【 ဆောင်းပါး 】 သန်လျင်မြေအလွမ်း (၃) (ကျိုက်ခေါက် ဗုဒ္ဓပူဇနိယပွဲတော်)

【 ဆောင်းပါး 】 သန်လျင်မြေအလွမ်း (၃) (ကျိုက်ခေါက် ဗုဒ္ဓပူဇနိယပွဲတော်)

ကျိုက်ခေါက်ဘုရား၏ အရှေ့ဘက်စောင်းတန်းနှင့် အနောက်ဘက်စောင်းတန်းမှာ အထင်ရှားဆုံးနှင့် အစည်ကားဆုံးဖြစ်ပါသည်။ ဇာတ်ပွဲတွေကလည်း ထိုစောင်းတန်းများဘက်မှာသာ ရှိနေကြသည်။ရဟတ်တွေ ချားတွေကလည်း ဇာတ်ပွဲတွေအနီး မြေကွက်လပ်ကျယ်ရာမှာသာ ရှိနေကြ၏။မြောက်ဘက်မှာ ဆိုဗီယက်ပြန် ဦးမောင်မောင်၏ ဆပ်ကပ်။အံ့သြစရာပွဲဟု ဆိုလိုပါသည်။ဆပ်ကပ်ပွဲ၏ ဆင်ကြီးအနားမှာ ကလေးတွေ ဝိုင်းနေကြ၏။တစ်နေရာမှာတော့ မိုးမင်းဇာတ်ပွဲ။မိုးဝင်း၏ သားနှင့် သမီး ဟန်ဇာမိုးဝင်းနှင့် တင်ဇာမိုးဝင်းတို့ ဇာတ်ပွဲရှိသည်။တစ်ဘက်တွင်ကား ဖိုးချစ်ဇာတ်ရုံနှင့် စွမ်းဇာနည်ဇာတ်ရုံတို့ကို တွေ့ရသည်။

သံလျင်သည် ပွဲကြိုက်မောင် ပွဲကြိုက်ခင်တို့၏ မြို့ဖြစ်သည်။မြေစမ်းခရမ်းပျိုးလာသော ပွဲငယ်လေးတွေကိုလည်း အလွယ်တကူပဲ လက်ခံတတ်သည်။အယုတ်အလတ်မရွေး အားပေးတတ်ကြသည်။ဇာတ်ပွဲအချင်းချင်း ဘယ်ပွဲက ဘယ်လိုဟု သံလျင်ပရိတ်သတ်၏ အမှတ်ပေးခြင်းကို သိနိုင်သော ပြဒါးတိုင်မြို့လည်းဖြစ်သည်။အောက်ပြည်က လက်ခံ/မခံ ကျိုက်ခေါက်က အဆုံးအဖြတ်ပေးသည်။

‘သီရိဒုံ’ ဟု အမည်ပေးထားသော မင်းသမီးငယ်တစ်ဦး၏ ဇာတ်ပွဲလည်း ဝင်ကဖူးသည်။မွန်ဇာတ်ပွဲ ခပ်ဆန်ဆန် အခုန်အပျံဖြင့် ကတတ်သည်။ကလပ်က၊ စည်ပိုင်းက၊ ဓားအက စသည်ဖြင့် --။နှစ်များမကြာမီကပင် “ပုလင်းစိန် ဖန်ခွက်စိန် အမြည်းစိန်” ဆိုပြီး ပေါ်လာဖူးသေးသည်။သီရိဒုံကပွဲကိုတော့ ကျနော်လည်း အကဲခတ်ခွင့်ရလိုက်သည်။စတိတ်ရှိုးမကျ ဇာတ်ပွဲမကျ ဖြစ်နေတာ တွေ့သည်။ရွှေလိပ်ပြာလေး စက်သီးကြိုးနှင့် ဝဲပျံနေသော အကပါသည်။ကျနော်ငယ်ငယ်က ရွှေလိပ်ပြာအကမျိုး ကြည့်ဖူးပါသည်၊။အတောင်ပံခတ်တာလေး လှလျှင် ကြည့်ကောင်းတတ်သည်။ရှေးကမင်းသမီး “မထွေးလေး” မှာ “ကိန္နရီအက” နာမည်ကျော်သည်။လက်ကလေးနှစ်ဘက် ကော့၍ ပျံတက်ဟန်မှာ မင်းသမီးကဲပါသည်ဟု အစဉ်အဆက်ပြောခဲ့ကြသည်။ကြည့်ချင်လှပါဘိ။သီရိဒုံမှာ ဇာတ်မင်းသမီးနှင့် မတူသေးသလို အငြိမ့်ကဲ့သို့လည်း မဟုတ်ပြန်ပေ၊ “ပဒေသာကပွဲ” ဟု ပြောလျှင် ရအံ့ထင်သည်။

