【 ဆောင်းပါး 】 သန်လျင်မြေအလွမ်း (၁) (ကျိုက်ခေါက်ဗုဒ္ဓပူဇနိယပွဲတော်)

【 ဆောင်းပါး 】 သန်လျင်မြေအလွမ်း (၁) (ကျိုက်ခေါက်ဗုဒ္ဓပူဇနိယပွဲတော်)

ကျနော်တို့ ငယ်ငယ်က ရန်ကုန်မှာ ဂေဇက်ရဘုရားပွဲတွေ၊ ဂေဇက်မရဘုရားပွဲတွေ အတော်များများရှိသည်ဟု မှတ်မိနေပါသည်။

ဂေဇက်ဆိုတာ အင်္ဂလိပ်စကား (gazette) ဖြစ်၍ အစိုးရထုတ်ပြန်သော ပြန်တမ်းဝင်ဟု ပြောနိုင်ပါသည်။

ယခင် ရှေးကတည်းကရှိလာခဲ့တဲ့ ဘုရားတွေကို အုပ်ချုပ်သူ အင်္ဂလိပ်အစိုးရက ပြန်တမ်းဝင်လို့ လက်ခံပြီး ခွင့်ပြုပြီးသော ဘုရားပွဲဖြစ်ပါသည်။

ကျနော်တို့ အိမ်အနီးအနားမှာ အတော်အတန်ကြီးသော ဘုရား (ကိုးတောင်ပြည့်ထက် ကြီးသောအရွယ်) ကို ရပ်ရွာက ဘုရားပွဲကျင်းပချင်သောအခါ ခွင့်ပြုမိန့် ပါမစ်လျှောက်ရပါသည်။ဘုရားတည်တာလည်း သိပ်မကြာသေးတော့ကာ ခွင့်ပြုရန် သီးခြားလျှောက်ထားရပြီး ခွင့်ပြုမိန့်ပေးပါသည်။ဇလွန်မှာဆို ပြည်တော်ပြန်ဘုရား၊ မင်းဘူးမှာဆို ရွှေစက်တော်၊ ပုသိမ်မှာဆို ရွှေမုဌော၊ မကွေးမှာဆို မြသလွန်ဘုရား စသည်ကဲ့သို့ဖြစ်ပါသည်။လူသိများထင်ရှားသော ဘုရား၊ ဂေဇက်ဝင်ဘုရားဟု ပြောတတ်ကြပါသည်။တန်ခိုးကြီးဘုရားဟု အလွယ်ပြောသည်များလည်းရှိပါသည်။

ကျိုက်ခေါက်မှာ သမိုင်းဝင်ဘုရားဖြစ်၍ ဂေဇက်ဝင်ဘုရားဟု သိကြပါသည်၊ ဗုဒ္ဓဘာသာများက ကိုးတောင်ပြည့်ဘုရားလေးမှသည် ရွှေတိဂုံကဲ့သို့ ဘုရားကြီးအထိ ဘုရားပွဲ ကျင်းပလိုကြပါသည်။သန်လျင်အရပ်တွင်နေသော ဗုဒ္ဓဘာသာ မွန်များ၊ မြန်မာများလည်း ဤသို့ပင်ဖြစ်ပါလိမ့်မည်။

ဘုရားပွဲသို့သွားရင်း ကိုယ့်ဒေသ လယ်ယာကိုင်းကျွန်းက ထွက်သော အသီးအနှံများ ရောင်းချချင်သလို ကိုယ့်ဒေသမှာ လိုအပ်သော အထက်အညာထွက် ငရုတ်၊ မန်ကျည်း၊ ပုန်းရည် အစလည်း တစ်မိုးစာ တစ်နှစ်စာ ဝယ်လိုကြပါသည်။ကိုယ့်လက်ရာ ရိုးရာသုံး တောင်းတင်း၊ စကော၊ ဇကာများလည်း ရောင်းချင်သလို ကိုယ့်မှာလိုသော တောတိုးအဝတ်အထည်၊ သံထည်၊ ဓား၊ ပေါက်ပြားမှအစ ဓားသွေးကျောက်၊ စဉ့်တီတုံးကအဆုံး ဝယ်ချင်ကြပါသည်။လိုသောပစ္စည်းကို  ဘုရားပွဲကျလျှင် ဝယ်မည်ဟုလည်း မှတ်သားထားတတ်ပါသည်။

