်သော ပေါင်းသင်းဆက်ဆံရေး

【 ဆောင်းပါး 】 မှန်ကန်သော ပေါင်းသင်းဆက်ဆံရေး

တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေးက ဘာတွေက ပိုအရေးကြီးသလဲဆိုတာ သိဖို့လိုသည့် အကြောင်းတရားတစ်ရပ်ဖြစ်သည်။

ငွေလား၊ စိတ်ရင်းဖြင့်ပြောလို့ရသည့် လူလား၊ ကောင်းသောအကြံဉာဏ်ပေးနိုင်သည့် လူလား၊ အခက်အခဲတွေ့ချိန်တွင် ကူညီပေးခဲ့သည့် လူလား ဆိုသည်မှာ တစ်ယောက်နှင့် တစ်ယောက် ရွေးချယ်မှုနှင့် ဖြစ်နေမှုအရ မတူညီနိုင်ပေ။ယခု ကျနော့်အသက် ၅၀ ကျော်ပြီ။ထိုကာလအတွင်း သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များစွာကို ခင်မင်ပေါင်းသင်းခဲ့သည်။နှစ် ၅၀ ကျော်အတွင်းဆိုသည်မှာ မနည်းလှ။ယခုအချိန် ကျနော့်မှာ ရင်းရင်းနှီးနှီးပေါင်းလို့ရသည့် သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ ရှိလှ လက်ဆယ်ချောင်းတောင် မပြည့်။ကိုယ့်ဘက်က တချို့ကိစ္စတွေမှာ မကောင်းတာကြောင့် ကိုယ်ခင်သော်လည်း ကိုယ့်ကိုမခင်လို့ ဖြတ်သွားသည့် သူငယ်ချင်းတွေရှိသလို ကိုယ်မကြိုက်လို့ ဆက်ဆံရေးအေးစက်ကာ ခွာမှန်းမသိ ခွာခဲ့သည့် သူငယ်ချင်းတွေလည်း မနည်းလှ။ဒီတော့ ပေါင်းသင်းဆက်ဆံရေးဆိုသည်မှာ သဲတစ်ဆုပ် လက်ပေါ်တင်ပြီး လေထဲဖြန့်သလို ကျန်လှ တစ်ပွင့် နှစ်ပွင့်ဆိုသလို ဖြစ်လေသည်။

ပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် ကျနော်အရမ်းသဘောကျသည့် ကာတွန်းတစ်ခုရှိသည်။ထိုကာတွန်းမှာ လူတစ်ယောက်က အဆင်ပြေနေချိန်မှာ နောက်တစ်ယောက်ကိုပြောသည့် စကားနှင့် ပြန်ပြောကြသည့် အချီအချစကားဖြစ်သည်။

အဆင်ပြေနေသည့်သူက “ငါဒုက္ခရောက်နေချိန်မှာ ဘယ်သူက ငါ့ကူညီခဲ့သလဲ” လို့ မေးခဲ့တာဖြစ်ပြီး ပြန်ဖြေသည့်သူက “ငါ မင်းပို့စ်အောက်မှာ ဖိုက်တင်းလို့ အရင်ဆုံးရေးခဲ့တယ်” ဆိုသည့် တစ်ကွက်ကာတွန်းဖြစ်သည်။

ကာတွန်းစာသားလွဲနိုင်ပြီး ဘယ်သူဆိုတာ သိပ်မမှတ်မိတော့လို့  ဘယ်ကာတွန်းဆရာဆိုတာ မပြောနိုင်သော်လည်း ထိုကာတွန်းကို မကြာခဏတွေ့ရသဖြင့် လူအတော်များများ သိကြမည်ဖြစ်သည်။

ကျနော်တို့ပေါင်းသင်းဆက်ဆံရေးမှာ ခင်လိုမင်လို့ ပေါင်းသင်းတာထက် တစ်ချိန်ချိန်မှာ အကူအညီရလိုရငြား ပေါင်းသင်းကြသည့် ပေါင်းသင်းမှုက ပိုများကြသည်။ကိုယ်လိုချင်သည့်အချိန် လိုချင်သည့်အကူအညီ မရသည့်အခါ သူငယ်ချင်းအချင်း မခေါ်နိုင်မပြောနိုင် ပြတ်ကြသည်။ဒီတော့ ကျနော့်ဘကြီးပြောသည့် စကားကို သွားသတိရသည်။ဘကြီးက သူ့သား မကြခဏ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ကြ၊ နောက် သူငယ်ချင်းအသစ်တွေ မကြာခဏအိမ်ကိုခေါ်ခေါ်လာတော့ သူ့သားကို “မင်းသူငယ်ချင်းပေါင်းတာကလည်း ခိုင်းဖို့ ပေါင်းတာကျနေတာပဲ။မင်းလိုချင်တာ မလုပ်ပေးရင် မပေါင်းတာနဲ့။ဒီလိုအချိုးနဲ့ဆို မင်းအသက်ကြီးလာရင် မင်းနား တစ်ယောက်မှ ပေါင်းစရာတောင်ရှိမှာ မဟုတ်ဘူး” လို့ ပြောခဲ့သည်။

