【 နိုင်ငံတကာဆောင်းပါး 】၁၀၂ နှစ်ပြည့်သွားတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ယနေ့ တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】၁၀၂ နှစ်ပြည့်သွားတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ယနေ့တရုတ်နိုင်ငံ

ပါတီတစ်ခု နှစ် ၁၀၀ ပြည့်တယ်ဆိုတာ အတော်လေးကိုထူးခြားပါတယ်။ ကမ္ဘာပေါ်တွင် ယနေ့ထိ ရပ်တည်နေသည့် သက်တမ်းတစ်ရာကျော်သည့် ပါတီကြီး ၈ ခုရှိပြီး အာရှမှ ၃ ပါတီရှိခဲ့ပါတယ်။ ထိုထဲမှာ  ၁၉၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီလည်းအပါအဝင် ဖြစ်ပါတယ်။ လူဦးရေ တစ်ဘီလျံခွဲခန့်ရှိသည့် တရုတ်နိုင်ငံတွင် တရုတ်ကွန်မြူနစ်ပါတီဝင်ဦးရေမှာ ၂၀၂၂ခုနှစ် စာရင်းအချက်အလက်အရ သန်း ၁၀၀ နီးပါးရှိရာ လူဦးရေစုစုပေါင်း၏ ၆.၈၅ ရာခိုင်နှုန်းရှိပါတယ်။ ယခုအဲဒီပါတီက  ဇူလိုင် ၁ ရက်မှာ သက်တမ်း ၁၀၂ နှစ် ပြည့်ခဲ့ပါတယ်။

၁၀ နှစ်အတွင်း လူဦးရေ သန်း၁၀၀ နီးပါးကို ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်ကနေ လွတ်မြောက်စေခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီအဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်ကတည်းက အာဏာရပါတီအဖြစ် ရှိခဲ့တာမို့လို့ နိုင်ငံ့အုပ်ချုပ်ရေးကို ၇၂ နှစ်ကျော်ကြာ တဆက်တည်း ရယူခဲ့တဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို တစ်ဆက်တည်း ဦးဆောင်မှုရယူနိုင်ခဲ့လို့   နိုင်ငံရေးတည်ငြိမ်မှုအားကောင်းတဲ့ အတွက် ယခုရရှိနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိခဲ့တာပါ။

နိုင်ငံရေးတည်ငြိမ်မှုနှင့် ပါတီတွင်းတည်ငြိမ်မှုက နိုင်ငံတစ်ခုအတွက်များစွာသက်ရောက်မှုရှိပါတယ်။ ယခုနှစ် မတ်လက တတိယမြောက်သက် တမ်းအဖြစ် တရုတ်သမ္မတတာဝန်နှင့် ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူးတာဝန်ကို ယူခဲ့တဲ့ သမ္မတရှီကျင့်ဖျင်လက်ထက်မှာ တရုတ်နိုင်ငံရဲ့ ဘက်စုံကြီးထွားလာမှုက သိသာခဲ့ပါတယ်။ ဒီလိုဖြစ်ထွန်းဖို့လည်း ပါတီတွင်း စည်းလုံးမှုနှင့် တင်းကျပ်သည့် စီမံအုပ်ချုပ်မှုကို ရှီ၏သက် တမ်းအတွင်း ကိုဗစ် ၁၉ ကပ်ဘေးကာလမှာ ကမ္ဘာက မြင်တွေ့ခဲ့ရပါတယ်။  

မကြာသေးတဲ့ ဇွန် ၃၀ ရက် တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း (၁၀၂) နှစ်မြောက်မတိုင်ခင် အကြိုရက်မှာ ပြုလုပ်တဲ့  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ လေ့လာရေးဦးဆောင်အဖွဲ့ ဆွေးနွေးပွဲမှာ ရှီက လွန်ခဲ့သော ရာစုနှစ်များမှာ CPC ပါတီဝင်များ၏ မျိုးဆက်ဟောင်းများဟာ ပါတီ၏ ရှင်သန်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုက်ပွဲဝင်ခဲ့ တယ်လို့ ပြောခဲ့ပါတယ်။

