【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်နှစ်သစ်ကူးပွဲများ (အပိုင်း ၁)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်နှစ်သစ်ကူးပွဲများ (အပိုင်း ၁)

ခရစ်နှစ်သစ်ကူးအလွန် ကမ္ဘာကို ပျော်ရွှင်မှုတွေ ထပ်မံထုပ်ပိုးလာတာက တရုတ်နှစ်ကူး (နွေဦးပွဲတော်) ဖြစ်ပါတယ်။

ပွဲတော်ချိန် နီးကပ်လာပြီဖြစ်ပြီး တရုတ်နှစ်သစ်ကူးဆိုပေမယ့် ဒီပွဲတော်က တရုတ်နိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်းက တရုတ်မျိုးနွယ်တွေရှိတဲ့ နိုင်ငံအလိုက် ပါဝင်ဆင်နွှဲကြသလို အခြားလူမျိုးများလည်း ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။

အခုဆိုရင် ပွဲတော်ချိန် နီးကပ်နေပြီဖြစ်လို့ တရုတ်လူမျိုးတွေက လာမယ့်နှစ်သစ်ကူး နဂါးနှစ်အတွက် ကြိုလင့်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။တရုတ်နှစ်သစ်ကူးလို့ဆိုတဲ့အခါ တရုတ်နွယ်ဖွားတွေရှိတဲ့ မြန်မာနိုင်ငံမှာလည်း ပွဲတော်တွေ ကျင်းပလေ့ရှိလို့ နှစ်သစ်ကူးပွဲတော် မြင်ကွင်းတွေကတော့ မြန်မာတွေနဲ့လည်း ရင်းနှီးနေပြီးသားဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားဖွယ် တရုတ်နှစ်သစ်ကူး ပွဲတော်တချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးလို့ဆိုပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားမှာလည်း နိုင်ငံတကာအားလပ်ရက်အဖြစ် ရှိလာနေပါတယ်။ပွဲတော်ကျင်းပမှုအနေနဲ့တော့ တရုတ်နိုင်ငံအပြင် အာရှိနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူအများအပြားရှိတဲ့ အနောက်နိုင်ငံတွေမှာဆိုရင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ဒါကြောင့် အာရှအပြင်၊ လန်ဒန်၊ နယူးယောက်နဲ့ ဆစ်ဒနီတို့မှာဆိုရင် လူသိများထင်ရှားတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်တွေ ရှိနေကြပါတယ်။

ဒီတော့ တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ်နိုင်ငံကပဲ အစဉ်လိုက် စလိုက်ချင်ပါတယ်။

          (၁) တရုတ်နိုင်ငံ မြို့တော် ပေကျင်း

တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမှာဆိုရင် နှစ်သစ်ကူးပွဲတော်က အခမ်းနားဆုံးနဲ့ အလှပဆုံး ပွဲတော်ဖြစ်ပါတယ်။ဒီကာလမှာတော့ အစိုးရက အများပြည်သူအားလပ်ရက် ရက်ရှည်ပေးထားပြီး ဘုရားကျောင်း အခမ်းအနားတွေမှာ လူစည်ကားလွန်းလှသလို အထင်ကရ မဟာတံတိုင်းကြီးမှာလည်း အခမ်းအနားအစုံအလင် ကျင်းပလေ့ရှိကြပါတယ်။ဒီအထဲ အနီရောင်လွှမ်းခြုံမှုတွေနဲ့ ပွဲတော်မြင်ကွင်းတွေ၊ ခြင်္သေ့နဲ့ နဂါးအကတွေ၊ ကိုယ်ခံပညာစွမ်းရည် ပြပွဲတွေ၊ စုံလင်လှတဲ့ ပွဲတော်ရဲ့ စားသောက်ဖွယ်ရာ စျေးတန်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် တရုတ်လူမျိုးတို့ရဲ့ လက်ဖက်ရည် ယဉ်ကျေးမှု ပြပွဲတွေ၊ ရေခဲနဲ့ နှင်းပန်းပု ပြပွဲတွေ၊ တရုတ်ရိုးရာ အနုပညာတွေလည်း ပါဝင်ပြလေ့ရှိပါတယ်။ရေပန်းအစားဆုံး ဘုရားကျောင်းပွဲတော်နှစ်ခုရှိပြီး Ming မင်းဆက် နဲ့ Qing မင်းဆက်တို့ရဲ့ ရိုးရာအတိုင်း ကျင်းပကြတဲ့  Ditan Park Temple Fair နဲ့ မျက်လှည့်၊ ဆပ်ကပ်တွေ၊ စျေးတန်းတွေ၊ ကလေးတို့အတွက် ပျော်ရွှင်ဖွယ်ကစားနည်းတွေနဲ့ စည်ကားလှတဲ့ Dongyue Temple Fair တို့ကတော့ ပေကျင်းရဲ့ နှစ်သစ်ကူးကာလ လက်လွှတ်မခံသင့်တဲ့ နေရာတွေဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ရှေးဟောင်းမြို့ဖြစ်တဲ့ Gubei Water Town မှာ မြင်တွေ့နေကြမဟုတ်တဲ့ ရှေးပုံစံအဆောက်အဦတွေနဲ့ စိတ်လှုပ်ရှားဖွယ် စားသောက်ဖွယ်တွေ၊ လက်မှုပညာတွေကို ခံစားရင်း နှစ်သစ်ကူးကို ဖြတ်သန်းနိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းကို ဖော်ပြပြီးတဲ့အခါ ဆက်လက်ဖော်ပြပေးချင်တာက ဟောင်ကောင်က တရုတ်နှစ်သစ်ကူးပွဲကို ဆက်ချင်ပါတယ်။

