【 ဆောင်းပါး 】 သတိရစရာ ဒုက္ခတွေ

【 ဆောင်းပါး 】 သတိရစရာ ဒုက္ခတွေ

ကျနော် လက်ရှိနေသည့်နေရာက မြို့သစ်ဖြစ်သည်။ယခင်က ထိုနေရာမှာ လယ်ကွင်းများဖြစ်သည်။

၁၉၈၈ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြောင့် ရပ်ကွက်တွေရွှေ့ခြင်း၊ လမ်းတွေဖောက်ခြင်းကြောင့် ရန်ကုန်ဆင်ခြေဖုံးနေရာ အတော်များများ ရွှေ့ရသည်။သိရသလောက်ဆို လူစည်ကားရာ တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ လှိုင်၊ကမာရွတ်၊ မရမ်းကုန်း၊ နောက် ယခု ဘုရင့်နောင်လမ်းတစ်လျှောက်၊ နောက် ဝေယဇန္တာလမ်းတစ်လျှောက် စသည့် လမ်းအူကြောင်းပေါ်ရှိသည့် အိမ်တွေ အဖျက်ခံရသည်။နောက် တဲပေါ်မှ တိုက်ပေါ်သို့ဆိုသည့် စီမံချက်နှင့် ရပ်ကွက်တွေ အလုံးလိုက်အရင်းလိုက် ရွှေ့ရသည်။တချို့နေရာတွေမှာ အစောပိုင်းဖြစ်သဖြင့် လျော်ကြေးမရဘဲ မြို့သစ်မှာ မြေကွက်တစ်ကွက်နှင့် ရက်ပိုင်းအတွင်း အပြီးဖျက်ပေးရသည်။ထိုကာလမှာ ယခုပြန်တွေးကြည့်တော့ နှစ်ပေါင်း ၃၀ ကျော်လေပြီ။သို့သော် မူလမွေးဖွားရာဇာတိမှ ရွှေ့ပြောင်းလာခဲ့ရသည့် ကျနော့်အတွက် မနေ့ကလိုပင်။

ယခု ကျနော်အသက် ၆၀ နားကပ်ပြီ။ထိုရွှေ့ပြောင်းရသောအချိန်က ကျနော့်အသက်က ၃၀ နားကပ်နေသည့်အရွယ်။အိမ်ထောင်ပြုခါစ။အစိုးရဝန်ထမ်းအဖြစ် ထမ်းဆောင်နေသည်မှာ ဆယ်နှစ်တောင်မရှိသေး။အားခြင်း ရပ်ကွက်ဖျက်၊ အားချင်း မြို့သစ်ကိုရွှေ့ရသဖြင့် ကားငှားရသည်မှာ မလွယ်။ထိုစဉ်က အိမ်များဖျက်ရန် ရွှေ့ပြောင်းရန် TE-11 ဆိုသည့် ကားကြီးများ ဖျက်မည့် ရပ်ကွက်များ၏ ကောင်စီရုံးရှေ့ ထိုးထားသည်။ကိုယ့်အိမ်အတွက် အလှည်ကျသည့် ကားသမားကို ကိုယ်တင်လို့ရသည့်ပစ္စည်းတွေ တင်ပြီးသည်အထိ တင်လို့ရအောင် အရက်တန်သည်အရက်၊ ခေါက်ဆွဲနှင့် သူကြိုက်ရာကိုကျွေးပြီး ဆိုင်မှာ ချော့ထားရသည်။ကိုယ့်ပစ္စည်းတွေ ပါသင့်ပါထိုက်တာ ကုန်သည်အထိ တင်ပြီးမှ ကားသမားကို သွားခေါ်ရသည်။ဒီကြားထဲ နှစ်ဆယ်အစိတ်ဆိုသလို လဘက်ရည်ဖိုးကို ကားသမားအိတ်ထဲ ထည့်ပေးရသည်။ထိုသို့လုပ်ပေးမှ ကားသမားမှာ မြို့သစ်ရှိ ကိုယ်မြေကွက်ရှေ့အထိ ပို့ပေးမည်ဖြစ်သည်။ကျနော်တို့ ရပ်ကွက်ဖျက်လို့ ရွှေ့ရသူအားလုံး ထိုသို့ ကြုံရသည်။

