【 ဆောင်းပါး 】 လမ်းပေါ်မှာ …… မြင်ကွင်းများစွာ ကြေကွဲစရာ

【 ဆောင်းပါး 】 လမ်းပေါ်မှာ …… မြင်ကွင်းများစွာ ကြေကွဲစရာ

မနက်ဆို ကျနော်လမ်းလျှောက်လေ့ရှိသည်။တစ်ခါတရံ မိုးရွာသည့်အခါ၊ ဒါမှမဟုတ် အကြောင်းကိစ္စပေါ်သည့်အခါ လမ်းမလျှောက်ဖြစ်။ထိုသို့သောနေ့များတွင် လမ်းမလျှောက်ရလို့ တစ်ခုခုလိုနေသလို ဖြစ်တတ်သည်။ထိုအခါ လဘက်ရည်ဆိုင်သွားလိုက်ခြင်းဖြင့် စောစောက လိုနေသည့် စိတ်အာသာကို ရသလိုဖြစ်သည်။

ကျနော်မှာ နဂိုကတည်းက စာလိုက်သင်သော ကျူရှင်ဆရာဖြစ်လေတော့ လဘက်ရည်ဆိုင်ဆိုသည်မှာ ကျူရှင်ဆရာနှင့် မိတ်ဖက်ဖြစ်သည်။တစ်ရက်တောင် ကင်းကွာလှသည် မဟုတ်။ပြောရလျှင် လဘက်ရည်ဆိုင်ဆိုတာ ကျောင်းဆရာတွေ ကျူရှင်ဆရာတွေအတွက် စာသင်ခန်းပြီးလျှင် ဒုတိယနေရတာ အများဆုံးနေရာ။

လဘက်ရည်ဆိုင်ထိုင်ရတာ ဘာကြောင့် နှစ်ခြိုက်သလဲဟု လဘက်ရည်ဆိုင် ထိုင်လေ့ထိုင်ထမရှိသူ မိတ်ဆွေတစ်ဦးက မေးဖူးသည်။ဒီလိုမေးတော့ ကျနော်ဘယ်လိုဖြေရမှန်းမသိ။ထိုင်လို့ကောင်းလို့ ထိုင်တာဖြစ်ပြီး ဘာလို့ထိုင်လို့ကောင်းသလဲဆိုတာ ကျနော်မဖြေတတ်။စဉ်းစားမိတာတစ်ခုက အစောပိုင်းကပြောခဲ့သည့် လမ်းလျှောက်ခြင်းလိုမျိုး ဖြစ်နိုင်သည်။တကယ်က လမ်းလျှောက်ခြင်းသည်လည်း လဘက်ရည်ဆိုင်ကနေ လူတွေ ဖြတ်သွားဖြတ်လာများနှင့် အဖြစ်အပျက်တွေကိုကြည့်ပြီး ငေးမောရသလို အရသာမျိုးရှိနေလို့ ဖြစ်နိုင်သည်။လမ်းလျှောက်ရခြင်းနှင့် ထိုင်ရတာသာ ကွာမည်။လူတွေကို ကြည့်ရတာခြင်းကအတူတူဟု ကျနော်ထင်သည်။

လဘက်ရည်ဆိုင်ကျတော့ လဘက်ရည်ကျကျတစ်ခွက်ကို တစ်ကျိုက်လောက်သောက်ပြီး တွေးချင်တာတွေး ငေးချင်တာငေး။ဒါကို ကျနော်ပိုသဘောကျသည်။မိုးရွာသည့်အခါ အသိတွေနှင့် စကားပြောရတာ၊ နွေရာသီ နေ့လယ်ဘက်ဆို လူရှင်းတဲ့ဆိုင်မှာ သတင်းစာလေးဖတ်ပြီး ဆေးလိပ်ဖွာရတာ ကျနော်ကြိုက်သည်။

ပြောရမည်ဆိုလျှင် လဘက်ရည်ဆိုင်ထိုင်တာ ရုပ်ရှင်ကို ရှေ့ဆုံးတန်းက ကြည့်သလို။ဆိုင်ရှေ့ခပ်ကျကျ နေရာတွင်ထိုင်ပြီး လမ်းသွားလာနေတဲ့ လူတွေရဲ့ မျက်နှာနှင့် စိတ်ခံစားမှုတွေ၊ ကြားရသည့်အသံတွေက ဖတ်ရတာမျိုးဖြစ်သည်။သူတို့အဖြစ်တွေက အဆန်းတွေပါသည်။ဇာတ်နာစရာတွေလည်းရှိသည်။တစ်ခါတရံ တွေးပြီး ရယ်ရသည့် တွေးလုံးတွေလည်းရှိသည်။တစ်ခါတရံ ကိုယ့်မှာကြုံနေရသည့် ဒုက္ခပင် သေးငယ်သွားသည်အထိ မိုတီဗေးရှင်းဖြစ်မိသည်တွေလည်းရှိသည်။အများအားဖြင့်တော့ ကိုယ်ကြုံနေရသည့် အခက်အခဲတွေကြောင့် ဘာမှဆက်မတွေးနိုင်ဘဲ ဆိုင်မှာထိုင်ပြီး ငေးမိငေးရာ ငေးနေတာတွေက များသည်။လဘက်ရည်ဆိုင်သည် ကျနော်တို့လို လူတန်းစားတွေအတွက် တကယ်တော့ ခေတ္တဇိမ်ခံရာ နေရာဖြစ်လေသည်။

