【 ဆောင်းပါး 】 သင့်စိတ်ထက်သန်မှု စက်ဝန်းကို ကြီးထွားပါစေ

【 ဆောင်းပါး 】 သင့်စိတ်ထက်သန်မှု စက်ဝန်းကို ကြီးထွားပါစေ

သင့်တော်တဲ့ လုပ်ငန်းတာဝန်ကို ရှာဖွေရာမှာ ဘာဆယ် လုပ်ခဲ့တဲ့အတိုင်း စိတ်ထက်သန်မှု (သို့မဟုတ်) ရည်ရွယ်ချက်ကောင်း (သို့မဟုတ်) နှစ်မျိုးစလုံးကို လုပ်ငန်းခွင်ထဲမှာ တွေ့ရှိဖို့အတွက် ရှာဖွေတဲ့ နည်းလမ်းက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ လူအများက ထင်မြင်ယူဆကြတယ်။

အလုပ်လုပ်တဲ့ အရွယ်ရောက်သူရဲ့ ၇၀ ရာခိုင်နှုန်းက သူတို့ရဲ့အလုပ်ကို စလုပ်စဉ်ကတည်းက သူတို့နဲ့သင့်လျော်ကိုက်ညီတဲ့ အလုပ်ဖြစ်မှသာ သူတို့အနေနဲ့ စိတ်အားထက်သန်မှုကို အလုပ်ထဲမှာ ရှာတွေ့လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။သူတို့က သူတို့ရဲ့ လက်ရှိအလုပ်ထဲမှာတင် သူတို့ရဲ့စိတ်ထက်သန်မှုကို မြင့်တက်လာအောင် လုပ်ယူနိုင်တယ်ဆိုတာကို မသိမမြင်ခဲ့ကြဘူး။သင့်လက်ရှိအလုပ်မှာတင် စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းတို့ ပိုမိုကိုက်ညီ (Match) ဖြစ်အောင် ဘယ်လိုလုပ်ယူလို့ရသလဲဆိုတာ အောက်က အသေးစိတ်လမ်းညွှန်ချက်တွေနဲ့ စစ်ဆေးကြည့်ကြရအောင်။

           သင့်စိတ်ထက်သန်မှု စက်ဝန်းကို ကြီးထွားပါစေ

အောက်ပါ မေးခွန်းအတိုလေးတွေကိုကြည့်ပြီး ဖော်ညွှန်းချက်များကို ၁ မှ ၇ အတွင်း အမှတ်သတ်မှတ်ပေးပါ။

“ကျွန်တော့်အလုပ်အ‌ပေါ်မှာ စိတ်အားထက်သန်မှုရှိတယ်။ဘာလို့လဲဆိုတော့ ဒီတာဝန်တွေကို နေ့စဉ်ထမ်းဆောင်ရတာကို နှစ်သက်ပျော်ရွှင်လို့ဖြစ်ပါတယ်။”

အပြည့်အဝ သဘောတူတယ် (၇ မှတ်)
ခိုင်ခိုင်မာမာ သဘောတူတယ် (၆ မှတ်)
နည်းနည်း သဘောတူတယ် (၅ မှတ်)
သဘောတူတယ်လည်း မဟုတ်၊ မတူဘူးလည်း မဟုတ် (၄ မှတ်)
သိပ်တော့ သဘောမတူဘူး (၃ မှတ်)
ပြင်းပြင်းထန်ထန် သဘောမတူဘူး (၂ မှတ်)
လုံးဝ သဘောမတူဘူး (၁ မှတ်)

