【 ဆောင်းပါး 】 အဆုံးသတ်များ

【 ဆောင်းပါး 】 အဆုံးသတ်များ

ခပ်ပြင်းပြင်းတိုက်သည့် လေများနှင့် ကြုံတိုင်း သူတို့၏အဆုံးသတ်နေရာကို ကျနော်စိတ်က သိချင်သည်။အဆုံးသတ်ဆိုတိုင်း ကျနော်မြင်ရသည်က အပင်ပေါက်တစ်ခု၏ ပထမဆုံးအရွက်ဖြစ်ပြီး တခြားလူတွေက ကြိုးတစ်ချောင်းကို မြင်ကြသည်။ထိုသည်က ရှုမြင်ပုံမတူကြခြင်းဖြစ်သည်။

                                                               (၁)

တစ်ခုသော နေ့လယ်ခင်းတွင် ကျနော်နိုးလာသည်။ကျနော့်ဘေးတွင် စာအုပ်တချို့ရှိနေသည်။ခပ်လှမ်းလှမ်းမှ အဆက်မပြတ်အော်နေသည့် စပီကာတစ်ခုရှိသည်။ထိုစပီကာမှာ ဘက်ထရီဖြင့် အသံတစ်ခုကို သွင်းပြီး ထပ်ခါတလဲလဲ မပိတ်မခြင်း ဖွင့်ထားလို့ရသည်။ယခုတော့ ထပ်ခါတလဲလဲ “အချဉ်တွေရပြီ၊ သံပုရာသီးတွေ သံပုရာသီးတွေ” ဟု အော်နေသည်။ထိုအသံကြောင့် ကျနော့်စိတ်မှာ ရှိရင်းစွဲထက် ပို၍တိုလာလေသည်။

ညက ဖတ်လက်စ စာအုပ်ထဲက စာပိုဒ်တစ်ခုကို သတိရမိသည်။ထိုစာပုဒ်အရောက် ကျနော်ရှေ့မဆက်နိုင်။ကျနော့်စိတ်က ထိုနေရာတွင် ရပ်နေသည်။စာပိုဒ်ထဲတွင် .. “ဂေါ်ဂင်က ခေါင်းမာသည်။ဩရီးယားက ခြေလှမ်းကို တုံ့ကာ ဂေါ်ဂင်လက်ကို ဖမ်းဆွဲသည်။သူတို့နှစ်ယောက် မှောင်မည်းနေသည့် လမ်းပေါ်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ဆောင်းက စိမ့်အေးနေပြီး လေအေးက အဝတ်အစားတွေကို ဖောက်၍ အသားထဲ စိမ့်ဝင်လာသည်။” …။

အသားထဲဖောက်ဝင်လာသည့် အအေးဓာတ်ဆိုသည်ကို ကျနော်တွေးနေမိသည်။ ကျနော် ထပ်ခါတလဲလဲ တွေးသည်။မာနများ၊ ခါးသီးမှုများ၊ အဖော်မဲ့မှုများ၊တန်ဖိုးထားမခံရမှုများ၊ ဆာလောင်မွတ်သိပ်ခြင်းများဖြင့် ဆရာမြ၏ မှော်ရုံတောမှာ  ကျနော့်စိတ်ထဲ အလဲလဲအပြိုပြိုဖြစ်ကုန်သည်။ညက ကျနော့်အတွေး ဘယ်မှာရပ်သွားလဲ မသိ။ကျနော်သိနေသည်က ပြင်းထန်သော လေပြင်းများနောက် ကျနော်ပြေးလိုက်နေခြင်းပင်ဖြစ်သည်။

                                                               (၂)

အဆုံးသတ်များအကြောင်း တွေးမိသည့်အခါတိုင်းတွင် ကျနော်မမြင်ရသော အခြားအခြမ်းတွင် ပျောက်ကွယ်သွားသော ချစ်ရသူများ ရှိနိုင်မလားဆိုသော စိတ်မျိုးက ဝင်လာတတ်သည်။တိတ်ဆိတ်ချောင်းမြောင်းပြီး ဝင်လာသည့် စိတ်ထဲ အရာရာကနေ လွတ်မြောက်သွားခြင်းမျိုးလည်း ခံစားရသည်။  

ကြိုးဆွဲချသည့် အဖိုးကြီးတစ်ဦးကို ကျနော်ငယ်စဉ်က မြင်ဖူးသည်။ထိုအဖိုးကြီး၏သားမှာ အရမ်းဆိုးသည်။ထိုအဖိုးကြီးက မြန်မာဆေးဆရာ။တစ်ရက် လူမမာအိမ် ဆေးသွားကုရင်း သူအမြဲပတ်သည့် လည်ပတ်ဖြင့် အိမ်သာထဲ ကြိုးဆွဲချကာ ဘ၀ကို အဆုံးသတ်သွားသည်။ထိုအကြောင်း အိမ်သာထဲရောက်တိုင်း ကျနော်တွေးမိသည်က ဘယ်နေရာမဆို အဆုံးသတ်လို့ရပါလားဆိုသည့် အတွေးနှင့် လွတ်မြောက်ခြင်းက နေရာတိုင်းတွင်ရှိသည်ကိုပင်။

သေခြင်းနှင့် အဆုံးသတ်ခြင်းက ဘာကြောင့် သွားမတူညီနေရပါသလဲ။အဆုံးသတ်ခြင်းမှာ အလုပ်တစ်ခုပြီးမြောက်ခြင်းဖြစ်လျှင် သေခြင်းမှာလည်း လူဖြစ်ခြင်းဖြစ်စဉ် ပြီးမြောက်ခြင်းဖြစ်သဖြင့် အနက်တူနေသည် မဟုတ်ပါလား။