တစ်ခါက ပဒေသာကပွဲများ ခေတ်ထခဲ့ဖူးသည်။မောင်ကြေးမုံ၏ ပြည်သူ့မုန်တိုင်း၊ ဂျိုးဖြူ စသည်တို့ အားပေးခံကြရ၏။သီရိဒုံ၏ စတိတ်ရှိုးမှာ သိပ်မပီပြင်၊ သီတင်းကျွတ်ရပ်ကွက်စင်လောက်ပဲ ကနိုင်သည်။ခေတ်က စတိတ်ရှိုးနှင့် နှစ်ပါးသွားပဲ ဦးစားပေးဖြစ်နေခဲ့သည်မှာ နှစ်သုံးဆယ်လောက်ရှိနေပြီဖြစ်သည်။နောက်ပိုင်းဇာတ်တော်များ အားပေးမခံရသည်မှာ နှစ်ငါးဆယ်လောက်ရှိသည် ပြောရမည်။အောက်ပြည်အောက်ရွာ၏ အထင်ကရပွဲတော်ကြီးမှာ အပြိုင်အဆိုင်ကကြရာမှာလည်း စတိတ်ရှိုးနှင့် နှစ်ပါးသွားကပဲ အဓိကဖြစ်နေကြ၍ မိုက်ကယ်ဂျက်ဆင် အက ကတတ်ဖို့ လေဒီဂါဂါအက ကတတ်ဖို့လည်း လိုသေးသည်။ပြောရလျှင် ခေတ်ကြီးက ဘယ်ကိုသွားနေသလဲဆို ကမ္ဘာ့စီးကြောင်းအတိုင်း သွားနေသည်ဟူ၍သာ ဆိုရပေတော့မည်။လတ်တလော မိုးကြိုးငှက်ငယ်တို့ ဇာဇာရတနာတို့ ဆွေဆွေစန္ဒီအဖွဲ့တို့မှာ ဟုတ်တာ၊ မဟုတ်တာထား ရုပ်ရှင်တစ်ပွဲစာလောက်ဖြင့် ပိုက်ဆံသဲ့ယူသွားကြသည်။ပွဲကြည့်မည်မဟုတ်ပဲ ဘုရားဖူး၊ ခေါက်ဆွဲကြော် ဘူးသီးကြော်စား၊ ကလေးပူဆာတာကို အာသာပြေ အခြောက်ပွဲကလေးကြည့် အိမ်ပြန်၊ အိပ်ရေးလည်းမပျက်၊ အများအားဖြင့် ကျေးလက်မှ ရောက်လာသူများကတော့ မိုးအလင်းကတာပဲ ကြိုက်ကြသည်။သန်းခေါင်ကျော်ရုံမျှသာဆို အိမ်ပြန်လည်းခက်သည်။သူတို့အတွက်ဖြင့် ဦးမောင်မောင် ဆပ်ကပ်မှာလည်း တေးသရုပ်ဖော်အဖြစ် မိုးအလင်း ကပေးရသည်။သန်လျင်ပရိသတ်ကလည်း ကျေးလက်ကတက်လာသူ အများစုရှိနေသေးသည်။သို့သော် ရန်ကုန်အနီးအနား မြို့ဆိုတော့လည်း တောသားတောသူအစစ်များလည်း မဟုတ်ကြတော့ပေ။