ဘယ်လိုအမှတ်ပေးခဲ့သလဲ။ကျွန်တော်တို့ရဲ့ တွေ့ရှိချက်အရ အချို့လူတွေက သူတို့ရဲ့ စိတ်ထက်သန်မှုကို သူတို့သီးခြားလုပ်ရတဲ့ ကိုယ်ပိုင်အလုပ်တာဝန်နဲ့ တွဲပြီး သတ်မှတ်ကြတယ်။လူနာကို ကူညီရတာ၊ ကုန်ပစ္စည်းတစ်မျိုးရောင်းရတာ၊ မဟာဗျူဟာတစ်ခု ရေးဆွဲရတာ၊ စသဖြင့်ပေါ့။သူတို့ ဘယ်လောက်ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာက သိပ်အရေးမပါပါဘူး။အလုပ်ကိုယ်၌ကရတဲ့ စိတ်ကျေနပ်မှုကသာ အရေးကြီးတာပါ။အဲဒီလူတွေရဲ့ ခံစားချက်ကို ပညာရပ်အသုံးအနှုန်းအရ “အတွင်းစိတ်တက်ကြွ လှုံ့ဆော်မှု” လို့ ခေါ်တယ်။ဒါပေမဲ့ “အတွင်းစိတ်တက်ကြွ လှုံ့ဆော်မှု” က အမြဲတမ်းတွေ့ရလေ့ရှိတာမျိုးတော့ မဟုတ်ပါဘူး။ကျွန်တော်တို့မှာရှိတဲ့ အချက်အလက်တွေကို စိစစ်သုံးသပ်ကြည့်လိုက်တော့၊ ကျွန်တော်တို့ရဲ့ သုတေသနထဲမှာပါတဲ့ လူ ၁၅ ရာခိုင်နှုန်း ထက် လျော့နည်းတဲ့ လူတွေကသာ ဒီ “ကျွန်တော့်လုပ်ရတဲ့ တကယ့်အလုပ်ကိုယ်၌က ဆုတစ်ခုလိုဖြစ်နေတယ်” ဆိုတဲ့ အဆိုကို အပြည့်အဝသဘောတူတာ တွေ့ရတယ်။ကျွန်တော်တို့ အများစုအတွက်ကတော့ ကိုယ့်အလုပ်က ဆုတစ်ခုလို့ နည်းနည်း ပြောနိုင်ပေမယ့်၊ အဲဒီလောက် (ဆု) ကြီးတော့ မဟုတ်ပါဘူး။

ကျွန်တော်တို့အများစုအတွက်က လက်ရှိအလုပ်က တာဝန်အရ ဖြည်းဖြည်းမှန်မှန်နဲ့ ပျော်ရာမှာမနေ တော်ရာမှာနေဆိုသလို စိတ်ပါပါ၊ မပါပါ လုပ်နေရတာမျိုးလား၊ လုံးဝမဟုတ်ပါ။ကျွန်တော်တို့ရဲ့ သုတေသနကနေ ကိုယ့်သီးခြားအလုပ်တွေကနေသာမက အခြားစိတ်ထက်မှုရနိုင်မယ့်လမ်းတွေ ဖော်ထုတ်တွေ့ရှိထားပါတယ်။

အောက်က အချက်အပေါ်ကို ခုနကလိုပဲ ၁ ကနေ ၇ အထိ အမှတ်ပေးကြည့်ပါဦး။

“ကျွန်တော့်အလုပ်မှာ စိတ်ထက်သန်တယ် ဘာလို့လဲဆို‌တော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်ရတာကို နှစ်သက်ပျော်ရွှင်လို့ပါ”
(အောင်မြင်မှုကြောင့် စိတ်ထက်သန်ခြင်း)

“ကျွန်တော့်အလုပ်မှာ စိတ်ထက်သန်တယ် ဘာလို့လဲဆို‌တော့ ကြံဆဖန်တီးမှုလုပ်ရတဲ့ ကျွန်တော့်အလုပ်က အင်အားဖြစ်စေလို့ပါ”
(ဖန်တီးမှုကြောင့် စိတ်ထက်သန်ခြင်း)

“ကျွန်တော့်အလုပ်မှာ စိတ်ထက်သန်တယ် ဘာလို့လဲဆို‌တော့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီး အလုပ်အတူတူလုပ်ရတာကို နှစ်သက်လို့ပါ။”
(လူအများနှင့် ထိတွေ့ရခြင်းကြောင့် စိတ်ထက်သန်ခြင်း)

