【 နိုင်ငံတကာဆောင်းပါး 】ဗဟိုအာရှငါးနိုင်ငံနှင့် တရုတ်အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】ဗဟိုအာရှငါးနိုင်ငံနှင့် တရုတ်အခန်းကဏ္ဍ

မေလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ Shaanxi ပြည်နယ် Xi'an မြို့တွင် ကျင်းပမည့် တရုတ်- ဗဟိုအာရှထိပ်သီးအစည်းအဝေးမှာ စစ်မက်နှင့် စီးပွားရေးဆိုင်ရာတင်းမာမှုပြဿနာများကြောင့် အကျပ်အတည်း ဖြစ်နေသည့် နိုင်ငံတကာအရေးများကြားတွင် နိုင်ငံတကာအတွက် အပြောင်းအလဲတစ်ခုအဖြစ် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါအစည်းအဝေးနှင့် ပတ်သက်ပြီးယခုနှစ်ဧပြီလကတည်းက ကျင်းပရန်ရှိကြောင်းကို ထုတ်ပြန်ထားခဲ့သည်။  

မေ ၈ရက်က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က တရုတ်- ဗဟိုအာရှထိပ်သီးအစည်းအဝေးကို မေလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ Shaanxi ပြည်နယ် Xi'an မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတကာသို့ ထုတ်ပြန်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ကာဇက်စတန်နိုင်ငံသမ္မတ Tokayev ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ Japarov ၊ တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ Rahmon ၊ တပ်မင်နစ္စတန်နိုင်ငံသမ္မတ Berdimuhamedov ၊ ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ Mirziyoyev တို့ တက်ရောက်မည်ဖြစ်ပြီး မေ ၁၆ ရက်မှ ၂၀ရက်နေ့အထိ တရုတ်နိုင်ငံသို့  တရားဝင်ခရီးလာရောက်ကြမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်သည့် ကာဇက်စတန်၊ကာဂျစ်စတန်၊တာဂျစ်ကစ္စတန်၊တပ်မင်နစ္စတန်၊ဥဇဘက် ကစ္စတန် နိုင်ငံတို့နှင့်ပတ်သက်ပြီး သမိုင်းကြောင်း ပြန်ကြည့်ပါက အဆိုပါ ငါးနိုင်ငံမှာ ယခင်က ဆိုဗီယက်ပြည်ထောင်စုနိုင်ငံထဲတွင်ပါဝင်ခဲ့သော နိုင်ငံများဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် သီးခြားနိုင်ငံများအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။အဆိုပါဒေသသည် ဗျူဟာမြောက်တည်ရှိပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှတို့သို့ ဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ ထိုဒေသရှိနိုင်ငံများနှင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသရှိ လူမျိုးနှင့်ယဉ်ကျေးမှုမှာ ဆက်နွယ်နေရာ ရှေးယခင်ကတည်းက ကူးလူးဆက်ဆံမှုများရှိခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် နိုင်ငံများအဖြစ် သီးခြားခွဲထွက်လာချိန်တွင် တရုတ်နိုင်ငံက အသိအမှတ်ပြုကာ သံတမန် ဆက်ဆံရေးတည်ထောင်ခဲ့သဖြင့် ထိုစဉ်ကတည်းက ယခုထိ ဆက်ဆံရေးကောင်းနေသည့် နိုင်ငံများဖြစ်ခဲ့သည်။  တရုတ်နိုင်ငံနှင့် ဗဟိုအာရှ နိုင်ငံငါးနိုင်ငံကြား  တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ပြည်သူများစိတ်နှလုံးချင်း ဆက်နွယ်ကာ ကြာရှည်သည့်သမိုင်းကြောင်းနှင့် နက်ရှိုင်းသည့် ယဉ်ကျေးမှုနောက်ခံများရှိကြသည်။