ပွဲတော်လာပရိသတ် ဘယ်လောက်များသည်တော့ မဆိုနိုင်။ကြည့်ချင်ပွဲတွေ ဘယ်လောက်များများ မပြည့်သောရုံ မရှိ။ရုံတိုင်းပြည့်သည်။စနေ-တနင်္ဂနွေနေ့များမှာ ရုံကွဲသည်။သံလျင်ပရိသတ်မှာ ဆရာတာရာ၏ စကားနှင့်ပြောလျှင် ရိုးပြတ်နံ့သင်းသော ပရိသတ်ဖြစ်သည်။အဆင်းရဲဆုံး လယ်ကူလီ လယ်ကပ်ပါးအထိပါသည်။မြေရှင်ယာရှင်တို့သည် အထက်တန်းစားဖြစ်သည်။ခေတ်တိုင်းခေတ်တိုင်းမှာ သူတို့လို လယ်ကူလီအများစု လူတန်းစားအတွက် အစိုးရအသီးသီးက သာတူညီမျှဖြစ်ဖို့ ကြိုးစားသည်ဟု ဆိုကြသည်။ဤသို့ဆိုကာ သူတို့တွေပဲ အိတ်ဖောင်းသွားကြသည်။

ဆရာမောင်ထင်၏ ‘ငဘ’ ဆိုသော ဝတ္ထုမှာ ‘အူတူ အတတ’ နင်းပြား လယ်သမားတို့၏ ဘဝကို ဖွဲ့ထားဖူးသည်။သူတို့ ပွဲကြည့်ဖျာအောက်မှာ ရိုးပြတ်တွေရှိကြသည်။မြို့တော်သိန်းအောင်ဇာတ်ပွဲခေတ်မှာ ‘ရိုးပြတ်တောမှ တောက်ခေါက်သံ’ ဆိုသော ပြဇာတ် လူကြိုက်များခဲ့ဖူးသည်။ပြဇာတ်မင်းသား လူငယ်ကြည်ခိုင်၊ သဘာဝသန့်စင်၊ အပယ်ခံကျည်းတန်၊ ဘီအီးဒီအောင်သိုက်တို့ ခေတ်များမှာလည်း ‘နင်းပြား လယ်သမားတို့ဘဝ’ ကို အထူးတလည် တင်ဆက်ခဲ့ကြဖူးပါသည်။

လယ်သမားဘဝ ဖော်ကျူးချက်များသည်လည်း ခေတ်စားလိုက် လူကြိုက်များလိုက် မေ့မေ့ပျောက်ပျောက်ဖြစ်သွားလိုက်ဖြင့် သူတို့ဘဝများမှာ ယခုအချိန်အထိ ပတ်လည်ရိုက်နေဆဲဖြစ်သည်။ပွဲတော်တစ်ခု (ဘုရားပွဲဖြစ်စေ အခြားပြည်ထောင်စုပွဲ လွပ်လပ်ရေးပွဲဖြစ်စေ) ဇာတ်ပွဲကို အကြောင်းပြု၍ ညဈေး ပွဲခင်းဈေးမှာ ခြေခင်းလက်ခင်းသာချိန် အညောင်းအညာပြေ လမ်းလျှောက်ချင်ကြသည်။ပွဲတော်တစ်ခု၏ အဓိကကျသော အင်္ဂါရပ်ထဲမှာ ဇာတ်ပွဲတစ်ခုခုသည်လည်း ပါသည်။ဇာတ်ပွဲကလေးတစ်ခုခုပါမှလည်း ပွဲကစည်သည်။

မြန်မာဇာတ်ပွဲများသည် ခေတ်တစ်ခုဆီကို ရွေ့နေသည်။ ၁၉၉၀ ကျော်တွင် ဇာတ်စင်ပေါ်သို့ ခေတ်ပေါ်စတိတ်ရှိုးတွေ ရောက်လာသည်။ဇာတ်၏ ပင်မကြောရိုးသဖွယ်လည်း ဖြစ်လာသည်။ရွှေမန်းတင်မောင်၊ စိန်အောင်မင်း ခေတ်အထိ အဆိုအငို အကအလှများဖြင့် ဆွဲဆောင်ထားနိုင်ဆဲရှိသေးသည်။