“ကျွန်တော့်အလုပ်မှာ စိတ်ထက်သန်တယ် ဘာလို့လဲဆို‌တော့ ကိုယ်‌ဖာသာကိုယ် သင်ယူဖို့နဲ့ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ တိုးတက်လာဖို့ အခွင့်အလမ်းတွေပေးလို့ပါ။”
(သင်ယူနိုင်ခြင်းကြောင့် စိတ်ထက်သန်ခြင်း)

“ကျွန်တော့်အလုပ်မှာ စိတ်ထက်သန်တယ် ဘာလို့လဲဆို‌တော့ ကိုယ်တတ်စွမ်းသမျှ လုပ်ပြနိုင်ဖို့ အခွင့်အလမ်းတွေ နေ့စဉ်နဲ့အမျှပေးလို့ပါ။”
(အစွမ်းပြနိုင်မှုကြောင့် စိတ်ထက်သန်ခြင်း)

ကျွန်တော်တို့အတွက် အောင်မြင်မှုရရှိခြင်းကြောင့် ဖြစ်လာတဲ့ အားတက်မှုက အရှိန်မြှင့်မောင်းနှင်လုပ်ဆောင်ရာမှာ အလွန်အရေးပါ ပါတယ်။ကျွန်တော်တို့ရဲ့ လေ့လာမှုအရ ၂၀ ရာခိုင်နှုန်းသော ပါဝင်သူတွေက “ကျွန်တော့်အလုပ်ကို လုပ်ရတာ စိတ်ပျော်ရွှင်တယ် ဘာလို့လဲဆို‌တော့ အောင်မြင်ခြင်းအတွေ့အကြုံ ရရှိစေလို့ပါ” လို့ ဖြေကြတယ်။သိပ်တော့အံ့သြစရာမရှိပါ၊ အရောင်းလုပ်ငန်းလို ယှဉ်ပြိုင်ရတဲ့ အစဉ်အလာရှိတဲ့ လုပ်ငန်းမျိုး လုပ်တဲ့သူတွေက အောင်မြင်မှုကို အခြေခံတဲ့ စိတ်ထက်သန်မှုမျိုးမှာ ပျော်ပိုက်ကြပါတယ်။အဲဒီလိုပဲ ဖန်တီးမှုအရည်အချင်းရှိခြင်းကလည်း အချို့လူတွေအတွက် စိတ်လှုပ်ရှားပျော်ရွှင်စရာဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။

ကုမ္ပဏီတွေက HR အတွက် အဖြေရှာ Software ထုတ်လုပ်ပေးတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ကာရင်ဆိုတဲ့ အသက်‌လေးဆယ်အရွယ် အမျိုးသမီးက သူမဟာ အသစ်ဖန်တီးဖို့ အခွင့်အလမ်းပေးတဲ့ သူမရဲ့အလုပ်အပေါ်မှာ နက်နက်နဲနဲ စိတ်ထက်သန်တက်ကြွတယ်လို့ ပြောပြခဲ့ပါတယ်။

“တကယ်လို့ သင်က တစ်စုံတရာကို ပုံကြမ်းက စပြီး အပြီးသတ်တဲ့အထိ တည်ဆောက်ရမယ်ဆိုရင် ဒါဟာ အံ့မခန်းအတွေ့အကြုံပဲ။ဘာလို့လဲဆိုတော့ အရာအားလုံးဟာ သင်မျှော်လင့်ထားသလိုဖြစ်လာမှာ၊ ရှိနေမှာ မဟုတ်တတ်လို့ပါပဲ။သင့်အနေနဲ့ တစ်စစီ တည်ဆောက်ယူရမှာဖြစ်တယ်။အဲဒါအပြင် အနုပညာဆန်ခြင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ကလည်း ကိုယ်လုပ်မယ့်အလုပ်နဲ့အတူ ထုထည်ကြီးမားစွာနဲ့ ပျော့လွယ်ပြောင်းလွယ် တစ်ပါတည်းရှိနေဖို့ လိုအပ်ပါတယ်။

