【 ဆောင်းပါး 】 လှည့်စားရက်တယ် (၂)

【 ဆောင်းပါး 】 လှည့်စားရက်တယ် (၂)

လှည့်စားတယ်ဆိုတာ လိမ်ညာတာပါပဲ။အလှည့်စားခံရတယ်ဆိုတာ အလိမ်အညာခံရတာပါပဲ။အလှည့်စားခံရတယ်ဆိုတာ တော်တော်ဝမ်းနည်းစရာကောင်းတာပါ။သူ့အပေါ်ထားသော ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းခံရတာပါ။အစော်ကားခံရတာပါ။

အများအားဖြင့်တော့ ငွေကြေးအတွက် ရာထူးအတွက် နာမည်ကောင်းရဖို့အတွက် စသဖြင့် အကျိုးအမြတ်တစ်ခုခုအတွက် လိမ်ညာလှည့်စားကြတာများပါသည်။ဘာအကျိုးအမြတ်မှမရဘဲ ကိုယ်ကျိုးကြည့်တာလည်းမဟုတ်ဘဲ မုန်းတီးတာလည်းမဟုတ်ဘဲ ချစ်လို့ခင်လို့ ပျော်လို့ပါးလို့ လှည့်စားကြတာလည်း အများအပြားရှိပါသည်။

တစ်ခါတလေ မိဘဖြစ်သူက သားသမီးကို ဘုရားသွားမယ်ပြောပြီး မသွားတာမျိုးပါ။တချို့က တကယ်သွားဖို့ စီစဉ်ထားပြီးမှ မသွားဖြစ်တာပါ။တချို့ကတော့ သွားဖို့ စိတ်ကူးလုံးဝမရှိဘဲ ပါးစပ်ထဲ ရုတ်တရက်ရောက်လာသော စကားလုံးများနှင့် အလွယ်တကူ ပေါ့ပေါ့ပါးပါးလေး ပြောလိုက်တာပါ။သတိထားပြီး တမင်ရည်ရွယ်ချက် တစ်ခုခုနှင့် ပြောတာ မဟုတ်သည့်အတွက် ပြောပြီးတာနှင့် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။

သားသမီးကတော့ မမေ့ပါ။မိဘကပြောပြီးသည့်အချိန်မှစ၍ ရက်ချိန်းရောက်သည့်နေ့အထိ အမှတ်တရရှိနေကြတာပါ။တချို့ကလေးတွေဆို ညဘက် ညဘက် တော်တော်နှင့် အိပ်မပျော်ကြ။သူငယ်ချင်းတွေကိုကြွားသည့် ကလေးက ကြွားထားတတ်သေးသည်။သည်တော့ မိဘပြောထားသည့်အချိန်ရောက်၍ မသွားဖြစ်သောအခါ များစွာခံစားကြရပါသည်။တချို့ကလေးတွေဆိုလျှင် ဖျားနာကြသည်အထိ ခံစားရသည်။တချို့ဆို မိဘကို မယုံကြည်ကြတော့။

သည်အဖြစ်မျိုးက ကလေးသူငယ်များ ဘဝမှာသာ ဖြစ်တတ်သည် မဟုတ်ပါ။အရွယ်ရောက်သော ချစ်သူများ အိမ်ထောင်သည်များ သူငယ်ချင်းမိတ်ဆွေများ လုပ်ငန်းခွင်များမှာပါ ဖြစ်တတ်ပါသည်။တစ်ယောက်နှင့် တစ်ယောက် မုန်းလို့လည်း မဟုတ်။အကျိုးအမြတ်တစ်ခုခု ရချင်လို့လည်း မဟုတ်။ပျော်လို့ ရင်းနှီးလို့ အမှတ်တမဲ့ပြောတတ်ကြတာပါ။သို့သော်လည်း အလှည့်စားခံရသူဘက်မှာတော့ ခံစားရပါသည်။တချို့ဆိုလျှင် တစ်သက်တာ အမှတ်တရဖြစ်အောင် ခံစားသွားကြရတာပါ။

အလှည့်စားခံရသူ တစ်နည်းအားဖြင့် အညာခံရသူက တစ်ခုခုတော့ နစ်နာသွားတာ အမှန်ပဲ။ထိုတစ်ခုခုက နည်းနည်းပါးပါးလောက်ကနေ အတိုင်းအဆမရှိတောင် ဖြစ်သွားနိုင်ပါသည်။ဆရာကြီး မင်းသုဝဏ်၏ ဘကြီးအောင် ညာတယ် ဇာတ်လမ်းလေးကို သတိရမိသည်။

