【 ဆောင်းပါး 】 သူတို့ စိတ်လှုပ်ရှားပျော်ရွှင်ပါ‌စေ

【 ဆောင်းပါး 】 သူတို့ စိတ်လှုပ်ရှားပျော်ရွှင်ပါ‌စေ

အရင်အပတ်က ဆောင်းပါးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြုံလာတဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာ လက်ခံဆောင်ရွက်သင့်ပြီး ဘယ်လိုအခြေအနေမျိုးကျ ငြင်းသင့်တယ်ဆိုတာကို မော်တန် တီ ဟန်ဆန်က လက်တွေ့အဖြစ်အပျက်တွေနဲ့ ဥပမာ‌ပေး ညွှန်ပြပြီးတဲ့နောက် ဒီဆောင်းပါးမှာတော့ မိမိက ပူးပေါင်းဆောင်ရွက်မှုရအောင် မဖြစ်မနေလုပ်ရမယ့် အခြေအနေမှာ ဘယ်လိုလုပ်‌သင့်တယ်ဆိုတာကို သူ့ထုံးစံအတိုင်း လူ ၅,၀၀၀ နဲ့ ပြုလုပ်ထားတဲ့ သုတေသနထဲက စိတ်ဝင်စားစရာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ပြောပြတာတွေကို ဆက်လက်လေ့လာကြည့်ကြရအောင်။

သင်နဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိကြောင်း ဘာလို့ လူတွေက ဖော်ပြနေတာလဲ။အဓိကအကြောင်းအရင်းတစ်ခုကတော့ ရေရာတဲ့ ပန်းတိုင်မရှိလို့ဖြစ်ပါတယ်။

ကျွမ်းကျင်တဲ့ နိုင်ငံတကာဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ DNV ရဲ့  ကုမ္ပဏီတွင်းမှာရှိတဲ့ အလားအလာကောင်းတွေကို ရှာဖွေဖော်ထုတ်ဖို့ ပရောဂျက်အတွက် လုပ်ငန်းဌာန နှစ်ခုကို ပူးပေါင်းထားတဲ့ ခြောက်ဦးအုပ်စုရဲ့ ဥပမာကို စဉ်းစားသုံးသပ်ကြည့်ရအောင်။

ပထမလုပ်ငန်းဌာနက စားသောက်ကုန် ကုမ္ပဏီတွေကို သူတို့ရဲ့ ပို့ဆောင်ပံ့ပိုးရေး လုပ်ငန်းစဉ်တွေမှာ အီကိုလိုင် လိုမျိုး ဘက်တီးရီးယားတွေရဲ့ အန္တရာယ် လျှော့ချနိုင်ဖို့  အကြံပေးဝန်ဆောင်မှုကို လုပ်ရတာဖြစ်တယ်။

ဒုတိယလုပ်ငန်းဌာနက စားသောက်ကုန် ကုမ္ပဏီတွေကို သူတို့ရဲ့ ပို့ဆောင်ပံ့ပိုးရေး လုပ်ငန်းစဉ်တွေက ကျန်းမာရေးနဲ့အညီ သန့်ရှင်းစွာလုပ်ဆောင်ကြောင်း လက်မှတ်ထုတ်ပေးတဲ့ တာဝန်ယူရတာပါ။အဲဒီအကြံပေးဌာနနဲ့ အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးတဲ့ ဌာနတို့ဟာ စားသောက်ကုန်လုပ်ငန်းလုပ်နေတဲ့ ဖောက်သည်အသီးသီးကို သီးခြားလွတ်လပ်တဲ့ ဌာနအဖြစ် ရပ်တည်ပြီး ပံ့ပိုးလုပ်ဆောင်ပေးနေကြတာဖြစ်တယ်။