တစ်ရွာနှင့် တစ်ရွာ ဝေးလှမ်း၍ မရောက်ဖြစ်သော မတွေ့ရတာကြာပြီဖြစ်သော အဆွေအမျိုး မိတ်သင်္ဂဟများနှင့် တွေ့ဆုံရန်လည်း ကြံရွယ်ထားတတ်ပါသေးသည်၊။

ဘုရားပွဲဆိုသည်မှာ မသိသူများ အပေါ်ယံလျှပ်ပြောသော အပျော်အပါးကိစ္စမဟုတ်။လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ဆွေရေးမျိုးရေးအထိ ပါဝင်နေကြောင်း သတိထားမိပါလိမ့်မည်။

ကျိုက်ခေါက်ဘုရားပွဲတော်သည် အင်္ဂလိပ်ခေတ်ထဲမှာပင် ကျင်းပခဲ့သော ဂေဇက်ဝင်ဘုရားပွဲတော်ဖြစ်၍ ကြက်ပျံမကျ စည်ကားလှပါသည်။သံလျင်မြို့မှာ ရန်ကုန်တောင်ပိုင်းခရိုင်ဖြစ်၍ လူဦးရေကျဲပါးပြီး လယ်ယာနှင့် ရေလုပ်သားတို့ များပြားပါသည်၊ ရန်ကုန်မှာ တပေါင်းပွဲတော်ဟု အသိများသော ရွှေတိဂုံစေတီတော်ကြီး ဘုရားပွဲ မလုပ်ဖြစ်တာ အတော်ကြာပါပြီ။နှစ် (၃၀) ခန့်ပင်ရှိပြီ ထင်ပါသည်၊။ယခင်ကာလများနှင့် နှိုင်းစာလျှင် ဆိုင်တွေလည်းနည်း ပွဲတွေလည်း နည်းပါးသွားသည်။ယခင်ကာလများကထက် ရိုးရာဖြစ်သော နွားလှည်းတွေ လှေတွေလည်း နည်းပါးသွားပါသည်။ထွေလာဂျီတွေကို ပို၍တွေ့လာရ၏။နောက်ဆိုလျှင် နွားလှည်းများတွေ့ရန်ပင် ခက်ခဲလာပြီးလျှင် “နွားလှည်းမဝင်ရ” ဟူ၍ပင် ဆိုင်းဘုတ်တင်ထားမလား မဆိုနိုင်ပါ။

ရန်ကုန်၊ ပန်းဆိုးတန်းလမ်းနှင့် ၃၇ လမ်းဂိတ်ကနေ သန်လျင်အထူးကားစီးသွားလျှင် သံလျင်တံတားကြီးကိုဖြတ်၍ သန်လျင်ဈေး နာရီစင်အလွန်တွင် ကျိုက်ခေါက်ဘုရားကြီးခြေတော်ရင်းကို တွေ့ရမည်ဖြစ်သည်။မြောက်ဘက်ကနေကြည့်လျှင် ရွှေရောင်ဝင်းလက်နေသော ကျိုက်ခေါက်ဘုရားကြီးကို လုံးတော်ပြည့် ဖူးတွေ့ရမည်လည်းဖြစ်သည်။