လဘက်ရည်ဆိုင်တွေများစွာ ထိုင်ခဲ့ဖူးသည်။ပြီးခဲ့သောအပတ်ကတော့  မြောက်ဥက္ကလာဘက်မှာ ထိုင်ဖြစ်သည်။အသိ ကျူရှင်ဆရာတစ်ဦးက အလုပ်ကိစ္စဖြင့် မြောက်ဥက္ကလာဘက်ကို ချိန်းသဖြင့် ရောက်ဖြစ်သည်။ထုံးစံအတိုင်း လဘက်ရည်ဆိုင်မှာတွေ့ဖို့ ချိန်းသဖြင့် ဘာမှအစိုးမရသည့်ကာလတွင် အလုပ်မလွဲအောင် အိမ်ကနေ ကြိုထွက်ဖြစ်သည်။ဟိုရောက်တော့ တစ်နာရီလောက် စောနေသည်။ဒီတော့ ထုံးစံအတိုင်း လဘက်ရည်ဆိုင်မှာ ကျစိမ့်တစ်ခွက်မှာပြီး ဆိုင်ရှေ့က မြင်ကွင်းကို ကြည့်မိကြည့်ရာ ကြည့်နေမိသည်။

ဆိုင်ရှေ့က လမ်းသည် တခြားလမ်းမျိုးတွေလို မဟုတ်။မိန်းလမ်းမကြီးဖြစ်သည့် သုဓမ္မာလမ်းမကြီးဖြစ်သဖြင့် ယာဉ်အသွားအလာက ပျားပန်းခပ်။လူတွေကလည်း ဖြတ်သွားဖြတ်လာများသလို ကြည့်စရာတွေကလည်း အများကြီး။ဒီထဲမှာ မျက်စိအကြည့်ရောက်မိသည်က တစ်နှစ်တောင်ပြည့်ဟန် မတူသေးသည့် ကလေးငယ်တစ်ယောက်ကို ၈ နှစ်အရွယ်လောက် ကလေးမက ခါးထစ်ခွင်ချီကာ လိုင်းကားပေါ်တက် ပိုက်ဆံလိုက်တောင်းနေတာကို မြင်မိသည်။လဘက်ရည်ဆိုင်က ကားဂိတ်နားတွင် ဖွင့်တာဖြစ်သဖြင့် ဒီလိုမြင်ကွင်းမျိုး မြင်နေကြဖြစ်ဟန်တူသည်။ဘယ်သူမှ ဂရုမစိုက်။ကျနော့်အတွက်တော့ အဆန်းကြီး။

ကလေးမလေးက ကလေးငယ်ကိုချီကာ လိုင်းကားတစ်စီးပေါ် တက်သွားလိုက် နောက်ကားနှင့် ပြန်လိုက်ကာ လမ်းမကူးပြီး ဒီဘက်ပြန်လာပြီး နောက်တစ်စီးလိုက်လိုက်ဖြင့်။ထိုကလေးမနှစ်ယောက်မှာ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ကြာတိုင်း ဒီမှတ်တိုင်ကို ပြန်ပြန်ရောက်လာသည်။အသိဖြစ်သူ ရောက်လာသဖြင့် ထိုကလေးမနှစ်ယောက်ကို မေ့သွားပြီး သတိထားမိတော့ မှတ်တိုင်ဘေးက ပလက်ဖောင်းဘောင်မှာထိုင်ပြီး ကလေးကိုမြူနေသည်။

ကျနော့်အသိက ကျနော်ကြည့်နေသည့် နေရာကိုကြည့်ပြီး ထိုကလေးတွေကိုမြင်ကာ “ဒီကလေးတွေက ဒီနားကတော့ မဟုတ်ဘူး။ဟိုဘက်အခြမ်းကလာတာ၊ မနက်ဆို ရောက်လာပြီ။ညနေဆို သူ့အမေထင်တယ်။အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက် လာလာပြန်ခေါ်သွားတယ်” ဟု ပြောသည်။

ယနေ့ကာလ လမ်းပေါ်တွင် ကလေးများစွာမြင်ရသည်။အများအားဖြင့် အုပ်လိုက်။ကလေးတွေရှိလှ ဆယ်နှစ်အောက်သာသာ။ထိုကလေးတွေက ကောက်တိုလို့ခေါ်မလား။သူတို့နှင့် ခြားနားစွာ တချို့ကလေးတွေက မိဘက လက်တွဲကာ တချို့က မိဘကချီကာ တချို့ကလေးတွေက မိဘရှေ့မှာ သွားကြလာကြ။တချို့က လွယ်အိတ်လွယ်ကာ ကျောင်းသို့။တချို့ကတော့ ပျောက်မှာ ရှမှာစိုးသဖြင့် သူတို့ရှေ့မှာ ထားကာ။