အဲဒီပူးပေါင်းဆောင်ရွက်မှု ပရောဂျက်ကို အတူတူလုပ်ဆောင်ကြတဲ့အခါမှာ သူတို့ရဲ့ ဖောက်သည်တွေကြားမှာ အပြန်အလှန် ကူးသန်း (Cross-Selling) ရောင်းချနိုင်အောင် ကြိုးစားလုပ်ဆောင်ကြတယ်။ (မူရင်းဆောင်းပါးထဲမှာ Cross-selling လို့ ရေးထားတာပါ၊ ဆိုလိုတာက ဌာနနှစ်ခုတွဲပြီး အကြံလိုချင်တဲ့ ဖောက်သည်ကို အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် ရောင်းချနိုင်အောင် ကြိုးစားသလို၊ အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် လိုချင်တဲ့ ဖောက်သည်ကိုလည်း အကြံပေးဝန်ဆောင်မှု ရောင်းချဖို့ ကြိုးစားတာကို ဆိုလိုတာပါ - စာရေးသူ။)

တကယ်လို့ သူတို့သာ သတ်မှတ်ထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် သူတို့ဆန်းသစ်ထားတဲ့ လုပ်ငန်းဆောင်ရွက်ပုံစံကနေ လုပ်ငန်းနှစ်ရပ်ပေါင်း‌ ရောင်းချငွေ ၅၀ ရာခိုင်နှုန်း  တိုးတက်လာအောင် လုပ်ဆောင်ဖို့ ရည်မှန်းထားခဲ့ကြတယ်။

နောက်နှစ်နှစ်ကြာတဲ့အခါ အဲဒီပူးပေါင်းဆောင်ရွက်မှု ပရောဂျက်ကြီး ကျဆုံးသွားခဲ့တယ်။ဘာကြောင့်လဲ။အဓိကအရေးအကြီးဆုံး အချက်ကတော့ တူညီတဲ့ပန်းတိုင် မရှိတာပါ။အဖွဲ့နှစ်ဖွဲ့ စလုပ်ကြပြီဆိုတာနဲ့ အကြံပေးအဖွဲ့ရဲ့ ပန်းတိုင်က - အကြံပေးမှုကနေ ရောင်းရငွေ အမြင့်ဆုံးရဖို့ပဲဖြစ်တယ်။အဲဒီလိုပဲ အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ရောင်းချတဲ့ အဖွဲ့မှာလည်း သူတို့ရဲ့ပန်းတိုင်က လက်မှတ်ရောင်းရငွေ အများဆုံးဖြစ်စေရမယ်ဆိုပြီး နောက်တစ်မျိုး ဖြစ်နေပြန်တယ်။အဲဒါတွေရဲ့ အကျိုးရလဒ်က တစ်ဖွဲ့က နောက်တစ်ဖွဲ့ အလုပ်ကောင်းအောင် ကူညီမှုဖို့ အင်တိုက်အားတိုက် ပူးပေါင်းမလုပ်ဆောင်တာပဲဖြစ်ပါတယ်။

ပရောဂျက်မန်နေဂျာတွေ တစ်ယောက်နဲ့ တစ်ယောက် လုပ်တာကိုင်တာ မတူတာ ဘာရှိနိုင်မလဲ။သူတို့က ဆွဲဆောင်မှုအားကောင်းတဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို တင်ပြနိုင်တယ်၊ ဥပမာ - “နောင်လာမယ့် သုံးနှစ်အတွင်း စားသောက်ကုန် ဈေးကွက်အတွင်း ကုန်ပစ္စည်း နှစ်မျိုးစလုံးရဲ့ ဈေးကွက်ဝေစုကို ၅၀ ရာခိုင်နှုန်း တိုးတက်စေမယ်” ဆိုတာမျိုးပေါ့။အဲဒီလို အရောင်းအဖွဲ့ နှစ်ဖွဲ့လုံးအတွက် တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် ထားရှိတာက နှစ်ဖွဲ့လုံးကို ဈေးကွက်ထဲမှာ အောင်မြင်အောင် အတူတကွလုပ်ဆောင်စေလာအောင် စိတ်လှုပ်ရှားတက်ကြွစေနိုင်ပါတယ်။