တစ်ခါတရံ အိပ်မရသည့် ညများတွင် ညတစ်ခုကို အဆုံးသတ်ဖို့ရာ ခက်ခဲလှသည်။ထိုအခါမျိုး၌ တွေးမိသည်က ဘယ်နေရာမှာ ကျနော်တို့ရပ်နေသည်လဲဆိုသည့် အတွေးပင်ဖြစ်သည်။ဖမ်းဆုပ်မရနိုင်အောင် လျင်မြန်လွန်းသည့် စိတ်ကို ဖမ်းဆီးဖို့ ကြိုးစားနေသူများအကြောင်း တွေးမိသည့်အခါ ကျနော် ဟက်ဟက်ပက် ပက်ရယ်မိသည်။တန်ဖိုးရှိသောအချိန်ကို သူများကို ချုပ်ချယ်ဖို့အတွက် ရက်ရောလှချည်လားဟု။

ကျနော် နားထဲ လော်စပီကာဖြင့် အော်နေသည့် အသံကို ကြားမိသည်။
“အချဉ်တွေရမယ်၊ တိုက်ကြီး သံပုရာတွေ”

                                                               (၃)

ရထားပေါ်မှာထိုင်ရင်း သေနေသူများအကြောင်း ဖတ်ရဖူးသည်။စျေးတစ်ခုနား အကာတစ်ခုကိုမှီကာ အသက်ပျောက်နေသည့် အထမ်းသည်တစ်ဦး၏ ဓာတ်ပုံကို ကြည့်ရဖူးသည်။ညဘက် လုယက်ခံရသဖြင့် သေဆုံးခဲ့သော လူငယ်တစ်ဦး၏ အကြောင်းကိုလည်း ဖတ်ရသည်။တိုက်ခန်းပေါ်မှ ပြုတ်ကျသည်။ကားပေါ်မှ ပြုတ်ကျသည်။ရေထဲ ပြုတ်ကျသည်။ထိုသည်များက ရိုးရှင်းသည့် ကံကြမ္မာအရ အဆုံးသတ်များဖြစ်သည်။

စစ်ပွဲတစ်ခုအတွင်း မြေဇာပင်ဖြစ်ကာ သေကြေကြသည့်သူများကို မြင်ရသည့်အခါ အလိုမတူဘဲ အဆုံးသတ်ခံရသည့် အဆုံးသတ်ခြင်းဟု တွေးစရာဖြစ်လာသည်။သေဆုံးခြင်းက ကိုယ်နားဝေ့ဝဲနေသည့်အခါ ကျနော်တို့၏ သေလိုစိတ်သည် ရဲရင့်ခြင်းကို ဖြစ်စေသည်ဟု ဆိုသည်။

မထင်မှတ်သော အချိုးအကွေ့တွင် ကျနော်တို့အားလုံး ရပ်နေကြသည်။ကျနော်တို့ဘေးတွင် အဆုံးသတ်ခြင်းများစွာရှိသည်။ကျနော်တို့ မနက်ဖြန်များသည် ရုတ်ချည်းဖုတ်ကျည်း သဂြိုဟ်ခံရနိုင်သလို လွတ်မြောက်ခြင်း၏ ပထမဆုံးနေ့ရက်များလည်း ဖြစ်သွားနိုင်သည်။ထိုသည်မှာ ကျနော်တို့၏ ရွေးချယ်မှုအပေါ် များစွာမှီတည်နေသည်။

သို့သော် တစ်ကိုယ်ရည်တွေးသည့်အခါ တချို့သော အရာများမှာ တစ်ဦးချင်းတစ်ယောက်ခြင်းအတွက် ဘာမှအရေးမပါခြေ။ထိုအခါ ဂေါ်ဂင်က ဩရီယားကိုပြောသည့် စကားကို သတိရမိသည်။

“ဒီမယ် ဂေါ်ဂင်၊ အနုပညာသည်တစ်ယောက်အဖို့ ပါရီဟာ မိန်းမနဲ့တူတယ်။မရှိမဖြစ်ဘူး။ဒါပေမဲ့ ဒီမိန်းမက အပြောင်းအလဲမြန်တယ်နော်၊ ခင်ဗျားဒီအခွင့်အရေးကိုယူပါ။နောက်တစ်ခါ ရချင်မှ ရတော့မှာ”

“မရချင်လည်းနေပေါ့ဗျာ။ကျုပ်အဖို့ ပါရီ မလိုဘူး”

ကျနော်တို့ မလိုသော အရာများရှိသကဲ့သို့ ကျနော်တို့ကို မလိုသောသူများလည်း ရှိနိုင်ပေသည်။

                                                               (၄)

အဆုံးသတ်ခြင်းများကြောင့် တဆစ်ဆစ်ကိုက်ခဲ နာကျင်နေသည့် အရာများနှင့် နေရပ်များကို တွေ့ရမည်ဖြစ်သည်။တစ်ခါတရံ စွန်းထင်းနေသော စိတ်များက ချိုးဖဲ့မရနိုင်အောင် အရင့်အမာ။ထိုထဲတွင် အဆုံးသတ်မရသော လေပြင်းက တားဆီးမရစွာ …။

ရန်ကုန်သည်  လိမ်ညာရောင်းချနေသူများ၏ လော်စပီကာအသံများဖြင့်  တစတစ ပို၍ကျယ်လောင်လာနေပေသည်။

လင်းနိုင်ကျော်စိုး