【 ဆောင်းပါး 】 အန္တရာယ်ကင်းအောင်လုပ်ပါ

【 ဆောင်းပါး 】 အန္တရာယ်ကင်းအောင်လုပ်ပါ

မော်တန် တီ ဟန်ဆန်က အစည်းအဝေးတွေမှာ မတူကွဲပြားတဲ့ နောက်ခံရှိတဲ့သူတွေ၊ မတူကွဲပြားတဲ့ အတွေးအမြင်ရှိတဲ့သူတွေ ပါဝင်တာဟာ ပိုကောင်းတဲ့ အကျိုးရလဒ်ထွက်ပေါ်လာစေနိုင်တယ်ဆိုတာကို လက်တွေ့သာဓကတွေနဲ့ လမ်းညွှန်ပြထားတာကို အရင်အပတ်က ဆောင်းပါးမှာ ဖတ်ရှုလေ့လာခဲ့ရတာကို သတိရဦးမှာပါ။

ရှေ့မှာဖော်ပြမယ့် ဆောင်းပါးတွေမှာလည်း စီးပွားရေးနဲ့ လုပ်ငန်းခွင်အသီးသီးက လူပေါင်း ၅,၀၀၀ နဲ့ လုပ်ဆောင်ထားတဲ့ သုတေသနရလဒ်တွေကနေ လက်တွေ့ဘဝမှာ စွမ်းဆောင်ရည်ထက်မြက်သူတွေဖြစ်လာဖို့ အသုံးဝင်မယ့် နောက်ထပ်လက်တွေ့သာဓကတွေကို ဆက်လက်တင်ပြဦးမှာဖြစ်ပါတယ်။

အခုဆောင်းပါးမှာ မော်တန် တီ ဟန်ဆန်က အဓိကပေးတဲ့ မက်ဆေ့ချ်က လက်ညှိုးထောင် ခေါင်းငြှိမ့်ကို ရေခဲတွေပါတဲ့ အစည်းအဝေးမျိုးကလည်း လုပ်ငန်းတိုးတက်မှုကို မဖော်ဆောင်နိုင်ကြောင်းနဲ့ အဲလိုလူတွေကို တက်ကြွပါဝင်လာအောင်လုပ်တဲ့ စိတ်ဝင်စားစရာ နည်းလမ်းလေးတွေနဲ့ ရလာမယ့် အကျိုးရလဒ်တွေကို ဖော်ပြထားတာ တွေ့ရပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ငယ်ရွယ်သူ ပါရမီရှင်တစ်ဦးဖြစ်တဲ့ အသက်သုံးဆယ့်ခြောက်နှစ်အရွယ် ဆံရှည်ကိုယ်တော် ဒတ်ချ်လူမျိုး ဒေါ့ဖ်ဗန်ဒန်ဗရင့်ဆိုသူကို ဆင့်ခေါ်လိုက်တဲ့အတွက် လျော့ရိလျော့ရဲဖြစ်နေတဲ့ အမေရိကလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲပေးဖို့ ဟန်နီကန်ရဲ့ နယူးယောက်မြို့ ဝှိုက်ပလိန်းဒေသဆိုင်ရာ ရုံးချုပ်ကို ရောက်ရှိလာခဲ့ရပါတယ်။

ဗန်ဒန်ဗရင့်က အာဖရိကနိုင်ငံ ကွန်ဂိုမှာ လုပ်နေခဲ့တာပါ၊ အဲဒီမှာ သူက နှစ်အနည်းငယ်အတွင်းမှာ ဒေသတွင်း စီးပွားလုပ်ငန်းရဲ့ ဈေးကွက်ဝေစုကို နှစ်ဆတိုးအောင် လုပ်ပေးနိုင်ခဲ့တယ်။ကျွန်တော် သူနဲ့ စကားပြောကြည့်တဲ့အခါ သူက သူစလုပ်ခဲ့တုန်းက အဲဒီက ရုံးချုပ်တွေမှာ “အကြောက်တရားအများကြီး” ရှိခဲ့တယ်၊ နောက်ပြီး “ဘယ်သူကမှ သူတို့ထင်မြင်ချက်ကို ထုတ်မပြောဘူး” လို့ သတိတရပြန်ပြောပြခဲ့တယ်။