          (၂) ဟောင်ကောင်

ဟောင်ကောင်မှာတော့ တရုတ်နှစ်သစ်ကူးပွဲက ခေတ်ပေါ်တင်ဆက်မှုတွေလည်း ပါဝင်ပေါင်းစပ်ပြီး ခြိမ့်ခြိမ့်သဲ စည်ကားလေ့ရှိပါတယ်။ဒီအထဲ Tsim Sha Tsui  ညချီတက်ပွဲဟာ ထင်ရှားတဲ့ပွဲတော်ဖြစ်ပြီး ရိုးရာအက၊ အရောင်အသွေးစုံနဲ့ အသက်ဝင်လှပါတယ်။နေရာတိုင်းမှာဆိုရင် နဂါးနဲ့ ခြင်္သေ့ တင်ဆက်မှုတွေကို တွေ့နိုင်သလို ထူးခြားချက်အနေနဲ့ ဟောင်ကောင်မှာ အယူအဆက ပွဲတော်ကို လူတွေက ကံကောင်းစေတယ်လို့ ယုံကြည်ပြီး ပန်းတွေ လက်ဆောင်ပေးလေ့ရှိတဲ့ တရုတ်နှစ်သစ်ကူး ပန်းဈေးလည်း ရှိနေပါတယ်။

မီးရှူးမီးပန်းတွေနဲ့အတူ Lam Tsuen ဆုမွန်ကောင်းတောင်းပွဲတော်နဲ့ နွေဦးမီးပုံးပွဲတော်က ဟောင်ကောင် နှစ်သစ်ကူးပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေပါတယ်။အခုနှစ်မှာဆိုရင် အမျိုးသမီး ဂျပန်အကအဖွဲ့ Avantgardey အပါအဝင် ပြည်တွင်းအဖွဲ့ ၁၃ ဖွဲ့နဲ့ နိုင်ငံတကာအဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖို့ အားဖြည့်ပြီး ဟောင်ကောင်ရဲ့ နှစ်သစ်ကူးညက အပြတ်စည်ကားဖို့ရှိနေပါတယ်။ Circus in Motion ၊ ဒတ်ခ်ျဆပ်ကပ်ဖျော်ဖြေမှုအဖွဲ့နဲ့ Light Dancers ၊ စပိန်ရုပ်သေးပြဇာတ်အဖွဲ့တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ ဟောင်ကောင်ဒေသခံအဖွဲ့ကလည်း အနုပညာကျွမ်းဘားနဲ့ ပရော်ဖက်ရှင်နယ် ကြိုးခုန်ခြင်းဆိုင်ရာ အထူးပြုအဖွဲ့တွေကို ပွဲထုတ်ပြသသွားမှာဖြစ်ပါတယ်။

မိုးသား