【 ဆောင်းပါး 】 “ဘယ်သူ အယ်ဒီတာအစစ်လဲ”

【 ဆောင်းပါး 】 “ဘယ်သူ အယ်ဒီတာအစစ်လဲ”

စာရေးဆရာ အယ်ဒီတာနှင့် စာမရေးသော အယ်ဒီတာမှာ ဘာတွေကွာခြားသလဲ၊ ဘာတွေမကွာခြားဘူးလဲ။

အယ်ဒီတာသည် စာရေးဆရာ၏ သင်္ချိုင်းဟု ပြောစမှတ်ရှိသည်။ကျနော်သည်လည်း ရှေ့က နောင်တော်ကြီးများ ပြောကြဆိုကြသည်ကို သိပါလျက် ရောက်ဖြစ်အောင် ရောက်လိုက်သေးသည်။အဓိကအကြောင်းမှာ လစာတစ်ခုနှင့် ဝင်ထိန်းမှသာ အခြေလှမည်ဟု လက်တွေ့ဘဝက တောင်းဆိုနေသောကြောင့်ဖြစ်ပါသည်။

အစိုးရဝန်ထမ်းမိသားစု၏ ဒဏ်ရာဒဏ်ချက်များကို မိဘနှင့်အတူနေစဉ်ကပင် သိနေခဲ့သည်။ကြုံဖူးကြသလားတော့ မသိ။အိမ်ထောင်မကျမီ မိဘနှင့်နေစဉ်က လကုန်ရက်နီးလာသော “ထိုစဉ်က ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံး” သို့ ရောက်သောကာလတွင် တကယ်ပဲ ပိုက်ဆံပြတ်သည်။အချေးအငှားကာလ ရောက်လာသည်။အိမ်မှာ လစာရှိသူက အဖေနှင့် ကျနော် နှစ်ယောက်ရှိသည်။လစာရှိမှန်း သိ၍လည်း အချင်းချင်း အကြွေးဝယ်၍ ရခြင်းဖြစ်သည်။

ယခု အိမ်ထောင်ကျ သားသမီးတွေရ၊ ဆယ်တန်းအောင်စာရင်းတွေစောင့်ရင်း သမီးနှစ်ယောက်က ကျနော့်သူငယ်ချင်း၏ တိုင်းရင်းဆေးလုပ်ငန်းမှာ ဝင်လုပ်ကြသည်။သူတို့အသိစိတ်ဓာတ်နှင့် ကူညီကြခြင်းဖြစ်သည်။အိမ်ကလည်း ကိုယ်ပိုင်မဟုတ်သေး၊ အိမ်လခကလည်း ထိသည်။ဤသို့ဖြင့် စာရေးဆရာသင်္ချိုင်းသို့ ကျနော်ရောက်လာသည်။ဝတ္ထုတိုအရေးများသည့်ကာလဖြစ်နေ၍ ကလောင်နာမည်ကလေးကလည်း လူးလွန့်လာသည် ထင်သည်။ဝတ္ထုတိုက ရေးနိုင်သလောက်ပါနေသည်။

ကျနော်၏ စာပေဘဝအကြောင်း မပြောတော့ပါ။အများကြုံရသလိုမျိုး ကြုံရခြင်းသာဖြစ်ပါသည်။စာပေ ကဗျာ ဝါသနာကြီးလွန်းသဖြင့် စာပေလောကသို့ ဇွတ်တိုးဝင်ခဲ့ကြသည်။ဒီဘဝတော့ စာရေးဆရာ ကဗျာဆရာ မဖြစ်လျှင်မနေ၊ တခြားဖြစ်ချင်ရာဖြစ်စေတော့ဟု သဘောပိုက်ကာ ဝင်ရောက်လာသူများထဲတွင် ကျနော်လည်း တစ်ယောက်အပါအဝင်ဖြစ်လာသည်။စာရေးဆရာသင်္ချိုင်း မရောက်ရလေအောင် စာဖိရေးသည်။ရေးသလောက်လည်း ထွက်နေတုန်းဖြစ်သည်။ဘယ်လောက်ကြာခဲ့မည် မတွေးမိ။