ဆွေးနွေးတာတွေ တက်ကြွနိုးကြားလာဖို့ သူက “မြန်မြန်လုပ်ကြပါ ကိုယ့်လူတို့” လို့ အော်ငေါက်နေရုံနဲ့ ဘာမှဖြစ်မလာဘူး၊ သူ့အနေနဲ့ အဖွဲ့အပေါ်မှာ ဘာမျှော်လင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးထားဖို့ လိုအပ်ခဲ့တာပါ။ ဗန်ဒန်ဗရင့်က အစည်းအဝေးတွေမှာ အထောက်အကူပစ္စည်းတွေ အသုံးချပြီး အစည်းအဝေး စည်းကမ်းအသစ်တွေထုတ်ဖို့ အကြံရလိုက်တယ်။တစ်ရက် သူ့အဖွဲ့သားတွေ အစည်းအဝေးခန်းထဲ တန်းစီပြီး ဝင်လာလိုက်တော့ စားပွဲပေါ်မှာတင်ထားတဲ့ “၂ x ၃” ကဒ်ပြားတွေကို သတိထားမိလိုက်ကြတယ်။

ကဒ်အနီပေါ်မှာ ရေးထားတာတွေက - စိန်ခေါ်မှု - အခြားအဖြေတစ်ခုရှာပါ။

နောက်အစိမ်းကဒ်ပေါ်မှာ ရေးထားတာက - “ဘာကြောင့်လဲလို့ မေးသမျှဖြေဖို့ အသင့်ရှိပါတယ်”။

ပြီးတော့ အောက်ဆုံး မီးခိုးရောင်ကဒ်မှာ ရေးထားတာက သတိပေးစာတန်းတစ်ခုပါ - တံလျှပ်နောက် ရေထင်လို့ မလိုက်နဲ့၊ မူလ လမ်းကြောင်းကို မျက်ခြေမပြတ်စေနဲ့။ အဖွဲ့ဝင် ဘယ်သူမဆို သဘောမတူတာ ပြတဲ့ကဒ် (အနီရောင်) ကို ထောင်ပြနိုင်ပါတယ်၊ တင်ပြချက်ကို သဘောတူထောက်ခံရင် (အစိမ်းရောင်) ဒါမှမဟုတ် လမ်းလွဲနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကို ပြန်ဆွဲခေါ်ချင်ရင် (မီးခိုးရောင်) ကဒ်ပေါ့။အဲဒါတွေအပြင် မြင်းရုပ်လေးတစ်ရုပ်ကိုလည်း ထားထားတယ်၊ မြင်းရုပ်လေးကတော့ စကားတွေ “ဝေ့လည်အပ်ကြောင်းထပ်နေပြီး တောင်စဉ်ရေမရပြော” နေရင် ရပ်သွားအောင် အချက်ပြဖို့ပါ။အဲလိုလုပ်တာက ပေါကြောင်ကြောင်နိုင်တယ်လို့ ထင်လား။မှန်ပါတယ်၊၊ဒါပေမဲ့ တမင်တကာလုပ်တာပါ။

ဗန်ဒန်ဗရင့်က ဒီလိုရှင်းပြပါတယ်။ “အဲဒီမှာ အကြောက်တရားက ကြီးစိုးနေတယ်၊ လူတိုင်းက ကျွန်တော့်ကို ဒါမှမဟုတ် အခန်းထဲမှာရှိတဲ့ ရာထူးကြီး သြဇာကြီးတဲ့ တစ်ယောက်ယောက်ကိုပဲ မျက်နှာရိပ် မျက်နှာကဲ ကြည့်နေကြတယ်။ကဒ်ပြားအနီက အဲဒီအခြေအနေကိုပြောင်းပစ်ပြီး ဘယ်သူမဆို တရားဝင်စိန်ခေါ်မှုပြုနိုင်တယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ဒီလိုကဒ်ပြားလေးတွေ ထားရှိခြင်းအားဖြင့် “ကိုယ့်လူတို့... ကျွန်တော်တို့က သင့်ရဲ့စိန်ခေါ်မှုကို လိုချင်တာပါ၊ သင့်သဘောထားကိုကြားပါရစေ” လို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလည်းဖြစ်အောင် အသိပေးရာရောက်စေပါတယ်။