ရှီက တရုတ်နိုင်ငံတွင် အခြားနိုင်ငံရေးအင်အားစုများ မရည်မှန်းနိုင်သည့် ခက်ခဲသောကိစ္စများကိုပြီး မြောက်စေရန် တရုတ်ကွန်မြူနစ်ပါတီက ပြည်သူများကို ဦးဆောင်နိုင်သော စွမ်းရည်၏ အခြေခံအကြောင်းရင်းမှာ သိပ္ပံနည်းကျ မာ့က်စ်ဝါဒကို ကျင့်သုံးနိုင်ခြင်းနှင့် ခေတ်သစ်ပကတိအခြေအနေများတွင် သဘောတရားရေးရာ တီထွင်ဆန်းသစ်မှုကိုအမြဲမပြတ်အားပေးသောကြောင့်ဟု ပြောခဲ့ပါတယ်။

လာမည့်ဆယ်စုနှစ်များနဲ့ ပါတီလူငယ်မျိုးဆက်အခန်းကဏ္ဍအပေါ်မှာ ရှီက  “ လွန်ခဲ့တဲ့ရာစုနှစ် တစ်လျှောက်မှာ တရုတ်နိုင်ငံဟာ  အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို လိုက်နေရတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပေမယ့် လာမည့် ဆယ်စုနှစ် နှစ်ခုမှ သုံးခုအတွင်း  ကျွန်ုပ်တို့မျိုးဆက်များက  တိုင်းပြည်ရဲ့ အဓိကကျသော ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လာတဲ့အခါ တရုတ်နိုင်ငံဟာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ  ပိုမိုကျိုးကြောင်းဆီလျော်၍ တရားမျှတသော ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို ရှာဖွေပြီး  လူသားတို့ပူးပေါင်း၍ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ရန်နှင့် ပါဝင်ကူညီရန် တာဝန်ရှိပါတယ်။ ဒါဟာ မတုန်မလှုပ်သင့်တဲ့ တာဝန်နဲ့ ဝတ္တရားပါပဲ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။   

ရှီက “ပါတီကြီးတွေမှာသာရှိတဲ့ ပြဿနာတွေ ဖြေရှင်းရေးနှင့် ဘက်စုံ တင်းကျပ်တဲ့ပါတီစီမံအုပ်ချုပ်ရေးစနစ် မြှင့်တင်ရေးတို့ကိုအရေးကြီးတာဝန်အဖြစ် ခံယူပြီးအမျိုးသားပြန်လည်ရှင်သန်ရေးအရေးကြီး တာဝန်ထမ်းဆောင်ထိုက်တဲ့ အရည်အသွေးမြင့်မားတဲ့ အုပ်ချုပ်ရေးအမာခံအဖွဲ့ကို အင်တိုက်အားတိုက် တည်ဆောက်ရမယ်” လို့ ပြောခဲ့ပါတယ်။  

တရုတ်အစိုးရအာဘော်ဖြစ်သည့် CMG သတင်းဌာနဖော်ပြချက်မှာတော့ ရှီ၏ထိုသို့သော ပြောဆိုခြင်းက အာဏာရပါတီတစ်ခု မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်းဟာ နေ့ချင်းညချင်းမပြီးမြောက်နိုင်ဘဲ အသစ်တဖန် ပြန်လည်မွေးဖွားခြင်းဆိုတဲ့ လုပ်ငန်းစဉ်ကိုဖြတ်သန်းရန် လိုအပ်သည်ကိုဆိုလိုကာ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ လုပ်နည်းလုပ်ဟန်တွေကိုပြုပြင်ရန်၊ အကျင့်ပျက်ခြစားမှုကို အားကောင်းစွာတိုက်ဖျက်အရေးယူရန်၊ မိမိကိုယ်ကို မြှင့်တင်တဲ့စနစ်နဲ့ အာမခံချက်ပေးရန် စတာတွေလိုအပ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ပါတီကိုတင်းကျပ်စွာ အုပ်ချုပ်ရေး၊ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရေးတို့ကို လိုက်နာကာ ကမ္ဘာပေါ်ရှိပါတီကြီးများမှာသာရှိတဲ့ ပြဿနာ တွေကို ဖြေရှင်းရန်၊ အာဏာရပါတီရဲ့ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်းဖြင့် လူမှုရေးပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ပြီး ဖရိုဖရဲဖြစ်မှု၊ ဆင်းရဲမှုနှင့်ဆုတ်ယုတ်မှုရဲ့ သမိုင်းသံသရာမှ ခုန်ထွက်နိုင်ရန်၊ တရုတ်ပြည်သူများအား ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝများ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ကြောင်း ဆိုထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ကျော်တည်တံ့ခဲ့တဲ့ အဓိကအချက်ကတော့  ပြည်သူများကို မျက်နှာမူပြီး အာဏာအလွဲသုံးစားမှုနှင့် ခြစားမှုကို ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုကိုကြည့်ရင် ရှီတာဝန်စယူခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ပိုမြန် ဆန်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ (၁၈) ကြိမ်မြောက်အမျိုးသားညီလာခံပြီးနောက် ကဏ္ဍစုံမှာ ပိုပြီးအောင်မြင်မှုတွေ ရလာခဲ့တာတွေ့ရပါတယ်။ လွန်ခဲတဲ့ ၁၀ နှစ်အတွင်း တရုတ်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုက ယခုရရှိနေတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေမှာ အဓိကနေရာကနေ ပါဝင်နေပါတယ်။

