【 ဆောင်းပါး 】 အာဃာတရန်ငြိုး (၃)

【 ဆောင်းပါး 】 အာဃာတရန်ငြိုး (၃)

“လောကမှာ ရန်ကို ရန်ချင်း မတုံ့နှင်းသင့်။
ရန်ကို ရန်ချင်း တုံ့နှင်းခြင်းဖြင့် ရန်မီးမငြိမ်းနိုင်။
ရန်တုံ့နှင်းခြင်း မပြုမှသာ ရန်အေးငြိမ်းမှာဖြစ်၏”   
(ဓမ္မပဒ)

တချို့က မလွှဲသာလို့ တစ်ဖက်လူကို အရှုံးပေးလိုက်ရသော်လည်း သူတို့၏ ဆုံးရှုံးမှုအပေါ် လုံးဝလက်မခံချင်ပေ။ဖြစ်နိုင်လျှင် အနိုင်ပြန်တိုက်ချင်သည်။သို့ပေမယ့် လက်ရှိအနေအထားအရတော့ တိုက်သမျှ ရှုံးဖို့များနေသည်။ထိုအခါ တစ်ဖက်လူကို လုံးဝခွင့်မလွှတ်ဘဲ ရန်ငြိုးထားကာ အခွင့်အရေးရရင် ရသလို ကလဲ့စားချေဖို့ ကြိုးစားလေသည်။နောက်ဆုံး လက်ရှိဘဝမှာ မနိုင်နိုင်တော့ဘူးဆိုရင် နောက်ဘဝအတွက် ကလဲ့စားချေခွင့် ဆုတောင်းလေတော့သည်။

တစ်ဖက်လူကလည်း ပြုလုပ်သူဘဝမှ ခံရသူဘဝရောက်သောအခါ ခွင့်လွှတ်သည်းခံမပေးဘဲ ကလဲ့စားပြန်ချေဖို့ ရန်ငြိုးထား ဆုတောင်းပြန်သည်။သည်တွင် ရန်ငြိုးသံသရာလည်ပါတော့သည်။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ်ကဖြစ်သည်။သာဝတ္ထိပြည်ရှိ သူဌေးကြီးတစ်ဦး ကွယ်လွန်သွားသောအခါ သူ့မိန်းမသည် သားတစ်ယောက်နှင့် ကျန်ခဲ့သည်။သူဌေးသားသည် မိခင်မုဆိုးမကြီးကို အလွန်ချစ်သည်။သူအရွယ်ရောက်လာသောအခါ အိမ်ထောင်ရေးကိစ္စကို မစဉ်းစားဘဲ မိခင်ကြီးကိုသာ မတောင့်မတထားကာ လုပ်ကျွေးပြုစုရင်း သူ့ဘဝသူ ကျေနပ်နေသူဖြစ်သည်။

မိခင်ဖြစ်သူကတော့ သားလိမ္မာရရုံနှင့် မကျေနပ်နိုင်သေးပေ။နောက်မျိုးဆက် ကျန်ရစ်စေဖို့ သားကို အိမ်ထောင်ပြုစေသည်။သားက သူအိမ်ထောင်မပြုချင်ကြောင်း အကြိမ်ကြိမ်ငြင်းသည်။မိခင်ကလည်း သူအသေဖြောင့်အောင် အိမ်ထောင်ပြုမှဖြစ်မည်ဟုဆိုကာ သားအတွက် သတို့သမီးရှာသည်။နောက်ဆုံးတွင် သားကိုယ်တိုင် နှစ်သက်သော မိန်းကလေးနှင့် လက်ထပ်ပေးလိုက်သည်။

အချိန်ကြာလာသောအခါ မိခင်ကြီးက ချွေးမအပေါ် ဘဝင်မကျဖြစ်ရပြန်သည်။ချွေးမသည် သားအတွက်ရော သူ့အတွက်ပါ လိုလေသေးမရှိအောင် ကောင်းသော်လည်း သူအဓိကဖြစ်ချင်နေသည့် ဆန္ဒကိုတော့ မဖြည့်ဆည်းပေးနိုင်ခဲ့။ချွေးမသည် သားသမီးမမွေးသောကြောင့်ဖြစ်သည်။မိခင်ကြီးက သားသမီးရရန်အတွက် ဒုတိယဇနီးရှာ၍ အိမ်ထောင်ပြုရန် သားကိုပြောပြန်သည်။သားကလည်း အိမ်ထောင်ထပ်မပြုနိုင်တော့ကြောင်း ပြန်ပြောသည်။