အခုလို ဘာကိုမျှော်လင့်တယ်ဆိုတာ သတ်မှတ်ပေးလိုက်ပြီး လူတွေကို စကားဝင်ပြောဖို့ ဖိတ်ခေါ်လိုက်ခြင်းဖြင့် ဗန်ဒန်ဗရင့် ပျိုးထောင်လိုက်နိုင်တာကတော့ စိတ်ဓာတ်ရေးရာ လုံခြုံမှုအငွေ့အသက်ပါပဲ၊ ဒါကို ဟားဗတ်တက္ကသိုလ် ပရော်ဖက်ဆာ အေမီအက်မွန်ဆန်က “အလုပ်နဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်လာအောင် ခံစားမှုဖြစ်စေတဲ့ မိုးလေဝသအခြေအနေ” လို့ အမည်တပ်ထားပါတယ်။

ကျွန်တော်တို့ရဲ့လေ့လာမှုမှာ ငါးပုံတစ်ပုံသော ပါဝင်သူတွေ (၁၉ ရာခိုင်နှုန်း) က ဒီလိုမိုးလေဝသအခြေအနေမျိုးကို ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေဖြစ်ပါတယ်။ “သူ/သူမက လူတွေကို အစည်းအဝေးတွေမှာ မိမိစိတ်ထဲရှိတာကို စိတ်ချလက်ချ ပြောဆိုချင်စိတ်ဖြစ်လာအောင်လုပ်တဲ့နေရာမှာ အလွန်အမင်းထူးချွန်ကြတယ်” ဆိုတဲ့ ရည်ညွှန်းချက်မှာ အမှတ်အများကြီးရကြသူတွေဖြစ်ပါတယ်။

အချက်အလက်တွေအရ ဒီအမှတ်များများရတဲ့သူတွေက စွမ်းဆောင်ရည်လည်း ပိုကောင်းကြပါတယ်။ (ဆက်နွယ်မှုက ၀.၆၃ အထိ မြင့်မားပါတယ်)
ဟန်နီကန်မှာတော့ ဗန်ဒန်ဗရင့်ရဲ့နည်းက အလုပ်ဖြစ်ပါတယ်။အချိန်ရလာတာနဲ့အမျှ သူ့အဖွဲ့တွေက ပြောရဲဆိုရဲသူတွေဖြစ်လာပါတယ်။ကဒ်ပြားတွေကလည်း နောက်ပိုင်း မလိုအပ်တော့တဲ့အတွက် အခန်းထဲမှာ မတွေ့ရတော့ပါဘူး။

အဲဒီအချိန်တုန်းက ဗျူဟာစီမံရေးမှူး တာဝန်ယူခဲ့တဲ့ အဲလီဂျန်ဒရာ ဒီအိုဘီဆိုက စကားနည်းတဲ့သူတွေကို ဆွေးနွေးရာမှာ အားကြိုးမာန်တက်ပါဝင်လာအောင် လုပ်ပေးရာမှာ ဘာကိုမျှော်လင့်တယ်ဆိုတာ ဖော်ပြပေးတဲ့နည်းက ထိရောက်တယ်လို့ သူသတိထားခဲ့မိကြောင်း ပြောပြခဲ့ပါတယ်။

“တစ်ချိန်က ရွံ့တွန့်တွန့်၊ မပွင့်တပွင့်နဲ့ ရှက်တတ်တဲ့သူတောင် သိသာထူးခြားစွာပြောင်းလဲသွားတာ တွေ့ခဲ့ရတယ်” လို့ သူမက မှတ်ချက်ပေးခဲ့ပါတယ်။ “အဲဒီလူက အရင်အစည်းအဝေးတွေတုန်းက သူ့ဆီမှာ ထူးခြားတဲ့အမြင်တွေရှိပေမယ့် ထုတ်ဖော်မပြောရဲခဲ့ဘူး” “ဒါပေမဲ့ အသင်းအဖွဲ့စိတ်ဖြစ်လာတာရယ်၊ မိမိအမြင်ကို ထုတ်ဖော်ငြင်းခုန်တာမှာ တိကျတဲ့စည်းကမ်းတွေရှိလာတာ သိမြင်လာပြီးတဲ့နောက် အချိန်တစ်ခုမှာ အဲဒီပုဂ္ဂိုလ်က ပါဝင်ဆွေးနွေးပြောဆိုလာတာ တွေ့ရတယ်” “အချင်းချင်းရင်းနှီးတဲ့ စိတ်ဖြစ်လာတဲ့ တွန်းအားကြောင့် ပြောဆိုဆွေးနွေးမှုတွေ ပိုရင့်ကျက်အဆင့်မြင့်လာတာကို တွေ့ရတယ်။”