၂၀၂၁ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ဂျီဒီပီဟာ နှစ်ဆအထိ မြင့်တက်လာခဲ့ပြီး ကန်ဒေါ်လာ ၈.၅ ထရီလီယံကနေ ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၁၇.၇ ထရီလီယံအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ တရုတ်ကို ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာစေခဲ့ပါတယ်။ တစ်ဦးချင်းဝင်ငွေကလည်း ယခင်က ကန်ဒေါ်လာ ၆၀၀၀ သာ ရှိခဲ့ရာကနေ ၁၂၀၀၀ အထိ မြင့်တက်လာခဲ့လို့ ကမ္ဘာ့အကြီးဆုံးလူလတ်တန်းစား စားသုံးသူစျေးကွက်ကြီးကို ပိုင်ဆိုင်စေခဲ့ပါတယ်။ 

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟာ လျင်မြန်စွာ တိုးတက်လာခဲ့သော အခြေခံအဆောက်အဦ ဆောက်လုပ်ရေး၊ တစ်နိုင်ငံလုံးကို ဆက်သွယ်ပေးသော လမ်းပန်းဆက်သွယ်ရေးနှင့် အသစ်သောအခွင့်အလမ်းများကြောင့် လို့ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံ၏ အခြေခံအဆောက်အဦဟာလည်း ကျယ်ပြန့်စွာ တိုးတက်လာကာ လေဆိပ်၊ ရထားလမ်း၊ မိုးပျံရထားလမ်းနှင့် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်အသုံးပြုလမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင်လည်း ကြီးမားစွာတိုးတက်လာခဲ့ပါတယ်။

R&D လုပ်ငန်းတွင် အသုံးစရိတ်ဟာ ၂၀၁၂ ခုနှစ်တွင် ကန်‌ဒေါ်လာ ၃၀၀ ဘီလီယံသာ ရှိရာကနေ ၂၀၂၀ ခုနှစ်မှာတော့ ကန်ဒေါ်လာ ၅၆၄ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာလည်း တရုတ်ဟာ သိပ္ပံပညာဆိုင်ရာ စာပေထုတ်ဝေမှုတွင်လည်း ဦးဆောင်ခဲ့ပြီး ၂၀၁၈ တွင် သိပ္ပံပညာဆိုင်ရာ စာပေများဟာ နိုင်ငံ၏ စာပေထုတ်ဝေမှု ၂၇.၂ ရာခိုင်နှုန်းကို ကိုယ်စားပြုကာ တစ်နှစ်ကို စာပေထုတ်ဝေမှုပေါင်း ၄၀၀၀၀၀ ခန့် လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို တရုတ်၏ သိပ္ပံကဏ္ဍတွင် အဆင့်မြင့်တိုးတက်နိုင်ခြင်းနှင့် ပတ်ဝန်းကျင်လေ့လာရေးတွင် တိုးတက်နိုင်ခြင်းတို့ကြောင့် တရုတ်ဟာ နည်းပညာတွင် ကျယ်ပြန့်သော တိုးတက်မှုကို ရရှိစေနိုင်ကာ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဉာဏ်ရည်တု၊ စက်ရုပ်၊ လေကြောင်း၊ စူပါကွန်ပျူတာ၊ ကွန်တမ် ကွန်ပျူတင်းနှင့် အခြားသော ကဏ္ဍများတွင်လည်း တိုးတက်စေခဲ့ပါတယ်။ တရုတ်ဟာ အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့ပြီး လ ကမ္ဘာ၏ အမှောင်ဘက်ခြမ်းတွင် ပထမဆုံးဆင်းသက်နိုင်သော နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း တရုတ်နိုင်ငံ၏ ပညာရေး ကဏ္ဍဟာလည်း ကြီးမားသော တိုးတက်မှု ရှိလာခဲ့ကာ တရုတ်၏ တက္ကသိုလ် ၇ ခုဟာ ကမ္ဘာပေါ်တွင် အကောင်းဆုံးတက္ကသိုလ် ၁၀၀ ခု စာရင်းဝင်ထားပါတယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက တရုတ်၏ အောင်မြင်မှုများဟာ ထင်သာမြင်သာရှိသလို တားဆီးလို့လည်း မရခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ယခင်က စိုက်ပျိုးရေးကို အခြေခံသော ဆင်းရဲသောနိုင်ငံဖြစ်ခဲ့သော်လည်း ယခုတော့ နည်းပညာကို အခြေခံလို့ ပြောင်း လဲလာသော နိုင်ငံဖြစ်လာပါတယ်။