သန်လျင်၏ အဓိကလမ်းမကြီးသည် ဘုရားခြေတော်ရင်းအနီးကပင် ဖြတ်သွားရသည်ဖြစ်၍ ကတ္တရာလမ်းဘေးတစ်လျှောက် ဝဲယာမှာ ပွဲဈေးခင်းကြီးက ပြည့်နေပါသည်။ဘုရားမြောက်ဘက်မှာ ကွက်လပ်ကြီးရှိနေတော့ ပွဲတော်ကျင်းပရေးကော်မတီနှင့် လုံခြုံရေးများရှိသည့်အပြင် အကွက်ရိုက်ချထားသော ပွဲတော်ဆိုင်ခန်းများလည်းရှိနေကြသည်။

ဘုရားပွဲတော်က တပို့တွဲလဆန်း (၈) ရက်ကနေ လပြည့်အထိ ကျင်းပတတ်သည်။သတိထားမိသရွေ့ အောင်ပန်းမြို့မှသည် ဆောင်းခိုရန် ရန်ကုန်ရောက်လာသော စာရေးဆရာကြီး ဒဂုန်တာရာ နွေဦးမှာ အောင်ပန်းကို ပြန်မည်ဖြစ်၍ သာယာလှပသော သံလျင်မှာ တပည့် တပည့်မများက နှုတ်ဆက်ပွဲ ကျင်းပကြပါသည်။နှုတ်ဆက်ပွဲကို ရုံးပိတ်ရက်လည်းဖြစ်သော ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ-၁၂) မှာ ကျင်းပပါသည်၊ သည်ပွဲကို စတင်ကျင်းပသူမှာ ဆရာလေး (ဆရာဝန်) တင်စံဦး ဖြစ်ပါသည်။ကျင်းပပြီး မကြာမီနှစ်များအတွင်း အတော်အတန် ပရိသတ်များလာပါသည်။ကျင်းပစက ဆယ်ယောက် တစ်ဆယ့်ငါးယောက်မျှသာဖြစ်သော်လည်း နောက်ပိုင်းမှာ သုံးလေးဆယ် ဖြစ်လာပါသည်။ကျနော် ထိုနှုတ်ဆက်ပွဲကို နှစ်စဉ်ရောက်ဖြစ်တာ ဆရာတာရာ မကွယ်လွန်မီအထိ ဆယ်နှစ်ကျော်ရှိမည် ထင်ပါသည်။ကျနော်က ကျိုက်ခေါက်ဘုရားပွဲတော်ကို နှစ်စဉ်ရောက်ဖြစ်သည်မှာ ထိုမျှရှိနေပြီဖြစ်သည်။ နှစ်စဉ်လိုလို ရောက်ဖြစ်သည်မှာလည်း အကြောင်းနှစ်ခုရှိပါသည်၊ အကြောင်းတစ်ခုမှာ ဆရာတာရာ နှုတ်ဆက်ပွဲရှိ၍ဖြစ်ပြီး အခြားတစ်ခုမှာ နှစ်တိုင်း ဘုရားပွဲဈေးမှာ ဒန်အိုးစက်ကိုယ်စားလှယ်အဖြစ် ဆိုင်ဖွင့်သော သူငယ်ချင်း သိန်းထွန်းနှင့် မငြိမ်းတို့ ရှိနေ၍ဖြစ်သည်။ဆရာတာရာ နှုတ်ဆက်ပွဲပြီးလျှင် မပြန်သေးဘဲ ပွဲကြည့်တတ်သည်။ကျနော်က ပွဲကိုဝါသနာပါသော ပွဲကြိုက်မောင်ဖြစ်သည်၊ မဂ္ဂဇင်းဂျာနယ်၏ အယ်ဒီတာလည်းဖြစ် သတင်းထောက်တစ်ပိုင်းလည်း ဖြစ်နေသောကြောင့် ပွဲလည်းကြည့်ဖြစ် ဓာတ်ပုံအက်ဆေးလည်း ရေးဖြစ်ပါသည်။သူငယ်ချင်းရှိ၍ ထမင်းဖိုး ယမကာဖိုးလည်း မပူရတော့ တစ်ရက်မက နှစ်ရက်မကလည်း နေတတ်ပါသည်။