ထိုအခါ မိခင်ကြီးသည် ချွေးမနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသည်။မျိုးဆက်သစ်အတွက် သားကို နောက်မိန်းမ ပေးစားမည်ဖြစ်ကြောင်း ပြောသည်။ချွေးမကြီးအနေနှင့်လည်း သူကိုယ်တိုင်က သားသမီးမရနိုင်တာ မှန်နေသည်။ယောက္ခမက သူ့ကို မကြည်ဖြူတော့ရင် သည်အိမ်မှာ ဆက်မနေရတော့မှာ စိုးရသေးသည်။ထို့ကြောင့် မနေနိုင်တော့ဘဲ သူလိုချင်သည့်ပုံစံမျိုးကို သူကိုယ်တိုင်ရှာဖို့ ဆုံးဖြတ်သည်။ထို့နောက် ငယ်ငယ်ရွယ်ရွယ်လည်းဖြစ် ဆင်းရဲနွမ်းပါးသူလည်းဖြစ် သူ့သြဇာကိုခံမည့်သူလည်းဖြစ်သော မိန်းကလေးတစ်ယောက်ရှာကာ ယောင်္ကျားဖြစ်သူနှင့် လက်ထပ်စေသည်။

ချွေးမကြီးသည် ချွေးမငယ်ကို နိုင်သူဖြစ်၍ ဘာအကြောင်းရှိရှိ သူ့ကိုအသိပေးဖို့ ပြောထားသည်။အဓိကအချက်က ချွေးမငယ် ကိုယ်ဝန်ရှိခဲ့ရင် သူအရင်သိထားဖို့ဖြစ်သည်။မလွှဲသာလို့ သူကိုယ်တိုင်ရှာပေးစားခဲ့သော်လည်း သားသမီးမွေးရင် သူ့ထက် အခွင့်အရေးပိုရသွားမှာကို စိုးရိမ်ရသေးသည်လေ။သူထင်သည့်အတိုင်း တစ်နေ့ ချွေးမငယ်က ကိုယ်ဝန်ရှိနေကြောင်း ပြောသည်။သူက ချွေးမငယ်စားမည့် အစားအသောက်ထဲတွင် ကိုယ်ဝန်ပျက်ကျမည့်ဆေးကို ဘယ်သူမှမသိအောင် တိတ်တဆိတ် ထည့်၏။မကြာမီ ချွေးမငယ်သည် ကလေးပျက်ကျသွားသည်။

နှစ်ကြိမ်တိတိ ကိုယ်ဝန်ပျက်ကျပြီးနောက်တွင် ချွေးမငယ်သည် ချွေးမကြီး၏ လက်ချက်မှန်း သိသွားသည်။ထို့ကြောင့် ချွေးမငယ်သည် တတိယအကြိမ် ကိုယ်ဝန်ရှိလာသောအခါ ချွေးမကြီးကို အသိမပေးဘဲ နေတော့သည်။ချွေးမငယ် ကိုယ်ဝန်ရင့်လာမှ သိလိုက်ရလို့ တုန်လှုပ်သွားသော်လည်း ချွေးမကြီးက ဘာမှမဖြစ်သလို နေပေးသည်။သို့သော်လည်း ပရိယာယ်သုံးကာ အားလုံးအလစ်တွင် ချွေးမငယ်စားမည့် အစားအစာထဲတွင် ကိုယ်ဝန်ပျက်ဆေးကို ရအောင် ထည့်သည်။

ချွေးမငယ်သည် ကိုယ်ဝန်ရင့်လာမှ ပျက်ကျသွားသည့်အတွက် အသက်အန္တရာယ်ပင် စိုးရိမ်ရအောင် ပြင်းပြင်းထန်ထန် ခံစားရသည်။ချွေးမငယ်သည် ချွေးမကြီး၏ မတရားလုပ်ကြံခြင်းကို မကျေနပ်သဖြင့် ကလဲ့စားပြန်ချေရန် အငြိုးထားကာ သူသေခါနီးအချိန်တွင် နောက်ဘဝမှာ ချွေးမကြီး မွေးလာမည့် ကလေးများကို ပြန်သတ်ရပါလိုကြောင်း ဆုတောင်းခဲ့သည်။