ဆရာမကြီး လူထုဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်တွင် မြေဝိုင်းခေတ်အစမှသည် ဇာတ်စင်ပေါ်ရောက်လာသောခေတ် ဂရိတ်ဖိုးစိန်အထိ စေ့ငုတင်ပြထားသည်။ “အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး” မှာလည်း ထိုခေတ်ကာလ ဇာတ်စင်ထက်က အနုပညာကို ထင်ဟပ်ပြနိုင်သည်။ “အောင်မောင်း ပန်းပဲ၊တင်မောင် လက်ဝဲ၊ ဖိုးစိန် မဏိကက်” ဟု ဆိုစကားများ ကျန်ခဲ့သည်။

“မင်းသားကြီး အောင်မောင်းက “ပန်းပဲမောင်တင့်တယ်” ဇာတ်မှာ အကောင်းဆုံး၊ ရွှေမန်းတင်မောင်က “လက်ဝဲသုန္ဒရ” တွင် အထိမိဆုံးဟုဆိုကြပြီး ဖိုးစိန်ကြီးသည် “မဏိကက်” ဇာတ်မှာ အလိုက်ဖက်ဆုံးဟု ဆိုကြသည်။

မင်းသမီးများတွင် ဟိုဘက်ခေတ်က “ပဲခူးမြ” ဖြစ်၍ ကျနော်တို့ငယ်စဉ်ခေတ်တွင် “အောင်သန်းတင်” ဟု ပြောနိုင်သည်။ဗီဒီယိုလို အလွယ်ရိုက်ကူးနိုင်သောခေတ် မဟုတ်သေးတော့ ဓာတ်ပြားတွေပဲ ကျန်ရစ်ခဲ့၍ အသံကိုတော့ နားဆင်နိုင်သေးသည်။အသံဝိဇ္ဇာ အသံမင်းသားတွေ နာမည်ကျော်ကြားခဲ့ကြသည်။အသံဝိဇ္ဇာဖြစ်သူ ရွှေကျီးညို (ဓာတ်ပြားတက္ကသိုလ် ရွှေကျီးညို) မှာ ကျနော်တို့နှင့် အတန်ငယ်ဝေး၍ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ရွှေမန်းကျော်အောင်၊ ပန်တျာကြည်လင်တို့ကိုတော့ ကျနော်တို့နှင့်နီးသဖြင့် သိမီလိုက်ပါသေးသည်။

ဒီဘက်ခေတ်အတွင်း မင်းသမီးထဲမှာ ရွှေမန်းတင်မောင့် မင်းသမီး “အောင်သန်းတင်” နှင့် ပန်တျာကြည်လင့် မင်းသမီး “ပန်တျာတင်တင်မြင့်” မှာ သိမီနိုင်ကြမည် ထင်သည်။

နောက်ပိုင်းဇာတ်တွေလည်း မမီခဲ့ မကြည့်ခဲ့ရသူတွေကို နောက်ပိုင်းဇာတ်တွေ ကောင်းလှကြောင်း ပြောရသည်မှာ အတော်ခက်သည်။ရွှေမန်းတင်မောင်နှင့် အောင်သန်းတင်တို့၏ “ရွဲကုန်သည်”။ပန်တျာကြည်လင်နှင့် ပန်တျာတင်တင်မြင့်တို့၏ “မြစိမ်း” - သိုက်သမိုင်း-လောက်နား ထောင်ဖူးလျှင် တော်လှပြီဟုဆိုရမည်။