ဘုရားရင်ပြင်တော်ပေါ်မှာလည်း ကြာဆံကြော်မှသည် ဒံပေါက်ထမင်းအထိ၊ သံပုရာရည်မှသည် မုန့်လက်ဆောင်းအထိ အတိုက်အကျွေးများက နေ့စဉ်လိုလိုရှိပါသည်။

ပွဲတော်မှာ အဖိတ်နေ့ည၊ လပြည့်နေ့ညဆိုလျှင် တိုး၍မပေါက်တော့ပါ၊ အရှေ့ဘက်စောင်းတန်းမှာ ဘုရားဖူးအများ ဈေးသည်အများရှိပါသည်။အဓိကလမ်းမဖြစ်သော ကတ္တရာလမ်းနှင့် ကားမှတ်တိုင်များရှိသော စောင်းတန်းလည်းဖြစ်ပါသည်။နေ့တစ်ဝက်လောက်ကပင် လိုင်းကားလမ်းများလည်း တဖြည်းဖြည်းပိတ်ကုန်ပါသည်။အမှန်တော့ ဒီလမ်းက သံလျင်-သီလဝါအထိ ပေါက်ပါသည်။နာမည်ကြီး တညင်ရေလယ်ဘုရား (အရပ်အခေါ်)၊ ပါဒကြီး-ပါဒလေး ဘုရားများလည်း ရှိနေပါသေးသည်။ပါဒကြီး-ပါဒလေး ဘုရားတို့မှာလည်း ကျိုက်ခေါက်ဘုရားကဲ့သို့ပင် ရှေးကျ၍ ရှည်လျားသော သမိုင်းရှိပါသည်။

ရှေးဦးနယ်ချဲ့ဟုဆိုကြသော ငဇင်ကာခေါ် ဒီဘရစ်တိုနှင့် ဟံသာဝတီခေတ်၊ တောင်ငူခေတ်၊ မြောက်ဦးခေတ်၊ အင်းဝခေတ် တစ်ကြောမှာ၊ သံလျင်သည်လည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်ခဲ့ဖူးပါသည်။ ၁၅ ရာစု၊ ၁၆ ရာစုကတည်းက မြန်မာပြည်သို့ ရှေးဦးစွာရောက်လာသော အနောက်တိုင်းသား ပေါ်တူဂီတို့၏ ရာဇဝင်များလည်း အတော်များများရှိသည်။အင်္ဂလိပ်တို့မှာ အတော်နောက်ကျသော ၁၈ ရာစု အလယ်ပိုင်းလောက်မှသာ ရောက်လာသူများဖြစ်ပါသည်။ ၁၅ ရာစုထဲမှာ မွန်၊ မြန်မာ၊ ရခိုင်နှင့် ယိုးဒယားတို့၏ ယှက်လိမ်နေသော ဖြစ်စဉ်များလည်း အတော်များခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတွင် အနောက်တိုင်းသားတို့ နယ်ချဲ့ခဲ့ကြသည်မှာ ပေါ်တူဂီနှင့် စပိန်တို့မှာ ရှေ့ဦးဆုံးဖြစ်ပါသည်။၎င်းတို့မှာ အဝေမတည့်ကြတိုင်း ပုပ်ရဟန်းမင်းကြီးကို တိုင်ကြသဖြင့် ရဟန်းမင်းက ကမ္ဘာ့တောင်ခြမ်းကို ပေါ်တူဂီယူ၊ ကမ္ဘာ့မြောက်ခြမ်းကို စပိန်ယူစေဟု ခွဲဝေခဲ့ဖူးပါသည်၊ (၎င်းကာလ သမိုင်းကို သီးခြားရေးသားပါမည်)။