ချွေးမငယ်သည် နောက်ဘဝတွင် ထိုအိမ်မှာပင် ကြောင်မ ဖြစ်ခဲ့သည်။ချွေးမကြီးလည်း သူ့အကြောင်းသိသွားသော လင်ယောင်္ကျား၏ နှိပ်စက်မှုဒဏ်ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှင့် သေသွားပြီး တစ်အိမ်တည်းမှာပင် ကြက်မဖြစ်သည်။ကြက်မ ဥသမျှ ဥများကို ကြောင်မက စားပစ်သည်။

ကြက်မကလည်း အားကျမခံ ရန်ငြိုးထားကာ နောင်ဘဝတွင် ကြောင်မ၏ သားသမီးများကိုသတ်၍ ကလဲ့စားချေနိုင်ရန် ဆုတောင်းသည်။နောက်ဘဝတွင် ကြောင်မသည် သမင်မဖြစ်၍ ကြက်မက ကျားမဖြစ်လာသည်။ထိုအခါ မပြေသော ရန်ကြွေးဆုတောင်းကြောင့် သမင်မွေးရင်း ကျားစားရင်းဖြင့် ရန်ငြိုးသံသရာလည်ပြန်သည်။

ထုံးစံအတိုင်း ရန်ငြိုးမပြေသူများသည် နောင်ဘဝတွင် ဆုံကြပြန်သည်။သမင်မက ကာဠီဘီလူးမဖြစ်၍ ကျားမက သာဝတ္ထိပြည်သူ မိန်းကလေးဖြစ်လာသည်။သာဝတ္ထိသူ အိမ်ထောင်ပြုပြီး ကလေးမွေးသောအခါ နှစ်ကြိမ်တိတိ မွေးပြီးပြီးချင်း မီးတွင်းထဲမှာပင် ဘီလူးမက ခိုးစားခဲ့သည်။တတိယအကြိမ်တွင်မူ ဘီလူးမကို ဝေဿဝဏ်နတ်မင်းကြီးကခေါ်ပြီး တာဝန်တစ်ခု စေခိုင်းထားသဖြင့် ဘီလူးမသည် သာဝတ္ထိမှ ခေတ္တထွက်ခွာသွားရသည်။သာဝတ္ထိသူကလည်း သူ့ကလေးတွေ နှစ်ကြိမ်လုံး ဘီလူးမရန်ကြောင့် သေခဲ့ရသောကြောင့် သည်တစ်ကြိမ်တွင် မိဘများထံပြန်ကာ မီးဖွားခဲ့သည်။

ဘီလူးမ သာဝတ္ထိပြည်သို့ ပြန်လာသောအခါ သာဝတ္ထိသူသည် မိဘအိမ်မှာ သွားရောက်မွေးဖွားမှန်းသိပြီး လိုက်ရန်ပြင်သည်။ထိုအချိန်တွင် သာဝတ္ထိသူ၏ သားလေးသည် နာမည်ပေးကင်ပွန်းတပ် မင်္ဂလာပြုမည့်အချိန် ရောက်နေလေပြီ။သာဝတ္ထိသူနှင့် သူ့ယောင်္ကျားတို့သည် ကလေးနှင့်အတူ သာဝတ္ထိသို့ပြန်လာရင်း ဇေတဝန်ကျောင်းအနီးရေကန်မှာ ရေချိုးနေကြစဉ် ဘီလူးမက လိုက်လာလေသည်။ ဘီလူးမ လိုက်လာသောအချိန်တွင် ယောင်္ကျားဖြစ်သူက ရေကန်ထဲမှာ ရေချိုးနေပြီး မိန်းမဖြစ်သူက ကမ်းပေါ်တွင် သားကို နို့တိုက်နေသည်။လူယောင်ဆောင်ထားသည့် ဘီလူးမ လာနေသည်ကို လှမ်းမြင်ရသောအခါ မိခင်ဖြစ်သူက သားကိုပွေ့ချီကာ ဇေတဝန်ကျောင်းရှိရာသို့ ထွက်ပြေးခဲ့သည်။ဘီလူးမကလည်း နောက်မှ လိုက်ဖမ်းလေသည်။

သာဝတ္ထိသူက သားငယ်ကိုပွေ့လျက်နှင့် ဇေတဝန်ကျောင်းထဲ ပြေးဝင်လာပြီး ဘုရားရှင်ရှေ့ထိ ဝင်ရောက်ကာ ဘုရားရှင်၏ ခြေဖမိုးထက်တွင် သားငယ်ကို တင်ထားလိုက်သည်။ပါးစပ်မှလည်း သူ၏ သားလေး အသက်အန္တရာယ်ရှိနေပါသဖြင့် ကယ်တင်ပေးပါရန် အားကိုးတကြီးနှင့် ပြောရှာသည်။