ရွာတစ်ရွာမှာ ပန်းပုဆရာကြီးဦးအောင်ချာနှင့် ဘုန်းကြီးကျောင်းမှာ စာသင်သော ရွာသားလေး မောင်ချစ်ရှိသည်။တစ်နေ့ ဦးအောင်ချာက ဆင်စွယ်နှင့် မင်းသမီးရုပ်လေးထုနေစဉ် မောင်ချစ် ရောက်လာကာ မင်းသမီးရုပ်လေးကို စိတ်ဝင်တစားကြည့်ရှုနေသည်။အချိန်အတော်ကြာပြီးနောက် ပန်းပုရုပ်လေးကို လွန်စွာသဘောကျသွားပြီး “ဒီမင်းသမီးရုပ်လေးကို ဘယ်သူ့အတွက် ဘကြီးအောင် ထုနေတာလဲဟင်” ဟု မေးတော့ ဘကြီးအောင်က “ငါ့တူလိုချင်လို့လား။ငါ့တူလိုချင်ရင် တစ်ကျပ်နဲ့ ရောင်းမယ်” ဟု ပြောလိုက်သည်။ “ဒါဆို ကျွန်တော် ခြောက်ဆယ့်လေးပြား ပေးရင် ရမှာပေါ့။ဘကြီးအောင် တကယ်ပြောတာနော်” ဟု မောင်ချစ်က ပြန်မေးတော့ ဘကြီးအောင်က ပြုံးနေသည်။

ထိုအချိန်က တစ်ကျပ်ဆိုတာ ခြောက်ဆယ့်လေးပြားခေတ်ပါ။မောင်ချစ်က ကျောင်းတက်သည့်နေ့ဆိုလျှင် မုန့်ဖိုးတစ်ပြားရသည်။မောင်ချစ်အတွက် အတော်များသော ပိုက်ဆံပါ။မောင်ချစ် အငတ်ခံပြီး သူ့မုန့်ဖိုးကို စုသည်။ကျောင်းပိတ်ရက်ကိုတောင် မုန့်ဖိုးမရ၍ စိတ်တိုမိသည်အထိပါ။နေ့တိုင်း နေ့တိုင်း ဘကြီးအောင်၏ ဆင်စွယ်မင်းသမီးရုပ်လေးကို သွားသွားကြည့်သည်။

တစ်နေ့တခြား အရုပ်လေးက ပို၍ပီပြင်လာသည်။မောင်ချစ်လည်း သွားလေးတွေမပေါ့တပေါ် ပြုံးနေသော မင်းသမီးရုပ်လေးကို ပို၍ ပို၍ လိုချင်လာခဲ့သည်။ညအိပ်ရာဝင်ချိန်မှာပင် တော်တော်နှင့် အိပ်မပျော်နိုင်ဘဲ မြင်ယောင်နေမိသည်အထိ မောင်ချစ်တစ်ယောက် မင်းသမီးရုပ်လေးကို မြတ်နိုးစွာ စွဲလန်းနေမိပြီ။စုထားသော ပိုက်ဆံလေးတွေကိုလည်း ပျောက်မှာစိုး၍ နေရာရွှေ့ပြောင်း သိမ်းဆည်းရသည်မှာလည်း မကြာခဏ။အရုပ်လေးရလာလျှင် ထည့်ထားရန် ထန်းရွက်ဖာလေးကို အမျိုးမျိုးပြင်ဆင်နေရသည်မှာလည်း စိတ်တိုင်းမကျသေး။

တစ်နေ့ ညနေလေးနာရီ ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ထုံးစံအတိုင်း မောင်ချစ်တစ်ယောက် ဘကြီးအောင်ဆီသို့ သူ့မင်းသမီးလေးကိုကြည့်ရန် အပြေးအလွှားသွားလေတော့သည်။ထိုနေ့က မောင်ချစ် စုထားသည့် ငွေသုံးဆယ့်ခြောက်ပြားရသည့်နေ့ဖြစ်သည်။ဘကြီးအောင်၏ တဲထဲသို့ ဝင်လိုက်သောအခါ ဘကြီးအောင်နှင့် ခါးမှာ သေနတ်ချိတ်ထားသော ဝန်ထောက်မင်းဆိုသူ လူကြီးတို့ စကားပြောနေသည်။ထိုလူကြီးလက်ထဲမှာ သူ့မင်းသမီးရုပ်လေး။
“ကျုပ်ပေးတဲ့ တန်ဖိုးကို ခင်ဗျားတို့အရပ်မှာ ဘယ်သူမှမပေးနိုင်ပါဘူးဗျာ။ကျုပ်ကိုသာ ရောင်းလိုက်စမ်းပါ”