ကျနော်တို့ မြို့သစ်ကိုပြောင်းသည့်အချိန်က ၁၉၉၀ ကျော်။မှတ်မိနေသည်က မိုးဖြိုင်ဖြိုင်ရွာသည့် မိုးတွင်းကာလကြီး။လှိုင်သာယာ ဘုရင့်နောင်တံတားလည်းမရှိ။ယခု ဘုရင့်နောင်ဆိပ်ကမ်းနေရာမှ ဇက်ဖြင့် လှိုင်သာယာဘက်ကို ကူးရသည်။လမ်းတွေက ဂဝံမြေနီလမ်းတွေ၊ တချို့အတွင်းလမ်းက လမ်းမရှိ။တာဘောင်ရိုးသာရှိသည်။ကားဝင်လို့ရသည့်နေရာသာ ကားကိုဝင်ရပြီး ပစ္စည်းတွေစုပုံချ။မိမိရသည့် မြေကွက်အထိ ပစ္စည်းတွေသယ်။သည်လိုနှင့် မြို့သစ်ရဲ့ ပထမဆုံးနေ့ကို ထိတွေ့ရသည်။

နေရာသစ်မှာ လယ်မြေ။ရေတွေက လယ်ကွက်ထဲမှာ။ရေဘယ်လောက်နက်မှန်းလည်းမသိ။ဝါးတိုင်ငုပ်လေးတွေဖြင့် အကွက်ချထားသည်။ယာယီနေဖို့ ပါလာသည့် သစ်သားလေးတွေကိုပုံပြီး အမိုးလုပ်ပြီး သက်ကြီးရွယ်အိုတွေ ကလေးတွေနေဖို့ လုပ်ရသည်။လမ်းထွက်တာ သာဖို့ လမ်းကို လမ်းမနှင့်ပေါက်အောင် လုပ်ရသည်။ညတကာ ညထဲ မြို့သစ်ကို စရောက်သည့်ညမှာ ညတာအရှည်ဆုံးနှင့် ဒုက္ခအရောက်ရဆုံး၊ စိုးရိမ်ပူပန်ရဆုံးနှင့် မျှော်လင့်ချက်အမဲ့ရဆုံး ညဖြစ်သည်။ကိုယ်က အစိုးရအလုပ်ရှိသေးသဖြင့် တော်သေးသည်။တချို့က ကျပန်းအလုပ်သမားတွေ။မြစ်ကို ဇက်ဖြင့်ဖြတ်ပြီး အလုပ်သွားရမည့်အရေးက နေ့စဉ်ဆိုသည့် အခက်အခဲ။နောက် အလုပ်နှင့် ဝေးကွာလွန်းသဖြင့် ရေရှည်တွင် ဖြစ်လာနိုင်သည့် အခက်အခဲများ။ဒီလိုနှင့် ညဘက် မြွေပါးကင်းပါးဝင်လာမှာ ကြောက်ရ၊ မိဘတွေ ဖျားနာကုန်မှ ကြောက်ရ၊ ကလေးတွေထိခိုက်မှာ ကြောက်ရနှင့်။ထိုရက်များသည် ကျနော့်ဘဝတွင် ယခုထိတိုင် မနေ့က အဖြစ်လို့သာ။

မြို့သစ်၏အစောပိုင်းကာလများတွင် ရာသီဥတုနှင့် စိတ်ဒဏ်ရာကြောင့် ကြွေလွင့်ခဲ့ရသူများရှိခဲ့သည်။တစ်သက်လုံးနေလာသည့် အရပ်မှ အခြားသို့ရွှေ့ရသလို မိုးလင်းတာနဲ့ မြင်ရသည့် ချစ်ခင်သူများရှိသည်မှ မမြင်ရ မကြားရနှင့် မဲဇာလိုနေရာမျိုးမှာ ဒုက္ခပေါင်းစုံ ခါးစည်းခံရသည့်အခါ စိတ်ပိုင်းနှင့် ကိုယ်ကာယအပိုင်းမှာ ခံနိုင်ရည်မရှိသူများ ပြိုလဲကုန်သည်။

ကျနော့်အဖေမှာ မြို့သစ်ပြောင်းပြီး တစ်လအကြာတွင် ဆုံးသည်။အဖေဆုံးပြီး အမေကို သူ့တူမများက သူတို့တိုက်ခန်းဆီ ခေါ်ထားသည်။မြို့သစ်တွင် ကျနော်တို့လင်မယား နှစ်ယောက်တည်း။အတော်လေးအထိုင်ကျအောင် လုပ်ယူရသည်။ရုံးပိတ်ရက်ဆို လမ်းမြေဖို့တာ လိုက်လုပ်ရသလို အိမ်ထဲမှာ ရေတွေကို မဝပ်ရန် နိုင်သလောက် မြေဖို့ရသည်။ရပ်ကွက်ထဲ အပင်တွေလည်းမရှိ။ကွင်းခေါင်ခေါင်မှာ သစ်ပင်တွေ စိုက်ရသည်။သစ်စေ့မစိုက်နိုင်သဖြင့် ကိုင်းထိုးစိုက်လို့ရသည့် အပင်တွေ အကုန်ထိုးစိုက်၊ အရိပ်ရ အကြီးမြန် သစ်ပင်တွေ စိုက်ရသည်။ကျနော့်ရုံးက မြို့ထဲမှာဖြစ်ရာ လမ်းထဲမှ မြို့ထဲသို့ မှာချင်သည့် ပစ္စည်းတွေကို နိုင်သလောက် ဝယ်ပေးရသည်။သူ့ကို ကိုယ်ကူ၊ ကိုယ့်ကို သူကူဖြင့် ရပ်ကွက်တစ်ခုကို စတည်ခဲ့ရသည်။