ပေါင်းသင်းဆက်ဆံရေးတွင် သူသာသည့်အခါရှိသလို ကိုယ်သာသည့်အခါလည်းရှိသည်။အမြဲတစေတော့ အသာရလိုနေလို့မဖြစ်။ထိုသည်က စစ်မှန်သော ပေါင်းသင်းဆက်ဆံရေးကို ရလိုသူများ အနည်းဆုံးထားရမည့် စိတ်ထားဖြစ်သည်။ကျနော့်ဘဝတစ်လျှောက် ထိုသို့စိတ်ကို မထားနိုင်သဖြင့် တန်ဖိုးရှိသော သူငယ်ချင်းများကို စွန့်လွှတ်ခဲ့ရခြင်းရှိသလို ကိုယ်က အဲဒီလိုစိတ်ထားပါသော်လည်း အမြဲတမ်းအသာရလိုသောသူများကြောင့် ခွာခဲ့ရသော သူငယ်ချင်းများလည်းရှိပေသည်။

ဆောင်းပါးအစတွင် ဖော်ပြခဲ့သလို ကိုယ်တန်ဖိုးထားပေါင်းချင်သည့် သူငယ်ချင်းအပေါင်းအသင်းမျိုးဆိုသည်မှာ ကိုယ်လိုနေသည့်အချိန် ကူညီတတ်သည့် လူမျိုးကိုသာဆိုလျှင် ကျနော်တို့သည် ကိုယ့်အတွက် အထောက်အကူရရုံသာပေါင်းသည့်လူမျိုးဖြစ်နေမည် ဖြစ်သည်။

ကျနော် စာသင်သည့်ကာလတစ်လျှောက် အပေါင်းအသင်းမျိုးစုံကို ပေါင်းခဲ့ရပြီး တချို့အပေါင်းအသင်းတွေက အစပိုင်းတွင် ပေါင်းရသင်းရခက်သော်လည်း နောက်ပိုင်းတွင် အဆင်ပြေလာသည်ရှိသလို အစပိုင်းကောင်းပြီး နောက်ပိုင်းဆိုးလာသူတွေလည်း ရှိပေသည်။

ယခုထိပေါင်းနေသည့်သူတွေမှာ တကယ်ပြောရလျှင် ပေးပြီးပေါင်းတတ်သည့်သူတွေကများသည်။ပေးပြီးပေါင်းသည်ဆိုသည်မှာ အချိန်ပေးခြင်း၊ စိတ်အထောက်အပံ့ပေးခြင်း၊ လက်ဖြင့်မထောက်ပံ့နိုင်လျှင်တောင် နှုတ်ဖြင့်ဆောင်မကူညီတတ်သူတွေကများသည်။ကျနော့်ဘက်မှကြည့်ပါက ထိုသူများမှာ နည်းပါးလှသည့် ပေါင်းသင်းရသော တန်ဖိုးရှိသည့် မိတ်ဆွေအနည်းငယ်ဟု ဆိုနိုင်သော်လည်း  ထိုသူများဘက်မှကြည့်ပါက သူ့နားတွင်ရှိသော မိတ်ဆွေများထဲမှ ကျနော်က တစ်ယောက်သာဖြစ်သည်။

စကားအနည်းငယ်ရှုပ်သွားမည် ထင်သည်။ကျနော်ပြောလိုသည်က ထိုသူများမှာ သူ၏စိတ်ရင်းအတိုင်း လူတွေကို ကူညီတတ်သောသဘောကြောင့် မိတ်ဆွေအပေါင်းအသင်းမရှားသောကြောင့် ဘယ်သူမဆို ပေါင်းသင်းချင်ကြသည့် လူများဖြစ်ပြီး ကျနော်တို့အတွက်မူ အသာရလိုသည့် မကောင်းသည့် စိတ်ရင်းကြောင့် ထိုသို့မိတ်ဆွေတစ်ယောက်သာ ရှိနေတတ်ခြင်းမျိုးဖြစ်သည်။

အသက်အရွယ်ကြောင့်နှင့် သုံးနှစ်ကြာ ကိုဗစ်နှင့် ကိုစစ်ဆိုသော ကပ်ဘေးကြောင့် တစ်ဦးတည်းနေလာရသည့်အခါ အပေါင်းအသင်းများခြင်း၏ တန်ဖိုးကို သိလာသလို  မိတ်ကောင်းဆွေကောင်းဆိုတာကိုလည်း သဲသဲကွဲကွဲ သိလာခဲ့သည်။