ကျနော့်ကို တစ်လခြား နှစ်လခြား စင်တင်ပေးသော မဂ္ဂဇင်းမှာ “ရုပ်ရှင်တေးကဗျာ” ဖြစ်သည်။ပထမဆုံး ဝတ္ထုတိုမှာ “ကြိုးတံတားပေါ်မှာ ရွာသောမိုး” ဖြစ်သည်။စာရေးသူချင်း အသိအမှတ်ပြုကြသည်။(ကို) ကြူးနှစ်က “ကြိုးတံတားလေး” ဟုခေါ်တော့ လူကမြောက်ချင်ချင်။ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာပါသော ဝတ္ထုတိုဖြစ်သည်။ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း အယ်ဒီတာချုပ်မှာ (ဦး) ချစ်မောင် (အဝကျွန်း) ဖြစ်သည်။ဦးချစ်မောင်အကြောင်း သိသမျှကလေး ပြောကြည့်ချင်သည်။

သူက စာမရေးသော စာရေးဆရာမဟုတ်သော အယ်ဒီတာစစ်စစ်ဖြစ်သည်။စာရေးဆရာ မဟုတ်သည့်တိုင် စာရေးဆရာတွေအကြောင်း စာအုပ်အငှားဆိုင်တွေအကြောင်း စာဖတ်သူတွေအကြောင်း နယ်မြို့အသီးသီးရှိ ဖြန့်ချိရေးဆိုင်များအကြောင်း ပုံနှိပ်စက်များအကြောင်း၊ ကျနော်မသိ ဉာဏ်မမှီခဲ့သော - စသဖြင့် အကြောင်း။အဲဒါတွေမသိဘဲ စာတစ်အုပ် မဂ္ဂဇင်းတစ်စောင် ထုတ်ဝေနိုင်ဖို့မလွယ်ဆိုတာတော့ သတိထားမိဖို့လိုမည် ထင်သည်။ထားတော့… ဒါက စာမရေးသော အယ်ဒီတာ၏ ကောက်ကြောင်းလေးတစ်ခု ဆွဲလိုက်မိခြင်းသာဖြစ်သည်။

ကျနော်လည်း ကလောင်နာမည် ရှင်သန်နေတုန်းလေး ဆက်တိုက်ဆိုသလို ရေးဖြစ်သည်။ဦးချစ်မောင်ကို ကျနော့်ကို နေရာပေးသောသူအဖြစ်နှင့် တလေးတစား ဆက်ဆံပါသည်၊ မဂ္ဂဇင်းများ ဂျာနယ်များ လုံးချင်းများ ရပ်တန့်မသွားမီအထိ ရှင်သန်ကျန်ရစ်ပြီး ထွက်ရှိနေသော မဂ္ဂဇင်းများထဲတွင် “ရုပ်ရှင်တေးကဗျာ” ပါသည်။စာပေလောကနှင့် စာကဗျာသမားများ အဓိကဖတ်ရသော မဂ္ဂဇင်းထဲတွင် ပါသည်။စာပေဝေဖန်ရေး၊ ကဗျာဝေဖန်ရေးမှာ အဓိကကျသဖြင့် လက်လွတ်မခံ ဖတ်ကြရသည်။အဆွအဖွ မဂ္ဂဇင်းပါဟု ပြောသူလည်း ရှိသလောက်ရှိပါသည်။

သည်နေရာတွင် ရုပ်ရှင်တေးကဗျာမှာ ယခင် မိုးဝေမဂ္ဂဇင်းကဲ့သို့ ကဗျာဆရာဝတ္ထုဆရာများ၏ လူတန်းစားရေးရာ သဘောထား ပါဝင်တတ်သည်ကို သတိထားမိသည်။မိုးဝေကာလတစ်ခုတွင် “တိုက်သုံးတိုက်ကစာ” ဟူ၍ တစ်ကဏ္ဍပါဖူးသည်(ဆရာသန်းအုန်းကာလ)။ အာရှ၊အာဖရိက၊လက်တင်အမေရိက၏ အောက်ခြေလူတန်းစားများ၏ ဘဝလွတ်မြောက်ရေးကို ရည်ရွယ်သည်။ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှာ လွတ်မြောက်ရေးအတွက် ရုန်းကန်နေကြဆဲရှိသည်။သီဟာနု၏ မဲခေါင်ရေဆန်ကိုဖတ်၍ ဂရုဏာသက်နေကြသည်။စိတ်ဓာတ်ရေးရာ အားပေးနေကြသည်။