အစည်းအဝေးမှာ အားကြိုးမာန်တက် ငြင်းခုန်အောင် လှည့်ပြောင်းပေးတာဟာ သူ့အဖွဲ့တွေကို အတွေးသစ်အမြင်သစ်နဲ့ ထုတ်လုပ်မှုအသစ်တွေဖြစ်စေတယ်လို့ ယုံကြည်ကြောင်း ဗန်ဒန်ဗရင့်က ပြောပါတယ်။သူက ၂၀၁၅ ခုနှစ်က သူ့အတွေ့အကြုံကို ကိုးကားပြီး ပြောပြတာက “ကျွန်တော်တို့ရဲ့  အသစ်ဖန်တီးနိုင်စွမ်းဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်းက လုံးဝတိုးတက်မှုမရှိဘဲဖြစ်ခဲ့တယ်။လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ အခုရနေတဲ့ အမြတ်အစွန်းက လွန်ခဲ့တဲ့သုံးနှစ်က အသစ်ထုတ်ခဲ့တဲ့ ကုန်ပစ္စည်းတွေကနေ ရနေတာဖြစ်ပါတယ်။အစည်းအဝေးမှာ ပိုကောင်းကောင်း ငြင်းခုန်နိုင်လေလေ အရည်အသွေးပိုကောင်းတာတွေ ထုတ်လုပ်နိုင်လေလေပါပဲ။”

တီထွင်ဖန်တီးနိုင်မှုများခြင်းဟာ ကုမ္ပဏီကို အကျိုးအမြတ်များစေပါတယ်။ဗန်ဒန်ဗရင့်အတွက်လည်း ထိုနည်းလည်းကောင်းပဲဖြစ်ခဲ့ပါတယ်။သူနောက်ထပ် ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။မက္ကဆီကိုမှာရှိတဲ့ ဟန်နီကန်ရဲ့ ဒေသတွင်းအကြီးဆုံးကုမ္ပဏီမှာ လူတိုင်းလိုချင်မက်မောကြတဲ့ ရာထူးကို သူရခဲ့တာဖြစ်ပါတယ်။

နှုတ်ဆိတ်သူကို စကားပြောလာအောင် လက်တို့ခြင်း

အဲဒီလို ဘာကိုမျှော်လင့်တယ်ဆိုတာကို သတ်မှတ်ပေးထားပြီးတဲ့တိုင်အောင် များစွာသော ရှက်တတ်၊ နှုတ်ဆိတ်တတ်တဲ့သူတွေဟာ တွန့်ဆုတ် ရွံ့ကြောက်နေတုန်း ဖြစ်နေတတ်ပါသေးတယ်။

စူစန်ကိန်းက သူမရဲ့ တိတ်ဆိတ်ခြင်းဆိုတဲ့ စာအုပ်ထဲမှာ အဲဒီရွံ့ကြောက်တွန့်ဆုတ်တတ်သူ (introverted people) “တေမိလူသား” တွေ (သူ့အတွေးနဲ့သူ နစ်မျောနေတတ်ပြီး သီးခြားနေတတ်သူတွေ) ဟာ လူတွေ အားကြိုးမာန်တက် လက်သီးလက်မောင်းတန်းပြီး သူ့ထက်ငါ အလုအယက်ငြင်းခုန်လေ့ရှိတဲ့ အော်ဟစ်ဆူညံတက်ကြွတဲ့ အစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးဖို့ အခက်အခဲရှိတာ တွေ့ရတယ်လို့ ဖော်ပြထားတယ်။သူတို့က အစည်းအဝေးကနေ အလိုလို ဘေးရောက်ရောက်သွားသလို ခံစားရတတ်လေ့ရှိတယ်လို့ ဆိုပါတယ်။  

တန်မီလို့ခေါ်တဲ့ အချက်အလက်စိစစ် ခွဲခြမ်းစိတ်ဖြာရေး ကုမ္ပဏီက အသက်လေးဆယ့်ကိုးနှစ်အရွယ် ရှေ့နေတစ်ဦးက  နှုတ်ဆိတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောဆိုဆွေးနွေးလာအောင် လက်တို့နှိုးဆွနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