သံလျင်ကျိုက်ခေါက်ပွဲတွင် ခေတ်ကြီး ဘာတွေ ဘယ်လိုပြောင်းနေသလဲဟု သတိထားလေ့လာလျှင် မြင်ရနိုင်သည်။ဘိုးဘေးများခေတ်ကတည်းက ဘုရားပွဲသို့ နွားလှည်းဖြင့်သာ လာနေကြရာမှ ကျန်ခဲ့သော ဆယ်စုကာလထဲတွင် ထွေလာဂျီတွေကို တစ်စီးစ နှစ်စီးစ စတင်မြင်လာရသည်။တဖြည်းဖြည်း ဘုရားပွဲ ကထိန်ပွဲများတွင် တွေ့ရမြင်ရများလာသည်။နောက်ထပ် တစ်နှစ်ပြီး တစ်နှစ်မှာ နွားလှည်းတွေ ပျောက်ပျောက်လာသည်။နွားလှည်းဖြင့် သွားရလာရသည်ပင်လျှင် သိမ်ငယ်သလိုလိုလည်း ဖြစ်လာသည်။နွားစာအတွက် ကောက်ရိုးစဉ်းရ ရိုးဖြတ်စဉ်းရသည်ပင်လျှင် ကရိကထများသလိုလို ထင်လာကြသည်။နွားလှည်းထက် ပိုမြန်သည်ကိုလည်း ပိုသဘောကျလာသည်။တလင်းထဲ စပါးနယ်ရ စပါးသယ်ရတာလည်း ပိုလွယ်သည်ဟု ထင်လာသည်။ကြာသောအခါ စက်နှိုးရခက်ကြောင်း စက်ပျက်သွားလျှင် ပြင်ရမလွယ်ကြောင်း၊ အပိုစပယ်ယာပစ္စည်းများလည်း ဈေးကြီးကြောင်း သိလာသည်။

သို့သော် နွားညီနောင်သည် မရှိတော့။သားသတ်ရုံရောက်သွားပြီလား နယ်စပ်ကျော်သွားပြီလား မသိနိုင်တော့။လယ်သမားအဘိုးအို စကားစဖြစ်တော့ စက်ဆီကို ဘယ်သူက အလကားပေးမှာလဲ၊ ဈေးကလည်း တက်လိုက်သမှ၊ စက်ဆီမသန့်လို့ ထိုးရပ်၊ စက်ပျက်လို့ ထိုးရပ်၊ ကုန်းအတက်မို့ ဆင်းတွန်း၊ မိုးများရင် စက်ရပ်ထားရ၊ အဘိုးအိုက ခေါင်းကို တွင်တွင်ခါရမ်းနေသည်၊ နွားသုံးရသလောက် စိတ်မချမ်းသာဘူးဟု ပြောနေသည်။

ထို့အတူ တစ်နှစ် တစ်နှစ် စက်ဘီးထက် ဆိုင်ကယ်တွေက ပိုများလာသည်။အဘိုးအိုက ဟိုဟိုဒီဒီသွားတာကလွဲလို့ ဘာမှအသုံးမတည့်ဘူး၊ စီးပွားရေးလည်းလုပ်မရ။ဓာတ်ဆီကုန် စက်ပျက်၊ အသုံးတည့်လျှင် မပြောဘူးဟု ဆက်ပြောနေသည်။

ကျနော်က ဗီယက်နမ်မြို့ပြမှာ ဆိုင်ကယ်များလှသည်ကို တွေ့ဖူးသည်။မီးပွိုင့်မှာပင် ကားအများစုက ဆိုင်ကယ်တွေကို လမ်းလု၍ မမောင်းပါ။ဦးစားပေးသည်။ပြီးမှ ကားတွေကမောင်းသည်။ဆိုင်ကယ်များမှာ စက်ရုံဆီကို အမြန်ရောက်ရမည့် အလုပ်သမားများဖြစ်သည်။ ၁၅ မိနစ်အလုပ် နောက်ကျလျှင် အလုပ်ချိန်အတွင်း အများကြီးနစ်နာသွားမည်။

အဘိုးအိုက ခေါင်းကိုခါလျက်က ဘာမှအသုံးမတည့်ဘူး ကြွားတာပဲ။သူက ရပ်ကွက်ထဲမှာ ဈေးသွားတာ၊ လက်ဘက်ရည် မုန့်ဟင်းခါးဝယ်တာလောက်ဖြင့် ဆိုင်ကယ်သုံးတာကို မြင်ရပါများနေသည်။

ဗဖူးနှင်းဆီ
ရည်ညွှန်း -  ပြည်သူချစ်သော အနုပညာသည်များ (လူထုဒေါ်အမာ)
              - စာအုပ် စောင်ကြိုး ဆေးစက် ကတ္တီပါကားလိပ် (ဒဂုန်တာရာ)