ရုပ်ရှင်တေးကဗျာက နိုင်ငံရေးအမြင် လူတန်းစားရေးအမြင်မှာတော့ မိုးဝေဆန်သည်။သို့သော် “မိုးဝေ” လောက်တော့ စာမလေးပါ။အဓိကကျသော စာရေးဆရာသုံးယောက်က အမာခံဖြစ်နေသည်။ဒဂုံတာရာ၊ မောင်သာနိုးနှင့် ထွန်းလှိုင်ဖြစ်သည်။ဒဂုံတာရာက စာပေသဘောတရား ကဗျာသဘောတရား ရေးသည်။အခန်းဆက် ဝတ္ထုရှည် ရေးသည်။ “ကဗျာဆရာ” ဟူသော ဝတ္ထုရှည်ကို နောက်ဆုံးအချိန်ထိ ရေးသွားသည်။ကဗျာအကြောင်းကို ဒဿနရှုထောင့်မှ မြင်ကြည့်ခြင်းဖြစ်သည်။ဆရာမောင်သာနိုးက ၁၉၇၀ ကာလက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သော “ထင်းရှူးပင်ရိပ်” မော်ဒန်ကဗျာနှင့် စပ်လျဉ်းရာများ ရေးသား၍ ကမ္ဘာ့အသိသစ်များ အမြင်သစ်များကို အဆက်မပြတ် ဆက်စပ်ပေးသည်။ကဗျာဆရာဖြစ်ရန် ရည်ရွယ် ကြိုးပမ်းနေသူများ ကဗျာဆရာများ အားထား၍ ဖတ်ရသည်။ဆရာထွန်းလှိုင်၏ ရုပ်ရှင်ဆောင်းပါးများကောင်းသည့်အကြောင်းက ပြောစရာမလို။ထိုစဉ်က နိုင်ငံခြားရုပ်ရှင်နှင့် ရုပ်ရှင်ပညာအကြောင်း ရေးသူ မရှိသလောက် ရှားသည်။အဆင့်အတန်းမြင့် ဆောင်းပါးလည်းဖြစ်သည်။ ရုပ်ရှင်တေးကဗျာဟူသော အမည်နှင့် လိုက်လျောညီထွေလည်းဖြစ်သည်။

ဆရာထွန်းလှိုင်အနေနှင့်လည်း ရေးဖြစ်သွားသည်။ရုပ်ရှင်ဇာတ်ကားများအကြောင်းကို (###၃) ရေးနိုင်သူများသော်လည်း ဒါရိုက်တာတစ်ယောက်၏ ရှုထောင့်မှနေ၍ ရေးနိုင်သူတော့ ရှားသည်။ထပ်မံတွေးမိ သတိထားမိသည်မှာ ကဗျာများဖြစ်သည်၊ နာမည်ရ ကလောင်များအပြင် လူငယ်လူသစ်များကိုလည်း အမြဲစင်တင်ပေးနေသည်ကို တွေ့ရခြင်းဖြစ်သည်။ကဗျာလူငယ်များ လက်မလွတ်တန်းဖတ်ရသော မဂ္ဂဇင်းဖြစ်နေသည်မှာ ထင်ရှားသည်ဟု ကျနော်ထင်သည်။ကျနော်ကဗျာဆရာမဟုတ်သော်လည်း ကဗျာဖတ်သည်။ပိုပြောရလျှင် ကဗျာနှင့် ဇိမ်ခံတတ်သည်။ကဗျာ ဘာကြောင့်ကောင်းရသလဲဟု ဆန်းစစ်သည့်အခါ ကဗျာဖတ်ပေးသူ ရွေးပေးသူများမှာ အတွေ့အကြုံအရ အကျွမ်းဝင်ဆုံး ဝါရင့်ကဗျာဆရာများဖြစ်နေသည်ကို တွေ့ရသည်။ (မောင်သင်းခိုင်၊ အောင်ဝေး ---- စသဖြင့်)။ကဗျာနှင့် စပ်လျဉ်းသော ဆောင်းပါးအများစုမှာ ၎င်းကဗျာဆရာများထံက ရောက်လာခြင်းဖြစ်မည် ထင်သည်။ကဗျာနှင့် ကဗျာဆောင်းပါးကို ဝါရင့်ကဗျာဆရာများ ရွေးချယ်စေသည်မှာ မှန်သည်ဟု ထင်သည်။