အဂျေးလန့်က မိုက် က LC triple quad ကုန်ပစ္စည်းအတွက် အဲဒီလို ဆွဲဆောင်မှုအားကောင်းတဲ့ “သုံးနှစ်အတွင်း အရောင်းဝင်ငွေ သုညကနေ ဒေါ်လာ သန်း ၁၅၀ ဖြစ်လာစေမယ်” ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ထုတ်ဖော်နိုင်ခဲ့တယ်။ကျွန်တော်တို့သိခဲ့တဲ့အတိုင်း ဇီဝသိပ္ပံအဖွဲ့အစောပိုင်းမှာ သူတို့ရဲ့ ဇီဝသိပ္ပံဖောက်သည် ကွက်ကွက်လေးအပေါ်မှာ LC triple quad က ရလာမယ့် ဝင်ငွေအခွင့်အလမ်း နည်းနည်းလေးကိုပဲကြည့်ပြီး မိုက်ရဲ့ အကြံဉာဏ်ကို ကန့်ကွက်ခဲ့တယ်။မိုက်က ဇီဝသိပ္ပံရဲ့ ကဏ္ဍအသေး‌လေးအပေါ်မှာပဲ စဉ်းစားတာမျိုးမဟုတ်ပဲ ဈေးကွက်ကြီးတစ်ခုလုံးမှာဖြစ်လာမယ့် အခြေအနေကို သုံးသပ်မျှော်မြင်ပြီး ဆွဲဆောင်မှုအားကြီးတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖော်ထုတ်ပြသခဲ့တယ်။အဲဒီပိုမိုကြီးကျယ်ပြီး ထင်သာမြင်သာရှိတဲ့ ပန်းတိုင်ကြီးက အဖွဲ့နှစ်ဖွဲ့လုံးရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့တယ်။

တူညီတဲ့ ပန်းတိုင် ထားရှိတာဟာ အင်အားကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ တူညီတဲ့ ကောင်းခြင်းအတွက် စိတ်ပါဝင်စားမှုနဲ့ တစ်ယောက်ချင်းရဲ့ ပါဝင်ကူညီမှုကို ရရှိစေသောကြောင့်ဖြစ်ပါတယ်။

အရှေ့က “တိုက်ခိုက်ပြီး စည်းရုံးပါ” ဆိုတဲ့ ဆောင်းပါးမှာ အဖွဲ့ရဲ့ ပန်းတိုင်ကို ဖော်ဆောင်ခြင်းဖြင့် အဖွဲ့ဝင်တွေရဲ့ စည်းလုံးမှုကိုရရှိဖို့ဟာ အရေးကြီးကြောင်း အလေးပေးဖော်ပြ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ဒီပန်းတိုင်တွေက ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်တွေအတွက် ပိုပြီးအရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ ဖြစ်လာနိုင်ခြေရှိတဲ့ ရည်မှန်းချက် ဝိရောဓိတွေကို တိုင်းတာတွက်ချက်ပေးနိုင်တဲ့အတွက်ဖြစ်တယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ “သူ/သူမက အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါမှာ တူညီတဲ့ ပန်းတိုင် သေချာစွာရှိစေပြီး၊ ကိုယ့်အလုပ်သာလျှင် ပြီးစီးစေဖို့အတွက် ပုဂ္ဂလိက ရည်ရွယ်ချက်သက်သက် မဖြစ်စေပါ” ဆိုတဲ့ အဆိုနဲ့ ကိုက်ညီသူတွေကို အမှတ်ပေးပါတယ်။

“အမျိုးသမီးတွေက အမျိုးသားတွေထက် ဒီအချက်မှာ အမှတ်ပိုရကြတယ်။အမျိုးသမီး တစ်ဝက်နီးပါး (၄၇ ရာခိုင်နှုန်း) က တူညီတဲ့ ပန်းတိုင်ကို သတ်မှတ်ထားရှိကြပြီး၊ အမျိုးသားတွေကတော့ ဒါနဲ့ ဆန့်ကျင်ဘက် ၃၉ ရာခိုင်နှုန်းသာရှိပါတယ်။

          စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်မှုအတွက် ဒုတိယစည်းမျဉ်း

“နေကြပါဦး။ကျွန်တော်က အကြီးဆုံးအရာရှိ မဟုတ်ပါဘူး၊ ရာထူးနိမ့်ပါတယ်။ တခြားဌာနက လူတွေပါ နှစ်သက်သဘောတူမယ့် ပန်းတိုင် သတ်မှတ်နိုင်စွမ်းမရှိပါဘူး” လို့ ခြေကားရား လက်ကားရား အူယားဖားရားနဲ့ အကြောက်အကန် ပြောမိကောင်း ပြောမိလိုက်ပါလိမ့်မယ်။ကျွန်တော် ဒီလိုငြင်းတာမျိုး မကြာခဏကြားဖူးနေကျပါ။ဒါပေမဲ့ အဂျေးလန့်မှာ မိုက် ကြုံတွေ့ခဲ့ရတဲ့ အနေအထားကို ပြန်စဉ်းစားကြည့်ပါဦး။သူကလည်း ဓာတုဗေဒဌာနနဲ့ ဇီဝသိပ္ပံ နှစ်ဌာနလုံးကို စီမံအုပ်ချုပ်ခွင့်ရှိတဲ့ အရာရှိကြီး မဟုတ်ပါဘူး။သူက သူနဲ့ရာထူးတန်းတူရှိတဲ့ အခြားဌာနက လုပ်ဖော်ကိုင်ဖက်တွေကို သွေးဆောင်စည်းရုံးခဲ့ရတာပါ။သူတို့က သူ့ကိုငြင်းပိုင်ခွင့်ရှိပြီး၊ အစောပိုင်းက တကယ်လည်း ငြင်းခဲ့ကြပါတယ်။

ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကိုယ်၌ကလည်း ကိုယ်တရားဝင် စီမံအုပ်ချုပ်ပိုင်ခွင့်မရှိတဲ့သူတွေနဲ့အတူ အလုပ် လုပ်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။သင်က သူတို့ကို စိတ်ပါဝင်စား တက်ကြွလာအောင် မိုက် လုပ်ခဲ့သလို ရှင်းလင်းထင်ရှားပြီး ဆွဲဆောင်မှုအားကောင်းတဲ့ ပန်းတိုင်ကို တင်ပြနိုင်ရမှာပါ။

အရှေ့က ဆောင်းပါးမှာ အင်အားကြီးချန်ပီယံတွေကလည်း ဒီလိုသဘောမျိုးရှိတဲ့ နည်းဗျူဟာကို ဘယ်လိုအသုံးပြုလည်းဆိုတာ လေ့လာခဲ့တာကို မှတ်မိကြမှာပါ။သူတို့ စိတ်လှုပ်ရှားတက်ကြွ ပါဝင်ချင်လာအောင် ရည်ရွယ်ဦးတည်ပြီး သူတို့ရဲ့ စိတ်ခံစားမှုကို နှိုးဆွရမှာပါ၊ ဒါမှလည်း သူတို့က သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒတွေကို ဒုတိယဦးစားပေးအနေနဲ့ ဘေးချိတ်ထားပြီး ပူးပေါင်းဆောင်ရွက်ပြီးလုပ်ရမယ့် အလုပ်ရဲ့ ပန်းတိုင်ပေါက်မြောက်ရေးကို ဦးစားပေးလုပ်လာကြမှာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ခုတော့ သတိပြုပါ၊ ရည်မှန်းချက်တူညီတဲ့ ပန်းတိုင်တိုင်းက အလုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ကျွန်တော့်ရဲ့ ဆယ်စုနှစ် နှစ်ခုကြာ လေ့လာမှုနဲ့ ရည်မှန်းချက်တူညီတဲ့ ပန်းတိုင်နဲ့ပတ်သက်ပြီး အကြံပေးခဲ့တဲ့ အတွေ့အကြုံအရ သင့်အနေနဲ့ ဒါကို ထိထိရောက်ရောက်လုပ်နိုင်အောင် လမ်းပြပေးနိုင်တဲ့ အရည်အချင်းလေးမျိုးကို တွေ့ရှိထားပါတယ်။ရိုးရိုးရှင်းရှင်း၊ ခိုင်ခိုင်မာမာ၊ တိုင်းတာနိုင်သော၊ တိကျသောဆိုတဲ့ အရည်အချင်းလေးမျိုးပါအောင် ကြိုးစားလုပ်ဆောင်ပါ။