ထို့သို့သော ထူးခြားသည့်နောက်ခံကြောင့် တရုတ်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံကြား နိုင်ငံရေး၊ နိုင်ငံခြားရေးပူးပေါင်းဆောင်ရွက်မှုသည် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ယုံကြည်မှုနှင့် အကျိုးစီးပွားပေါင်းစပ်မှုကို ထင်ဟပ်နေခဲ့သည်။ နှစ် ၃၀ ကြာနေပြီဖြစ်သည့် နှစ်ဖက်ဆက်ဆံရေးမှာ စတင်ချိန်မှကြည့်လျှင် အကျိုးစီးပွား အပြန်အလှန် အပြည့်အ၀ရရှိခဲ့သည်အထိ ရလဒ်များရှိခဲ့သည်။

ထူးခြားသည်မှာ လက်ရှိနိုင်ငံများစွာတွင် အကောင်အထည်ပေါ်နေပြီ ဖြစ်ပြီး အကျိုးအမြတ်ခံစားနေရပြီ ဖြစ်သည့် Belt & Road ဆိုသည့်  “ပိုးလမ်းမ စီးပွားရေးခါးပတ်လမ်း” အဆိုပြုချက်အား ၂၀၁၃ ခုနှစ်တွင် ကာဇက်စတန်နိုင်ငံ၌ တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖျင်က ပထမဆုံးစတင်ပြောကြားခဲ့ခြင်းဖြစ်သည်။ဆယ်စုနှစ်ကြာပြီးအခါ ယခုအခါ ၎င်းအဆိုပြုချက်မှာ အသက်ဝင်နေပြီး ထင်ရှားသော ရလဒ်အနေဖြင့် ဗဟိုအာရှနိုင်ငံများကို ဖြတ်သန်းကာ အာရှ-ဥရောပကုန်တင်ရထားပြေးဆွဲမှုမှာလည်း အရှိန်ရနေပြီဖြစ်သည်ကိုတွေ့ရသည်။

ထိုသို့ပြေးဆွဲနိုင်မှုကြောင့် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည့် ဗဟိုအာရှနိုင်ငံများအတွက် နိုင်ငံတကာထွက်ပေါက်တစ်ခုရရှိခဲ့ပြီး ဒေသတွင်း ဆက်သွယ်ရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်ပေါ်စေကာ ဒေသတွင်းအခြေခံအဆောက်အအုံများနှင့် လူနေမှုစနစ်ကိုပါ တိုးတက်ဖွံ့ဖြိုးလာစေခဲ့သည်။

ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအရ နီးစပ်သောဆက်ဆံရေးရှိနေသည့် ဗဟိုအာရှဒေသမှာ တရုတ်နိုင်ငံ၏ လုံခြုံရေးအတွက်လည်း အရေးပါသော အနေအထားတွင်ရှိသည်။  ဗဟိုအာရှနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှင်ကျန်းဒေသနှင့် ထိစပ်နေသော အာဖဂန်အပါအဝင် ဒေသအတွင်းမှ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနှင့် ခွဲထွက်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဒေသတွင်းနိုင်ငံများနည်းတူ  တရုတ်နိုင်ငံက မျှဝေခံထားရသည်။

ယခင်က ဖွံ့ဖြိုးမှုနည်းပါးသော တရုတ်အနောက်ပိုင်းဒေသများမှာ BRI ကြောင့် ဗဟိုအာရှနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်ဖွံ့ဖြိုးလာရာ ယခုနှစ်ပိုင်းတွင် သိသိသာသာ တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံ အစိုးရအဆက်ဆက်က အကြမ်းဖက်မှုနှင့် ဘာသာရေးအစွန်းရောက်မှုကို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လျော့ပါးအောင် ပြုလုပ်ခဲ့ရာ ဗဟိုအာရှ နိုင်ငံများနှင့် ကုန်သွယ်ရေး တိုးတက်လာသည်နှင့်အမျှ ဒေသတွင်းတည်ငြိမ်မှုမှာ သိသိသာသာတိုးတက်လာခဲ့သည်။ ထို့ကြောင့် ဗဟိုအာရှငါးနိုင်ငံ၏  စီးပွားရေး၊လူမှုရေးပူးပေါင်းဆောင်ရွက်မှုမြင့်တက်လာခြင်းနှင့်  အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာမှုက တရုတ်အနောက်ပိုင်းဒေသများ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။  