ရုပ်ရှင်တေးကဗျာနှင့် စပ်လျဉ်းရာကို ပြောကြတိုင်း မပါမဖြစ်ပြောမိကြသည်မှာ ဆရာမ “(ဒေါ်)တင်တင်ဦး” အကြောင်းဖြစ်သည်။ဘယ်သူက စပြောသည်ဟူတော့ အသေအချာ မမှတ်မိသော်လည်း ကြားဖူးတာလေးတော့ရှိသည်။အောင်မြင်ထင်ရှားသောသူတစ်ယောက်၏ နောက်ကွယ်မှာ အကောင်းဆုံးဇနီးတစ်ယောက်ရှိသည်ဟု စကားရှိသည်။ဥပမာပြောလျှင် ရှီကျင့်ဖျင်ကပင် စပြော၍ရသည်။သူ၏ဇနီးကို တော်သည်ဟု ပြောကြသည်၊ မပြောတော့ပါ။ စာပေကဏ္ဍနှင့် စပ်လျဉ်းရာပြောလျှင် (###၄) ဆရာမ၏ ခြေရာလက်ရာများသည်ဟု ပြောနိုင်သည်။ခပ်ဖွဖွ ခပ်စွာစွာရှိသော ဆောင်းပါးများကို (ဦး) ချစ်မောင် ရွေးချယ်တည်းဖြတ် စီစဉ်သော်လည်း အတည်အတံ့ ဆောင်းပါး ဝတ္ထုများကို ဒေါ်တင်တင်ဦး ရွေးချယ်သည်ဟု သိရသည်။အားမနာတမ်းပြောရလျှင် ဦးချစ်မောင်က ဆက်ဆံရေးညံ့တယ် နောက်မှာ ဒေါ်တင်တင်ဦးရှိနေလို့သာဟု နားလည်နေကြခြင်းဖြစ်သည်။

ဒေါ်တင်တင် ဦးခေါင်းထဲမှာ နဝဒေး၊ နတ်သျှင်နောင်၊ ဓါတုကလျာတို့ရှိသော်လည်း မဂ္ဂဇင်းအောင်မြင်အောင် ဘာတွေလိုအပ်မည် ဘာတွေလုပ်ရမည်မသိဟု ထင်သည်။

ဦးချစ်မောင် ခေါင်းထဲမှာတော့ မဂ္ဂဇင်းတစ်စောင်လုံး မာတိကာမှစ၍ နောက်ဆုံးစာမျက်နှာအဆုံးထိရှိသည်။

လှုပ်လှုပ်ရွရွဖြစ်မည့် စာမူများဆိုလျှင်တော့ အချိန်မီသေးလျှင် ချက်ချင်းထည့်လိုက်ချင်သည်မှာ သူ့သဘာဝဖြစ်မည် ထင်သည်။

ကျနော် အဓိကပြောလိုသော စာမရေးသော၊ စာရေးဆရာမဟုတ်သော အယ်ဒီတာတစ်ယောက်အကြောင်းကို ရိပ်ဖမ်းသံဖမ်းတော့ ရလိုက်မည် ထင်ပါသည်။

လင်းထင်