“ဟုတ်ကဲ့ပါ။ဝန်ထောက်မင်းပဲ ယူသွားပါတော့။ကျွန်တော် သေသေချာချာ အချောသတ်ပြီး ဝန်ထောက်မင်းအိမ်ကို လာပို့ပေးပါ့မယ်” မောင်ချစ်သည် ဘကြီးအောင်နှင့် ဝန်ထောက်မင်းတို့၏ အပြန်အလှန်ပြောစကားများကို ကြားသောအခါ သူမြတ်မြတ်နိုးနိုး စိတ်ကူးခဲ့သော မင်းသမီးရုပ်လေးကို ယခုချိန်မှစ၍ ပိုင်ဆိုင်ခွင့် လုံးဝမရှိတော့ကြောင်း သူနှင့်မသက်ဆိုင်တော့ကြောင်း သေချာသွားပြီဖြစ်သောကြောင့် ကြေကွဲဝမ်းနည်းစွာ လှည့်ပြန်လာခဲ့ရလေသည်။

ထိုနေ့မှစ၍ မောင်ချစ်တစ်ယောက် ဘာအစာမှ မစားတော့ဘဲ အိမ်ရာထဲမှာသာ လှဲနေသည်။သူ့မိဘများလည်း မောင်ချစ်ကို ဘာမှမေး၍မရ။မိဘများလည်း စိုးရိမ်ထိတ်လန့်ကာ ဆေးဆရာအမျိုးမျိုးခေါ်၍ ကုသပေး သော်လည်း မရပေ။ဘာရောဂါဖြစ်မှန်းတောင် မသိကြရ။နောက်ဆုံး ပယောဂဆရာတောင် ခေါ်ကုကြသည်။သို့သော်လည်း ဘာမှထူးခြားမလာခဲ့ပေ။မောင်ချစ်လည်း အိပ်ရာပေါ်လဲသည့်နေ့မှ ဆယ့်ငါးရက်မြောက်နေ့မှာတော့ အရုပ်ကလေးကို စွဲလမ်းစိတ်နှင့် သေဆုံးသွားခဲ့လေသည်။

ပန်းပုဆရာကြီးက မောင်ချစ် ဆုံးပြီ ကြား၍ သတင်းသွားမေးတော့ သူ့အမေက “ဘာရောဂါမှန်းလည်း မသိပါဘူးရှင်။သူမဆုံးခင်မှာ သူစုထားတဲ့ ပိုက်ဆံ သုံးဆယ့်ခြောက်ပြား ကျွန်မကိုပေးပြီး ရွာဦးကျောင်းက ဆရာတော်ကို လှူလိုက်ပါလို့ ပြောတယ်။နောက်တော့ နည်းနည်းမောလာပြီး ဘကြီးအောင် ညာတယ်ဆိုလား မပီ့တပီပြောရင်း ဆုံးသွားတာပါပဲ။သည်တော့မှ ပန်းပုဆရာ ဦးအောင်ချာတစ်ယောက် သူမောင်ချစ်ကို ပြောခဲ့မိသော အမှတ်တမဲ့ နောက်ပြောင်ကျီစယ်စကားလေးကြောင့် ကလေးငယ်တစ်ယောက်၏ ဘဝလေး ဆုံးပါးသွားမှန်း သိလိုက်ရသည်။

မောင်ချစ်က ဘကြီးအောင်ဟုခေါ်သော ပန်းပုဆရာဦးအောင်ချာတစ်ယောက် အမှတ်တရဖြစ်လောက်အောင် ယူကြုံးမရ ခံစားနေရပြီ။

ထို့ကြောင့်လည်း ဘုရားရှင်က မုသားစကားကို ရယ်စရာအဖြစ်နှင့်တောင် မပြောကြရန် မှာထားခဲ့တာပါ။

ရိုက်မောင်း
Photo Credit - shwe-info မြန်မာနက်ခြက်