မြို့သစ်နေရာမှတပါး အခြားသွားနေစရာမရှိသည့်သူများဖြစ်သဖြင့် နေချင်လည်းနေ၊ မနေချင်လည်းနေဆိုသည့် ဘဝဖြစ်သည်။ထိုနေရာတွင် တချို့မှာ ဘဝတွေ ပြိုကွဲရသလို လူမှုရေးနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် အိမ်ထောင်စုတွေ တကွဲတပြားစီ။ဘဝတွေ မြင်ရသည်မှာ ဖျပ်ခနဲ ဖျပ်ခနဲ။တချို့က မြို့သစ်ဒုက္ခကို မခံနိုင်တော့သဖြင့် ရသလောက်နှင့် ရောင်းကာ ရန်ကုန် သမိုင်းဘက်မှာ ပြန်ငှားကြ။တချို့က သူတို့ ယခင်နေခဲ့ရာဒေသမှာ ပြန်ငှားနေကြဖြင့်။ရပ်ကွက်တည်စက လူတွေနှင့် နောက်ရောက်လာသည့်လူတွေဖြင့်။ဘုရင်နောင့်တံတားပြီးစမှာ စပြီးနေသာလာသည်။စက်မှုဇုန်တွေ ဝင်လာတော့ နယ်ကတက်လာသူများဖြင့် ရပ်ကွက်က စည်ကားလာစပြုလာသည်။လမ်းတွေက လမ်းနှင့် တူလာသလို ယခင်ကလို အပြင်ကပြန်လာလျှင် ရွှံ့ပေလာသည့် ခြေထောက်ကို အရင်ဆေးပြီးမှ ဝင်လာရသည်မှ ကွန်ကရစ်လမ်းလေးတွေ ဖြစ်လာသည်။

ယခုတော့ ကျနော်နေသည့်နေရာက အချို့သော ကိစ္စရပ်လေးများမှတပါး နေပျော်လာပြီဖြစ်သည်။တိုက်ခန်းနှင့် မနေနိုင်ဘဲ ရပ်ကွက်နှင့်သာနေတတ်သည့် အမေနှင့်တော့ ယခုအဆင်ပြေနေသည်။ညဘက်ဆို ကလေးတွေက လမ်းမှာထွက်ကစားကြ။လူကြီးတွေက အိမ်ရှေ့မှာ စကားစမြည်ပြော။လမ်းထဲ သာရေးနာရေးဆို တစ်ဦးနှင့် တစ်ဦးကူ။အားလုံးက အတွင်းသိ အစင်းသိတွေ။ရပ်ဆွေရပ်မျိုးတွေ။ဒါက နှစ် ၃၀ ကြာအောင် တည်ဆောက်ခဲ့ရခြင်းကနေ ဖြစ်လာခြင်းတွေ။

မနေ့က ရပ်ကွက်တွေဖျက်တဲ့ သတင်းတွေ Facebook မှာ ဖတ်ရသည်။ဒီသတင်းတွေကိုဖတ်ရင်း စိတ်ထဲမှာ ထိုစဉ်ကအကြောင်းကို ပြန်သတိရမိသည်။မနေ့တနေ့ကလို။ပြန်လည်းမကြုံချင်။ကားတွေနှင့် ရွှေ့ရသည့်အခါ အိမ်နီးနားချင်းအဖြစ် အတူနေခဲ့ရသူတွေ နောက်ပြန်တွေ့ဖို့ မလွယ်သည့် အနေအထားဖြင့် နှုတ်ဆက်ရခြင်းက ယခုတိုင် စိတ်ထဲကြေကွဲစရာ။

ချစ်ခင်သူဖြင့် ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်သောအရပ်မှာ နေရခြင်းမျိုးက ပြန်ပြောရင်သာ ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး။တကယ်တမ်း ကြုံရသည့်အခါ ခံရသူမှာ မသက်သာ။ဘဝတွေ အလဲလဲအကွဲကွဲ။

မောင်ဦးလွင်