တရုတ်သည် အာရှအလယ်ပိုင်းနိုင်ငံများအတွက် အဓိကကုန်သွယ်ဖက် ဖြစ်သည်။ ဗဟိုအာရှဒေသတွင်းမှ တရုတ်နိုင်ငံသို့  အဓိကစျေးကွက်နှင့် သဘာဝအရင်းအမြစ်တွေကို လက်လှမ်းမီနိုင်အောင်ထောက်ပံ့ပေးနေပြီး တရုတ်က ဗဟိုအာရှသို့ ကုန်စည်တွေအတွက် ကြီးထွားလာတဲ့ စားသုံးသူစျေးကွက်ကို ပေးနေသည်။ တရုတ်နိုင်ငံသည် ဗဟိုအာရှမှ စွမ်းအင်အရင်းအမြစ်များကို တင်သွင်းကာ ကုန်ပစ္စည်းများ၊ စက်ယန္တရားများ နှင့် လူသုံးကုန်ပစ္စည်းများကို ဗဟိုအာရှသို့ တင်ပို့ခြင်းဖြင့် နှစ်ဖက်ကုန်သွယ်မှုကို တိုးမြင့်လာစေခဲ့သည်။ ထိုဒေသတွင် တရုတ် ကုမ္ပဏီများက သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ China's State-Owned People's Daily ၏ အဆိုအရ ဗဟိုအာရှတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၂၀၂၀ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့်ရှိပြီး အထူးသဖြင့် ဧရိယာအကျယ်ဆုံး ဖြစ်သည့် ကာဇက်စတန်တွင် အမေရိကန် ဒေါ်လာ ၂၁.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။၂၀၂၁ ခုနှစ်အကုန်တွင် ဗဟိုအာရှ ၌ လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီပေါင်းမှာ ၇၇၀၀ ထိရှိခဲ့ကြောင်း သိရသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုဓာတ်များ အပါအဝင် စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသည့် ဗဟိုအာရှဒေသတွင် တရုတ်နိုင်ငံက  ဒေသတွင်းစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရေရှည်စွမ်းအင်ဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်-အာရှအလယ်ပိုင်းဓာတ်ငွေ့ပိုက်လိုင်းနှင့် တာ့ခ်မင်နစ္စတန်-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော ပိုက်လိုင်းများထိုဒေသကို ဖြတ်သန်းဖောက်လုပ်ခြင်းက  တရုတ်နှင့် ဗဟိုအာရှဒေသအကြား စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးကို ခိုင်မာစေခဲ့သည်။

ခြုံငုံကြည့်ပါက ဗဟိုအာရှ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံသည် အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေသည်ကို ငြင်းမရပေ။ လမ်းများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကဲ့သို့သော အခြေခံအဆောက်အဦပရောဂျက်များတွင် တရုတ်က ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသည်။ ထို့အတူ ပေါကြွယ်၀သည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တုစသည့် ဗဟိုအာရှ၏ စွမ်းအင်အရင်း အမြစ်ကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးဖို့လိုနေရာ  တရုတ်၏ ရင်းနှီးမြုပ်နှံနှင့် နည်းပညာက ဗဟိုအာရှနိုင်ငံများ အတွက် အထူးအရေးပါနေလေသည်။  

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီလက  ဗဟိုအာရှခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ရှီက ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံအထိ တိုးမြှင့်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ရာ ယခုအစည်းအဝေးမှာ ဗဟိုအာရှဒေသမှ နိုင်ငံများအတွက် မျှော်လင့်စရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ယခု တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးတွင် အခြေခံအဆောက်အအုံနှင့် အခြားကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို မိတ်ဆက်နိုင်မည်ဟု မျှော်လင့်ထားကြရာ ဗဟိုအာရှဒေသ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက မည်သို့ အခန်းကဏ္ဍက ပါဝင်ထောက်ပံ့ကူညီပေးမည်ကို ယခုထိပ်သီး အစည်းအဝေးတွင် မြင်ရဖွယ်ရှိနေပေသည်။

လင်းသစ်အောင်