ထိုအချိန်တွင် ကာဠီဘီလူးမကို ကျောင်းတံခါးစောင့်နတ်က တားထားသဖြင့် ကျောင်းဝင်းအတွင်းသို့ ဝင်လို့မရဘဲ ရှိနေစဉ်မှာ ဘုရားရှင်က ဘီလူးမကို ဝင်စေသည်။ဘုရားရှင်သည် ရှေ့တော်သို့ရောက်သော ကာဠီဘီလူးမကို  ဘဝအဆက်ဆက် အငြိုးအာဃာတတွေ ဆက်ထားနေလျှင် တကယ့်ကမ္ဘာ့ရန်ဖြစ်တော့မည်ဟု သတိပေးစကားကို ဦးစွာပြောသည်။ထို့နောက် လောကမှာ ရန်ကိုရန်ချင်း မတုံ့နှင်းသင့်ကြောင်း ရန်ကိုရန်ချင်း တုံ့ပြန်ခြင်းဖြင့် ရန်မီး မငြိမ်းနိုင်ဘဲ ရန်တုံ့မူခြင်းမပြုမှသာ ရန်အေးငြိမ်းမှာဖြစ်ကြောင်း ဟောပြောရာ ကာဠီဘီလူးမသည် အသိတရားဝင်ပြီး ဆင်ခြင်မိကာ သောတာပန်အရိယာဖြစ်သွားလေသည်။

ဘုရားရှင်က အကြောက်မပြေသေးသော သာဝတ္ထိသူကို သူ့သားငယ်အား ကာဠီဘီလူးမထံပေးရန် ပြောသည်။သာဝတ္ထိသူက သားငယ်အတွက် စိုးရိမ်သော်လည်း ဘုရားရှင်၏စကားမို့ မပယ်ရှားဘဲ ပေးလိုက်သည်။ကာဠီက သားငယ်ကို ချီပွေ့နမ်းရှုပ်ပြီး မိခင်ဖြစ်သူလက်ထဲသို့ ပြန်ပေးသည်။ထိုမြင်ကွင်းကို တွေ့လိုက်ရသော တရားနာပရိသတ်အားလုံးသည် အံ့သြဝမ်းသာစွာနှင့် သာဓု သာဓု သာဓုဟု ဝိုင်းဝန်းကောင်းချီးပေးကြလေသည်။

ကာဠီဘီလူးမသည် ယခင်သူများအသက်ကို သတ်ဖြတ်စားကာ အသက်မွေးစဉ်က ကြုံသလိုနေခဲ့သော်လည်း ယခုအခါ အပြစ်ကင်းကင်းနှင့် အေးအေးချမ်းချမ်းနေထိုင်ဖို့ အခက်အခဲရှိခဲ့သည်။

ထိုအခါ သာဝတ္ထိသူအမျိုးသမီးနှင့် တစ်ရွာလုံးက ကာဠီဘီလူးမကို ရွာအပြင်ဘက် အေးချမ်းတိတ်ဆိတ်သောနေရာတွင် နေစရာပေးထားပြီး မနက်တိုင်း ထမင်း ယာဂုများ လှူဒါန်းပူဇော်သည်။ကာဠီကလည်း နေစရာ စားစရာပေးသော ကျေးဇူးကို ဆပ်သည့်အနေနှင့် သည်နှစ် မိုးကြီးမည် မိုးခေါင်မည်၊ လေထန်မည် လေငြိမ်မည် စသည်ဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်စေသော အချက်အလက်များကို ကြိုတင်ပြောသည်။

ကာဠီဘီလူးမ ပြောသည့်အတိုင်း လိုက်နာကြသဖြင့် လယ်ယာစိုက်ပျိုးရေးကိစ္စတွင် အပျက်အစီးနည်းပြီး အောင်မြင်ဖြစ်ထွန်းလေသည်။

အာဃာတရန်ငြိုးမရှိသောသူတို့သည် မြူတိမ်များကင်းသော ကောင်းကင်ပြင်ကဲ့သို့ သာယာငြိမ်းချမ်းနေလေတော့သည်။

ရိုက်မောင်း