သုံးနှစ်တာကာလအတွင်း ဘယ်ကိုမှလည်း သွားလို့မရ၊ ကိုဗစ်ကြောင့် ကိုယ်နဲ့အသက်အရွယ်တန်းတွေ တဖြုတ်ဖြုတ်သေတာတွေ၊ မသေသော်လည်း ပြန်တွေ့ဖို့ မသေချာသည့် အသိမိတ်ဆွေဟောင်းတွေကြောင့် ညတိုင်းညတိုင်း အရင်က သူတို့နဲ့အကြောင်းတွေကို ပြန်ပြန်တွေးမိတာတွေရှိခဲ့သည်။ထိုထဲ အများဆုံးက အကြောင်းကိစ္စတစ်ခုခုကြောင့်  အခင်အမင်ပြတ်ခဲ့သည့် အသိမိတ်ဆွေများအကြောင်းပဲဖြစ်ပြီး ထူးသည်က ဘာတွေ ကိုယ့်ဘက်က မှားခဲ့သလဲဆိုတာကို ပြန်တွေးမိခြင်းပဲဖြစ်သည်။ယခင်ကတော့ အချိန်အားလဲမရှိသလို တွေးမိသည့်အခါလည်း သူတို့ ကိုယ့်အပေါ် ဘယ်လိုလုပ်သွားလဲဆိုသည့် ကိုယ့်ဘက်ကမြင်သည့်ဘက်ကနေ တွေးခြင်းဖြစ်သည်။ယခုတော့ ကိုယ့်ကို သူတို့ဘက်က ဘယ်လိုမြင်လဲဆိုတာကို ကျနော်တွေးမိတတ်လာခြင်းဖြစ်သည်။

မျှတပြီး တန်ဖိုးရှိသည့် ဆက်ဆံရေးနှင့် တန်ဖိုးထားသည့် ပေါင်းသင်းဆက်ဆံရေးကို အသက်အရွယ်ရလာသည့်အခါ ကျနော်တို့ လိုချင်လာတတ်ကြသည်။အတ္တကြီးခြင်း၊ တစ်ယူသန်ခြင်းနှင့် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုးနှင့် ငါမှငါဖြစ်ခဲ့ခြင်းများကြောင့် တချို့လူတွေ အိုမင်းလာချိန်မှာ အပေါင်းအဖော်မဲ့စွာနေရခြင်း တစ်ယောက်တည်း အထီးကျန်စွာနေရခြင်းကို တွေ့ရသည်။တချို့ကတော့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် မဆိုင်ဘဲ လူတိုင်းကို နားလည်ခံစားပေးနိုင်ပြီး မျှတစွာပေါင်းသင်းခြင်း၊ တန်ဖိုးထားခြင်းများကြောင့် အိုမင်းလာသော်လည်း လူတွေက တန်ဖိုးထားကြသဖြင့် အပေါင်းအဖော်များနေဆဲ၊ တန်ဖိုးထားခံနေရဆဲဖြစ်သည်။

ပေါင်းသင်းဆက်ဆံရေးတွင် အရေးကြီးသည်က သူသာခြင်း၊ ငါနာခြင်းထက် မျှတသည့်စိတ်ကိုထားဖို့ လိုခြင်းသာဖြစ်သည်။နောက်တစ်ခုက ကိုယ်က ဘာကူညီပေးနိုင်မလဲဆိုသည့်စိတ်ကို ထားနိုင်ဖို့လည်း လိုသည်။အထက်ပါအချက်များအပြင် ပြဿနာဖြစ်လာတိုင်း သူ့ဘက်က စိတ်ခံစားချက်ကို ထည့်တွေးဖို့လိုသလို သူ့ဘက်က အခက်အခဲနှင့်  ကိုယ့်ဘက်က သူ့အပေါ် ဘာတွေအားနည်းခဲ့သလဲဆိုတာ တွေးဖို့လိုသည်။ဘယ်လိုကိစ္စတွေမှာ ငါဘာတွေ အတ္တကြီးပြီး တစ်ယူသန်ခဲ့သလဲ၊ ဘယ်လိုအကြောင်းအရာတွေမှာ အသေးအဖွဲကိစ္စလေးနှင့် ငါဘာလို့ သူ့ကို နားလည်မပေးနိုင်ခဲ့တာလဲဆိုတာကို ဖြည့်တွေးပေးကြလျှင် ရေရှည်တန်ဖိုးရှိသည့် ပေါင်းသင်းဆက်ဆံရေးတွင် တန်ဖိုးရှိသည့် သူငယ်ချင်းကောင်းများ မိတ်ဆွေကောင်းများကို ကျနော်တို့ဘဝအချိုးအကွေ့များတွင် တွေ့နိုင်မည်ဖြစ်သလို မဆုံးရှုံးမှာလည်း ဖြစ်လေသည်။

မောင်ဦးလွင်