ကျနော်မြင်ရသော ကလေးနှစ်ယောက်၏ ဘဝနှင့် ကလေးပီပီဖြတ်သန်းနေသည့် ဘဝများသည် မထင်မှတ်လောက်အောင် ကွာခြားလွန်းလှသည်။လမ်းပေါ်မှ ကလေးတွေက ဘဝကို အရွယ်နှင့်မမျှအောင် ဖြတ်သန်းရ သည်။အကြီးမက ပိုက်ဆံလိုက်တောင်းဖို့ လိုင်းကားမလာချိန်တွင် အငယ်မလေးကို မြူနေဆော့နေသည်မှာ မျက်ရည်ဝဲစရာ။ထိုကလေးများသည် မိဘရင်ခွင်မှာနေရမည့် ကျနော့်မြေးအရွယ်တွေ။ဆိုးလိုက်တဲ့ ဘဝတွေပါလားဟု။

အသိဖြစ်သူနှင့် စကားပြောပြီး စာသင်ပေးရမည့်အိမ်သို့ လိုက်အပို့ လမ်းတွင် အသက် ၈၀ အရွယ် အမေကြီးတစ်ယောက် တုန်တုန်ချိချိအသံဖြင့် ပိုက်ဆံလိုက်တောင်းနေသည်ကိုတွေ့ရတော့ စိတ်က ပိုထိခိုက်ရသည်။

‘အမေကြီးကို ထမင်းဖိုးလေး တစ်ရာလောက် ဆိုသည့် အသံ’ အသိဖြစ်သူက သူ့အိတ်ထဲက ငါးရာ၊ နှစ်ရာတန်ထဲက နှစ်ရာတန်တစ်ရွက်ကို လှူသည်။ကျနော်မှာ အပြန်ကားခသာရှိသဖြင့် မလှူနိုင်။အမေကြီးက သူ့ကို နှစ်ရာပေးသဖြင့် ဆုပေးနေသည်မှာ နှစ်ရာဖြင့်မတန်အောင်ပင် များလှသည်။အသိဖြစ်သူက လမ်းဆက်လျှောက်ရင်း ကျနော်ကို ‘ဒီအမေကြီး တစ်ပတ်ခြား တစ်ခါ လမ်းထဲလာလေ့ရှိကြောင်း’ ပြောသည်။ထို့နောက်တွင် ဆက်ပြောချင်ဟန်ရှိသေးသည်။ကျနော်က စကားမထောက်တော့ တခြားအကြောင်းအရာဘက် ပြောသည်။အသိဖြစ်သူ ဆက်မပြောလည်း ကျနော့်ရင်ထဲ ကြားနေရသည်။ဒီလိုအသက်ကြီးမှ ဒုက္ခရောက်ကြရသည်အထဲ ယခုခေတ် အများကြီးဖြစ်နေပြီဆိုတာ။တကယ်ဆို ကျနော်တို့ကိုယ်တိုင်လည်း ဒီလိုဖြစ်နေပြီ မဟုတ်ဘူးလား။လမ်းဘေးမရောက်တာဘဲ ရှိသေးသည်။အခက်အခဲတွေက အများကြီး။

လမ်းပေါ်မှာ ဘဝတွေက မြင်ရသည် မချိစရာ။အများကြီး အများကြီး။မွေးကာစကနေ သေခါနီးအထိ သူများသဒ္ဒါလို့ပေးတာကို မှီခိုပြီး ဝမ်းစာအတွက် နေရသည့်သူတွေက အများကြီး။ဒီဘက်ခေတ်ကာလက အရင်သုံးလေးနှစ်လို မဟုတ်။တစ်ဦးကို တစ်ဦး အမှီသဟဲမပြုနိုင်တော့။ဘယ်သူ့ကို ဘယ်သူကမှ  မကယ်နိုင်တော့။ဒီတော့ လမ်းပေါ်မှာ လူမမယ် ကလေးသူငယ်တွေ၊ မီးစာကုန်ဆီခန်း သက်ကြီးရွယ်အိုတွေ ဒုနဲ့ဒေး။တွေးကြည့်တော့ ဒီလိုဖြစ်နေတာတွေက လက်မခံနိုင်စရာ။ခံပြင်းစရာ။
ကိုယ်လည်း ဘာမှ မတတ်နိုင်။

လဘက်ရည်ဆိုင်ကနေ မြင်ကွင်းများစွာကို တွေ့ရသည်။ယခင်ကတော့ စိတ်ကြည်နူးစရာလေးတွေရှိသေးသည်။ယခုနှစ်များတွင်တော့ စိတ်ကြည်နူးစရာမြင်ကွင်းက မရှိသလောက် နည်းသွားပြီ။

ထိုအစား စိတ်ညစ်ညူးစရာတွေသာ …။

လမ်းပေါ်မှာလည်း ဝမ်းစာပျောက်နေလို့ လမ်းပျောက်နေသူတွေချည်းသာ ….။

မောင်ဦးလွင်