သမိုင်းတွင်မယ့် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး၊ တူညီတဲ့ ပန်းတိုင်တစ်ခု ဖော်ဆောင်ဖို့က သမ္မတ ကနေဒီရဲ့ အိပ်မက်ဖြစ်ခဲ့ပါတယ်၊ သူ့ရဲ့ ၁၉၆၁ ခုနှစ်က မိန့်ခွန်းမှာ “ဒီဆယ်စုနှစ် မကုန်ခင်မှာ လူသားအနေနဲ့ လကမ္ဘာပေါ်မှာ ခြေချပြီး၊ ကမ္ဘာမြေကို အန္တရာယ်ကင်းကင်း ပြန်ခြေချစေရမယ်” လို့ ပြောကြားခဲ့ပါတယ်။

အခုကျတော့ ပရောဂျက်မှာ လုပ်ကိုင်ကြတဲ့ လူပေါင်း ၄၀၀,၀၀၀ လုံး၊ ဒုံးပျံ၊ မြေပြင်ဆင်းယာဉ်၊ အာကာသဝတ်စုံ စတာတွေ ထုတ်လုပ်ရာမှာ ပါဝင်သူတွေက အောင်အောင်မြင်မြင် ပြီးစီးအောင် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြရပါတယ်။အဲဒီပန်းတိုင်က ရိုးရှင်းပြီး ခိုင်မာပါတယ်။ (လကမ္ဘာပေါ် လူရောက်ခဲ့ပြီ)။ တိုင်းတာလို့လည်း ရတယ်၊ လပေါ်ကနေ ကမ္ဘာမြေပေါ် အန္တရာယ်ကင်းကင်း ပြန်ရောက်ပြီး မစ်ရှင်ပြီးစီးခဲ့ပါပြီ။တိကျမှုလည်း ရှိခဲ့ပါတယ် - ဆယ်စုနှစ် တစ်ခုအတွင်း ပြီးစီးအောင်မြင်ခဲ့တယ်။

ကနေဒီရဲ့ “လကမ္ဘာပန်းတိုင်” နဲ့ နှိုင်းယှဉ်ကြည့်သင့်တဲ့ နောက်ထပ် ပန်းတိုင်တစ်ခုက နာဆာရဲ့ အုပ်ချုပ်ရေးမှူး ဂျိမ်းစ်ဝတ်ဘ်က “အာကာသကို ကြီးစိုးလွှမ်းမိုးရေး” ကို လိုချင်ခဲ့ပါတယ်၊ ဂြိုဟ်တု၊ သိပ္ပံ၊ ဒုံးပျံ၊ လကမ္ဘာပေါ်မှာ ခြေချရေး၊  စတာတွေလည်း အပါအဝင်ပေါ့။အဲဒါက ကုမ္ပဏီအတော်များများရဲ့ “အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်လာစေရေး” တို့ “အကောင်းဆုံး လက်လီရောင်းချသူဖြစ်ရေး” တို့လို ပန်းတိုင်ကို ပုံဖော်တဲ့ လေသံနဲ့ တူညီနေတာပါ။ဝတ်ဘ်ရဲ့ ဖော်မျူလာက ကျွန်တော်တင်ပြခဲ့တဲ့ လိုအပ်တဲ့ အရည်အချင်း လေးမျိုးစလုံးကို ဖောက်ဖျက်နေတာပါ။ဥပမာတစ်ခုပြရရင် ဒါက ဂြိုလ်တုအင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်များကို အတူတကွ စည်းရုံးစုစည်းတယ်ဆိုတဲ့ ရိုးရှင်းပြီး တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် မဟုတ်ပါ။ရှင်းလင်းမှု မရှိပါ၊ မရေမရာဖြစ်နေတယ်၊ တကယ်ဆို နောက်စာမျက်နှာ တစ်မျက်နှာလောက် ဖြေရှင်းချက်ရေးပေးမှ ရှင်းလင်းတိကျမှာပါ။တိုင်းတာလို့မရနိုင်ဘဲလည်း ဖြစ်နေပါတယ် (ဘယ်အချိန်မှာ ကြီးစိုးလွှမ်းမိုးချင်တာလဲ)၊ နောက်ဆုံးပြောရရင် အချိန်သတ်မှတ်ချက် မပါရှိပါဘူး (တစ်နေ့နေ့ဖြစ်ရမယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်) အဆိုပါ အရည်အချင်း လေးမျိုးကို အစပ်အဟပ်တည့်အောင် ပေါင်းစပ်လုပ်ဆောင်မယ်ဆိုရင် မရေမရာ ဝါးတားတားဖြစ်နေတာတွေကို တိကျခိုင်မာအောင် လုပ်ရမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဖြစ်တယ်” လို့ ပြောမယ့်အစား “နှစ်ပေါင်း နှစ်ဆယ်အတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးသူ သုညဦးရေအထိ ကျဆင်းစေရေး” လို့ ပြောသင့်ပါတယ်၊ ထို့နောက် နိုင်ငံအလိုက် သေဆုံးနှုန်းတွေကို စောင့်ကြည့်သင့်ပါတယ်။