တရုတ်နိုင်ငံ၏ တိုးတက်လာသော စီးပွားရေးကို နိုင်ငံသားများအားလုံးအတွက် ညီတူညီမျှ ဝေမျှပေးနိုင်ခဲ့ပါတယ်။ ဒါကို တရုတ်၏ ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံကိန်းက ထင်ဟပ်ပြသနေခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ပြောကြားချက်အရ “တရုတ်ဟာ ကမ္ဘာပေါ်တွင် အလွန်အကျွံဆင်းရဲမွဲတေမှုကို လျှော့ချမှု ၇၅ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ ၂၀၂၁ တွင် တရုတ်၏ ထုတ်ပြန်ကြေညာချက်အရ တရုတ်ဟာ အလွန်ဆင်းရဲမွဲတေမှုကို ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး လူပေါင်း ၇၇၀ သန်းကို ၁၉၇၈ နောက်ပိုင်း ဆင်းရဲမွဲတေမှုကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ထို့အပြင် အတင့်သင့်ကြွယ်ဝချမ်းသာသော လူမှုအသိုင်းအဝိုင်းကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်” လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုသာ မရှိခဲ့ပါက ယနေ့တရုတ်ပြည်၏ တိုးတက်ဖွံ့ဖြိုးမှုကို မြင်ရဖို့ မသေချာပေ။ ထို့ကြောင့်လည်း နှစ်၁၀၀ ပြည့်ညီလာခံမှာ လာမည့် နှစ် ၁၀၀ အတွက် ပါတီကို ပြည်လည်နိုးထရန် ရည်မှန်းချက်ထားခဲ့တာကို တွေ့ရပါတယ်။ ထို့အတွက် မတ်လကကျင်းပခဲ့သည့် ပါတီ၏ Two Sessions ညီလာခံ နှစ်ရပ်တွင် နိုင်ငံတဝှမ်းပါတီအောက်ခြေအဆင့်နှင့် အဓိက ကဏ္ဍများတွင် အရေးပါသည့် ရာထူးများနေရာ၌ ၁၉၈၅ ခုနှစ် နောက်ပိုင်းမှ မွေးဖွားပြီး ၁၉၉၀ ခုနှစ်များအတွင်း မွေးဖွားခဲ့သော လူငယ်အရာရှိများနှင့် ပါတီဝင်များ အများအပြားကို ခန့်အပ်ခဲ့တာကိုတွေ့ရပါတယ်။

ပါတီ၏ ၁၀၂ နှစ်မြောက် တည်ထောင်ခြင်း နှစ်ပတ်လည် မတိုင်မီ ဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်း များအရ ပါတီဝင်ဦးရေမှာ ၂၀၂၁ ခုနှစ်ထက် ၁.၄ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။ လက်ရှိကမ္ဘာ့ အ ခင်းအကျင်းတွေ ပဋိပက္ခတွေကြောင့်  ပြီးခဲ့တဲ့ နှစ် ၁၀၀ အဆုံးသတ်နှစ်များကနေ လာမည့် နှစ် ၁၀၀ ရဲ့ အစပိုင်းနှစ်များကို  တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်နိုင်ငံကို ဦးဆောင်သူအဖြစ် တာဝန်ယူနေတဲ့ ရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်းဟာ စိတ်ဝင်စားဖို့ ကောင်းနေတာတော့ အမှန်ပါဘဲ။

လင်းသစ်အောင်