မြန်မာပြည်သို့ ဦးစွာရောက်လာကြသည်မှာ ပေါ်တူဂီများဖြစ်ပါသည်၊ ငဇင်ကာနှင့်အတူ ပူးတွဲတရားခံဖြစ်ရသူ နတ်သျှင်နောင်၏ သမိုင်းတစ်စွန်းတစ်စသည်လည်း သံလျင်မှာရှိခဲ့ဖူးသည်။

အောက်ပြည်အောက်ရွာတွင်ရှိသော ဘုရားပွဲတော်များအနက် အစည်ကားအများပြားဆုံးမှာ ကျိုက်ခေါက်ဘုရားပွဲတော်ဟု ဆိုရပါမည်။ဒုတိယအစည်ကားဆုံးမှာ ပဲခူး၊ ရွှေမော်ဓေါဘုရားပွဲတော်ဟု ဆိုနိုင်ပါမည်။နှစ်စဉ် ကျင်းပဆဲ ဘုရားပွဲတော်များမှာ တွံတေးရွှေဆံတော်၊ ဗိုလ်တထောင်၊ ကျိုက်ဝိုင်း၊ မယ်လမု၊ သင်္ဃန်းကျွန်း ရွှေဆံတော်၊ မိုးကောင်း၊ ကျိုက်ကလို့-ကျိုက်ကလဲ့ ဘုရားပွဲတော်များဖြစ်ပါသည်။

သန်လျင်မြေ တစ်စလောင်း တစ်သောင်းတန်မည်ဆိုသော ရှေးသူဟောင်းတို့ စကား မှန်နေလေပြီ။ယခုမူ သီလဝါဆိပ်ကမ်းနှင့် ဂျပန်စီမံကိန်းမြေ သီလဝါစက်မှုဇုန်မှာ တိုင်းပြည်အေးချမ်းသည်နှင့်အမျှ နေ့ခြင်းညချင်း စည်ကားလာပေတော့မည်။နေဝင်သည်နှင့် ပွဲဈေးတော်တစ်ခွင် တစ်ပြင်မှာ စည်ကားဆူညံနေလေပြီ၊ ပွဲတော်လမ်းမတန်းဈေးအပြင် ဈေးကွက်ရိုက်ထားသော လမ်းမှာလည်း ဆိုင်ခန်းများက အစီအရီတည်ရှိနေပါသည်။အထင်ကရနှင့် အများအပြား တွေ့ရသည်မှာ သနပ်ခါးဈေးတန်းကြီးဖြစ်ပါသည်။အောက်ပြည်အောက်ရွာ ဘုရားပွဲရောက်ဖူးသမျှ ကျိုက်ခေါက်ဘုရားပွဲလောက် သနပ်ခါးဆိုင်များတာကို မတွေ့ဘူးသေးပါ၊ ဆိုင်ကလည်း ပင်ရင်းဆိုင်ကြီးတွေဖြစ်၍ အတော်ကျယ်ဝန်းသည်။ဆိုင်ခန်းအရေအတွက်ကလည်း အတော်များသည်။ပခုက္ကူမှာ သနပ်ခါးကျန်သေးရဲ့လားဟု ထင်ရလောက်အောင်လည်း အတော်များများ စင်တင်ထားသည်။အပင်လုံးလောက် ထောင်ပြထားတာလည်း တွေ့ရ၏။ဗိုလ်ချုပ်ဈေး သနပ်ခါးဆိုင်ကြီးများကပင် ဒီမှာလာဝယ်ကြသည်ကို တအံ့တသြတွေ့ရသည်။တစ်တုံးကို တစ်ထောင်လောက်နှင့် ရောင်းနိုင်သော လက်ဖျားပင်အရွယ်များတွေ့ရသလို သိန်းဂဏန်းအထိ ဈေးခေါ်သော ပင်စည်တုတ်တုတ်ကြီးတွေကိုလည်း တွေ့ရသည်။

ဗဖူးနှင်းဆီ
Photo Credit - Myanmar Digital News