“ဒဲလ်လာမှာရှိတဲ့ ကုမ္ပဏီအားလုံးအတွက် IT နဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးတဲ့နေရာမှာ နံပတ်တစ်နေရာ ရရှိစေရေး” လို့ ပြောမယ့်အစား “သုံးနှစ်အတွင်း ဒဲလ်လာမှာ ဈေးကွက်ဝေစု နံပတ်တစ်နေရာ ရရှိစေရေး” လို့ ပြောပါ။ “LC triple quad ရောင်းရငွေ မြင့်တက်စေရေး” အစား “သုံးနှစ်အတွင်း သုညမှသည် ‌ဒေါ်လာ သန်း ၁၅၀ သို့” လို့ ပြောပါ။

ဒီဆောင်းပါးမှာ မော်တန် တီ ဟန်ဆန် အဓိကတင်ပြချင်တဲ့ အကြောင်းအရာက ပူး‌ပေါင်းဆောင်ရွက်မှုကို မိမိကလိုလားလို့ အခြားအဖွဲ့က လိုလိုလားလား ပါဝင်ကူညီလာအောင် ကြိုးစားတဲ့နေရာမှာ တူညီတဲ့ ပန်းတိုင်တစ်ခု တည်ဆောက်ဖို့ လိုအပ်ပြီး၊ အဲဒီပန်းတိုင်ကို တည်‌ဆောက်ရာမှာ ပါဝင်သင့်တဲ့ ရည်ရွယ်ချက်လေးမျိုးဖြစ်တဲ့ - ရိုးရိုးရှင်းရှင်း၊ ခိုင်ခိုင်မာမာ၊ တိုင်းတာနိုင်သော၊ တိကျသောဆိုတဲ့ အရည်အချင်းလေးမျိုးပါတဲ့ ပန်းတိုင်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရမယ်ဆိုတဲ့ အချက်ပါ။

နောက်လာမယ့် ဆောင်းပါးတွေမှာလည်း သူများနဲ့ အလုပ်တွဲလုပ်တဲ့နေရာမှာ ထိရောက်အောင်မြင်တဲ့ ပူးပေါင်းလုပ်‌ဆောင်မှုမျိုးဖြစ်အောင် ဘာတွေကို ဘယ်လိုလုပ်သင့်လဲဆိုတဲ့ နည်းလမ်းတွေကို လေ့လာရမှာမို့လို့ မလွတ်တမ်း ဆက်လက်ဖတ်ရှုကြပါဦး။

(ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)