လုပ်ငန်းခွင်ထဲက စိတ်ထက်သန်မှုကိုဖြစ်စေတဲ့ အရင်းအမြစ်တစ်ခုနဲ့ တစ်ခုက မတူကြပါဘူး။ဒါကို ကျွန်တော်တို့က “လူထုစိတ်ထက်သန်မှု people passion” လို့ ခေါ်ရမယ် ထင်တယ်။ကျွန်တော်တို့ လုပ်ငန်းခွင်ကရရှိတဲ့ အချင်းချင်းစာနာထောက်ထား ကူညီဖေးမမှုဆိုတဲ့ နက်နဲတဲ့ ဆက်ဆံရေးကနေ ပျော်ရွှင်ဝမ်းမြောက်မှုကို ရနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ ဆိုဖီယာအမည်ရှိ အသက်သုံးဆယ်အရွယ် ဘဏ္ဍာရေးစိစစ်သူ အမျိုးသမီးက “သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လောက် “အရမ်းရက်ရောပျူငှာ” ကြသလဲဆိုတာကို ပြောပြတာက “ကျွန်မက ဘဝနဲ့ချီပြီး အရေးပါတဲ့ကိစ္စတစ်ခု ကြုံတွေ့ခဲ့ရတယ်၊ အလုပ်ထဲကသူတွေအားလုံးက နေ့တိုင်း ကျွန်မဆီလာနှုတ်ဆက်ကြပြီး ကျွန်မဘယ်လိုနေလဲ မေးမြန်း အကဲခတ်ကြတယ်” တဲ့၊ အဲဒါလေးတွေကိုက အလေးထားဂရုစိုက်ကြတာကို ပေါ်လွင်ခံစားနေရစေတယ်။

စိတ်ထက်သန်မှုကို တိုင်းတာဖို့ ကျွန်တော်တို့ရဲ့ လေ့လာမှုထဲမှာ နောက်ထပ်တွေ့ရှိရတာကတော့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာအောင် သင်ယူနိုင်ခွင့်နဲ့ တိုးတက်ပိုင်ခွင့်ရှိခြင်းကလည်း စိတ်ထက်သန်မှုကို လှုံ့ဆော်ပေးတဲ့အချက်ဖြစ်တယ်ဆိုတာပါ။ ၅၆ ရာခိုင်နှုန်းသောလူတွေက သူတို့ရဲ့ အလုပ်အပေါ်မှာ စိတ်လှုပ်ရှားပျော်ရွှင်ကြတာက အလုပ်က သူတို့ကို သင်ယူဖို့နဲ့ တိုးတက်နိုင်ဖို့ အခွင့်အလမ်းပေးလို့ ဖြစ်ပါတယ်တဲ့။

နောက်ဆုံးတစ်ခုတွေ့တာက အစွမ်းပြနိုင်မှုကို အခြေခံတဲ့ စိတ်ထက်သန်ခြင်းလို့ ခေါ်ဆိုနိုင်တဲ့ ကိုယ့်အလုပ်ကို ကိုယ်ချစ်တယ်၊ ဘာလို့လဲဆိုတော့ ကိုယ့်စွမ်းအားနဲ့ ချိတ်ဆက်နေလို့ပါဆိုတဲ့ စိတ်ထက်သန်ခြင်း အမျိုးအစားပါ။ (အရှေ့ဆောင်းပါးမှာတုန်းက ဖော်ပြခဲ့တဲ့ “အားသာချက်ရှာဖွေရေး StrengthFinder” ချဉ်းကပ်နည်းနဲ့ ကိုယ့်အလုပ်နဲ့ ကိုယ့်စွမ်းအား ကိုက်ညီမှု ရှိ၊ မရှိ ရှာဖွေတဲ့ နည်းလမ်းတစ်မျိုးကို မှတ်မိမယ် ထင်ပါတယ်)။အဲဒီစိတ်ထက်သန်မှုမျိုးရဲ့ အကျိုးကျေးဇူးက - သင်ဟာ အလုပ်မှာ သိပ်တော်လာတဲ့အတွက် အဲဒီအချက်ကပဲ သင့်စိတ်ထက်သန်မှုကို ပိုနိုးကြားတက်ကြွစေတယ်။မီးဖိုက အေးနေပေမယ့် မီးမွှေးရင် ပူလာပြီး သူနဲ့ထိစပ်တဲ့ အရာတွေကိုလည်း ပူစေတဲ့ သဘောပေါ့။