“တစ်ခါတလေ ကျွန်တော်က သူတို့ကိုအစည်းအဝေးနဲ့ပတ်သက်ပြီး ကြိုစကားပြောထားလိုက်တယ်။ကျွန်တော်တို့ လာမယ့်အစည်းအဝေးတက်တဲ့အခါ ခင်ဗျားမှာ ဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အမြင်တစ်ခုခုရှိတယ်ဆိုတာ ကျွန်တော်သဘောပေါက်တယ်။အဲဒါကို အားလုံးကြားဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ခင်ဗျား အဲဒါကို အစည်းအဝေးမှာ တစ်ဖွဲ့လုံးသိသွားအောင် တင်ပြပါလား” လို့ သူကပြောပြတယ်။

တန်မီက ကျွန်တော်တို့ရဲ့ လူ ၅,၀၀၀ အပေါ် စူးစမ်းတဲ့ သုတေသနမှာပါတဲ့ ဆွေးနွေးငြင်းခုန်မှုဖြစ်အောင် လှုံ့ဆော်နိုင်သူ ထိပ်ပိုင်း ၁၀ ရာခိုင်နှုန်း အုပ်စုအဆင့် သတ်မှတ်ခံရသူဖြစ်ပြီး၊ စွမ်းဆောင်ရည်ကောင်းသူ ထိပ်တန်း ၂၀ ရာခိုင်နှုန်းမှာလည်း ပါဝင်သူဖြစ်တယ်။

နျူကလီးယားစွမ်းအင်စက်ရုံအတွက် အစိတ်အပိုင်းဒီဇိုင်းထုတ်လုပ်မှု အင်ဂျင်နီယာဖြစ်တဲ့ အသက်လေးဆယ့်လေးနှစ်အရွယ် ဒေါ်နယ်ဆိုသူကတော့ နှုတ်ဆိတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စကားပြောဆိုဆွေးနွေးလာအောင် တုန့်ပြန်မှု လှုံ့ဆွတဲ့နည်းကို  အသုံးပြုခဲ့တယ်။

“တစ်ခါတလေ ကျွန်တော်က ရယ်စရာကောင်းတဲ့ အဖြေတစ်ခုနဲ့ အရွှမ်းဖောက်လိုက်တယ်။အဲဒီအခါ လူတွေက “အဲဒါက ဘယ်လိုပဲဖြစ်ဖြစ် လုံးဝအဓိပ္ပာယ်မရှိတဲ့ဟာကြီးပဲ” လို့ ပြောလာတတ်ကြတယ်။အဲဒါကို အချက်ယူပြီး သူက “ဒါဆို ခင်ဗျားတို့က ဘယ်လိုထင်သလဲလို့ ကောက်မေးလိုက်တယ်ဆိုရင် အပြင်ကိုငေးပြီး စကားမပြောဘဲ ငုတ်တုတ်ကြီးထိုင်နေတဲ့အဖွဲ့တွေ ဝင်ဖြေလာကြတော့တာပါပဲ။”

ဒေါ်နယ်က ငြင်းခုန်ဆွေးနွေးလာကြဖို့ လှုံ့ဆော်နိုင်တဲ့ ထိပ်တန်း ၂၀ ရာခိုင်နှုန်း အုပ်စုထဲမှာ အဆင့်သတ်မှတ်ခံရပြီး ကျွန်တော်တို့ရဲ့ လေ့လာမှုတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကောင်းသူ ထိပ်တန်း ၁၄ ရာခိုင်နှုန်း အုပ်စုထဲမှာ ပါဝင်သူလည်းဖြစ်ပါတယ်။

အဲဒါတွေကတော့ အစည်းအဝေးတွေကို အကျိုးရလဒ်များစေတဲ့ လှုပ်ရှားသက်ဝင်မှုဖြစ်အောင်လုပ်တဲ့ ခပ်ဆန်းဆန်းနည်းလေးတွေပါ။

ရှေ့လာမယ့် ဆောင်းပါးတွေမှာလည်း အလုပ်စွမ်းအား တိုးတက်အောင်လုပ်တဲ့ နည်းလေးတွေကို ဘယ်လိုလမ်းညွှန်ဦးမလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦး ...။

(ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)