လုပ်ငန်းလှုပ်ရှားမှုတစ်ခုက အဲဒီစိတ်ထက်သန်မှု အကြောင်းအရင်းတစ်ခုထက်မကကို ပေါင်းစပ်ပါဝင်စေနိုင်တာဖြစ်တယ်။နှစ်နှစ်ကြာ ရေးသားခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ စာအုပ် “ရွေးချယ်မှုဖြင့် ကြီးမြင့်ခြင်း Great by Choice” ရေးနေတုန်းက ကျွန်တော့်ရဲ့ အတူရေးသားတဲ့ ဂျင်မ်ကော်လင်းစ်နဲ့ ကျွန်တော်တို့က ကူးရီးယပ်စ် ‌ဂျော့ရှ် (Curious George) သရုပ်ဆောင်ခဲ့တဲ့ “ချင်မ်ပိုဇီယန် Chimposiums” လို့ ခေါ်တဲ့ မျောက်ဇာတ်ကောင်စရိုက်ကိုယူပြီး နာမည်ပြောင်ပေးထားတဲ့ ဖုန်းခေါ်ဆိုမှုတွေကို အပတ်စဉ် လက်ခံဖြေကြားပေးခဲ့တယ်။ကျွန်တော် အဲဒီဖုန်းတွေဖြေရတာကို လုံးဝနှစ်ခြိုက်‌ပျော်ရွှင်ခဲ့တယ်၊ အခု အဲဒီအချိန်ကို ပြန်ခံစားနေရတယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက စိတ်ထက်သန်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းလေးခု ပေါင်းစပ်ထားသလိုမို့လို့ပါ -

“အတွင်းစိတ် တက်ကြွလှုံ့ဆော်မှု” (ကျွန်တော်က ဆွေးနွေးရတဲ့အလုပ်ကို ကြိုက်တယ် ပြီးတော့ ဆွေးနွေးတဲ့ ခေါင်းစဉ်အပေါ် မူတည်ပြီး ဦးနှောက်စားရတာကိုလည်း သဘောကျတယ်)။

“ဖန်တီးရခြင်းကြောင့် စိတ်ထက်သန်ခြင်း” (ကျွန်တော် အတွေးအခေါ်သစ်တွေ ဖန်တီးရတာကို ပျော်ရွှင်ခံစားမိတယ်)။

“တိုးတက်မှုကြောင့် စိတ်ထက်သန်ခြင်း” (အသစ်တွေ သင်ယူရတယ်)။

နောက်တစ်ခုက “လူမှုဆက်ဆံရေးကြောင့် စိတ်ထက်သန်ခြင်း” (ကျွန်တော့်မိတ်ဆွေကောင်း ဂျင်မ်နဲ့ အလုပ်အတူလုပ်ရတာ ပျော်တယ်)။

အပေါ်က ဖော်ညွှန်းချက်တွေကို ဖြေခဲ့တဲ့ သင့်အဖြေကို ပြန်ကြည့်ပြီး သုံးသပ်ပါ။သင့်စိတ်ထက်သန်မှုက အဆိုပါတိုင်းတာမှုခြောက်ခုထဲက ဘယ်နှစ်ခုနဲ့ ငြိသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ တီထွင်ဖန်တီးထားတဲ့ ပြဿနာဖြေရှင်းနည်း လိုအပ်မယ့် အလုပ်တစ်ခုကို ရှာကြည့်ပါ၊ ရင်ခုန်စရာကောင်းတဲ့ အောင်မြင်မှုအတွေ့အကြုံကိုရစေမယ့် ဖောက်သည်နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းရတဲ့ အလုပ်တစ်ခု ရှာကြည့်ပါ၊ အရည်အချင်းအသစ် သင်ယူရနိုင်တဲ့ ဆွေးနွေးပွဲသင်တန်းကို တက်ရောက်ကြည့်ပါ၊ စိတ်ကူးအကြံအစည် ဖလှယ်တဲ့ ဒူးတိုက်ဆွေးနွေးပွဲတွေကို ဖိတ်ကြားခံရအောင် ကြိုးစားကြည့်ပါ။ ပြိုင်ဘက်များထက် ရောင်းအားတိုးတက်ရေးကဲ့သို့သော ယှဉ်ပြိုင်မှုများတဲ့ ပရောဂျက်တွေကို တက်ရောက်ဖို့ အဆိုပြုပါ၊ (အဲဒီလိုမျိုး မဟုတ်ရင်လည်း၊ ဌာနဆိုင်ရာ ‌ဆော့ဖ်ဘောအသင်း (Soft Ball Team) ထဲ ဝင်ပါ)။ သင့်အထက်လူကြီးအား မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းကဲ့သို့သော ပန်းတိုင်သစ်တိုးချဲ့ တာဝန်ချပေးဖို့ တောင်းဆိုပါ။သင်အားကျနှစ်သက်သောသူတွေနဲ့ အချိန်ပိုကြာကြာ အလုပ်တွဲလုပ်ဖို့ ရနိုင်မယ့် နည်းလမ်းရှာပါ။ကိုယ့်ခွန်အားကို ဖြုန်းပစ်မယ့် လုပ်ဖော်ကိုင်ဖက်တွေကိုရှောင်ပါ။ကိုယ့်ရဲ့ စိတ်ထက်သန်မှုကို ယုတ်လျော့စေမယ့် အလုပ်တွေက ဘာတွေဖြစ်မလဲဆိုတာ ရှာဖွေဖော်ထုတ်ပြီး အဲဒီအလုပ်တွေက ဝေးဝေးရှောင်လို့ရမယ့် နည်းလမ်းရှာပါ။အလုပ်တစ်ခုမှာ တကယ်ထူးချွန်သူဖြစ်နိုင်အောင် ကြိုးစားပါ။တကယ်လို့ သင်သာ စိတ်ထက်သန်စရာတွေကို ရှာနိုင်ပြီး တစ်ခုချင်းကို နက်နက်နဲနဲ ထိုးထွင်းလုပ်နိုင်ရင် သင့်အလုပ်ချိန် နာရီတိုင်းက စိတ်တက်ကြွစရာ ခွန်အားတက်စရာ ဖြစ်လာပါလိမ့်မယ်။အဲလိုသာလုပ်နိုင်ရင် သင့်အလုပ်စွမ်းဆောင်ရည် ပိုကောင်းလာမှာဖြစ်သလို စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းတို့ကို ကိုက်ညီ (Match) အောင် ရှာဖွေလုပ်ဆောင်ရာမှာ ပိုလွယ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

သင့်လက်ရှိအလုပ်ထဲကနေပဲ စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်း (Passion and Purpose) တို့ကို ကိုက်ညီ (Match) အောင် ရှာဖွေလုပ်ဆောင်နိုင်ခြင်းဖြင့် လုပ်ငန်းခွင်မှာ ပျော်ပိုက်ပြီး အစွမ်းပြ၍ အလုပ်လုပ်နိုင်သူများ ဖြစ်ကြပါစေ။

(ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)