【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ဂေဟစနစ် ပြန်လည်ကောင်းမွန်ရေးနှင့် တရုတ်အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ဂေဟစနစ် ပြန်လည်ကောင်းမွန်ရေးနှင့် တရုတ်အခန်းကဏ္ဍ

ယခုရက်ပိုင်း အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့တွင် (၂၈) ကြိမ်မြောက် “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း” ညီလာခံ (COP28) ကို ကျင်းပခဲ့သည်။
 
ထိုညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် နိုဝင်ဘာ ၃၀ ရက်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအခြေအနေ အစီရင်ခံစာ (မူကြမ်း) ကို ထုတ်ပြန်ခဲ့ရာ မကြာမီကုန်ဆုံးတော့မည့် ၂၀၂၃ ခုနှစ်သည် သမိုင်းတွင် စံချိန်တင် အပူဆုံးနှစ်ဖြစ်ကြောင်း ကြေညာခဲ့သည်။  
 
ဒီဇင်ဘာ ၁ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်အခံရဆုံး ဒေသများရှိ လယ်သမားများ၏ အသက်နှင့် အသက်မွေးဝမ်းကြောင်းများကို အကာအကွယ်ပေးရန် ရည်ရွယ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၃၄ ခုက စားနပ်ရိက္ခာစနစ် ခိုင်မြဲစေရေး၊ ဆက်တိုက်တည်ရှိသော လယ်ယာစိုက်ပျိုးရေးနှင့် ရာသီဥတုဆောင်ရွက်မှုဆိုင်ရာ အာရပ်စော်ဘွားများနိုင်ငံ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
 
ယခုနှစ်တွင် စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းရေးနှင့် အစားအသောက်စနစ် တီထွင်ဆန်းသစ်ရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကျော် စုဆောင်းထားကြောင်း  ကြေညာခဲ့သလို ကမ္ဘာ့မိုးလေဝသအဖွဲ့ အတွင်းရေးမှူးချုပ် Pietri Taalas က ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့၏ နှစ်စဉ်ကတိကဝတ်အတိုင်း ဒေါ်လာ ဘီလီယံ ၁၀၀ ကို ကောက်ပေးရန် တောင်းဆိုကာ ထိခိုက်လွယ်သော ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းအတွက် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဖွံ့ဖြိုးပြီး နိုင်ငံများက ၂၀၂၅ ခုနှစ် မတိုင်မီတွင် ရန်ပုံငွေ ၂ ဆတိုးရန် အသေးစိတ် အစီအစဉ်ကို တင်ပြရန် တောင်းဆိုခဲ့သည်။
 
သတင်းများကိုကြည့်ပါက အစီအစဉ်အတိုင်းသွားနေသည်ဟု ထင်ရသော်လည်း ရုရှား-ယူကရိန်း စစ်မက်ဆိုင်ရာ ပဋိပက္ခကြောင့် ကာဗွန်ရုပ်ကြွင်းလောင်စာ ပြန်လည်အသုံးပြုမှုတိုးလာခြင်းကြောင့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့အပူဆုံးနှစ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ထိုထဲတွင် သဘာ၀ဘေးဖြစ်သည့် မီးတောင်ပေါက်ကွဲမှုများ၊ ငလျင်များ၊ မုန်တိုင်းများနှင့် အာဖရိကလို မိုးခေါင်သည့် ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ၊ မြို့တစ်ခုလုံးနီးပါးရေအားဖြင့် ပင်လယ်ထဲတွန်းချသလိုဖြစ်ခဲ့သည့် လစ်ဗျားမှ ဒါနာမြို့ဖြစ်စဉ်များ မပါသေး။ထို့ကြောင့် တခြားသော လူလုပ်ဘေးထက် သဘာ၀ဘေးသည် လူသားများကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေပြီကို တင်းတင်းရင်းရင်း သတိပေးမှုသည့် COP28 တွင် ပြန်လည်ပေါ်လာခဲ့သည်။
 
အထူးသဖြင့် ရာသီဥတုဖောက်ပြန်မှုကို ထိန်းချုပ်ရန်အတွက် နိုင်ငံကြီးများ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာတွင်ရှိနေသည်။ 
 
“ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း” တွင် သမိုင်းနှင့် လက်ရှိ တစ်ကမ္ဘာလုံး ဖန်လုံအိမ်ဓာတ်ငွေ့ စွန့်ထုတ်မှု၏ အများဆုံးလာရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံများမှဖြစ်ကြောင်း ထောက်ပြထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက “အတူတကွဖြစ်သော်လည်း ကွာခြားသည့် တာဝန်ရှိမှု” မူဝါဒကို အတည်ပြုထားသည်။ထို့ကြောင့် သဘာ၀ယိုယွင်းပျက်စီးလာမှုကို ထိန်းချုပ်ရာတွင် နိုင်ငံကြီးများ၏ ပါဝင်လာမှုသည် အရေးကြီးသည်။အထူးသဖြင့် အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဂျပန်အပါအဝင် နည်းပညာ၊ စစ်ရေးနှင့် စီးပွားရေးအရ ကမ္ဘာ့ဦးဆောင်နိုင်ငံများ၏ အလေးထားမှုကို ကမ္ဘာ့နိုင်ငံအများစုက ပိုမျှော်လင့်ကြသည်။
 
လူတစ်ဦးချင်းစီအလိုက် ကာဗွန်ထုတ်လွှတ်မှုတွင် အမြင့်ဆုံးဖြစ်သည့် အမေရိကန်နိုင်ငံက အစိမ်းရောင်စွမ်းအင် (green energy) ထုတ်လုပ်မှုကို ချဲ့ထွင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစီမံကိန်းကို ရန်ပုံငွေ ဒေါ်လာ ၁၅၀ ဘီလျံအထိ သုံးစွဲမယ်လို့ ဆိုထားသည်။လက်ရှိတွင် အမေရိကန်ရဲ့ စွမ်းအင် ၈၀ ရာခိုင်နှုန်းကျော်မှာ ရုပ်ကြွင်း လောင်စာကနေ ရခြင်းဖြစ်သည်။ဥရောပသမဂ္ဂထဲတွင် ဂျာမနီ၊ အီတလီနှင့် ပိုလန်နိုင်ငံတို့က ကာဗွန်ထုတ်လွှတ်မှုအများဆုံး နိုင်ငံတွေ ဖြစ်သည်။
 
ယူကရိန်းစစ်ပွဲအတွက် ဒေါ်လာ ဘီလီယံ ရာနှင့်ချီကာ ထောက်ပံ့သည့် အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ဖောက်ပြန်မှုအတွက် တာဝန်ရှိမှုတွင် အခြားအနောက်အုပ်စုဝင်နိုင်ငံများထက် ပို၍အပြစ်တင်မှုကို ခံရသည်။ဒီနေရာတွင် တရုတ်အပေါ် အခြားသောအရေးများတွင်မြင်သည့် အမြင်သည် ကွဲပြားနိုင်သော်လည်း  ရာသီဥတုနှင့် ဂေဟဆိုင်ရာအတွက် တာဝန်ယူမှုအတွက်တွင်မူ တရုတ်နိုင်ငံကို အကောင်းမြင်ကြသည်ကို တွေ့ရသည်။
 
CGTN က ပြုလုပ်ခဲ့သည့် ကမ္ဘာတစ်ဝန်း အင်တာနက်မှ ဆန္ဒကောက်ယူမှုတွင် စစ်တမ်းဖြေဆိုသူ ၉၁.၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံ၏ ရာသီဥတုကုစားမှုအပိုင်းကို ထောက်ခံခဲ့ကြသည်။တရုတ်နိုင်ငံသည် ၎င်း၏ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ထူးထူးခြားခြား စီးပွားရေးတိုးတက်မှုကို ရရှိခဲ့ သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကာလအတွင်း နိုင်ငံ၏ စီးပွားရေး နှစ်ဆတိုးခဲ့ချိန်တွင် လေထုညစ်ညမ်းမှု၏ အဓိကတိုင်းတာမှုဖြစ်သည့် PM2.5 တွင် ၅၇ ရာခိုင်နှုန်းအထိ လျော့ကျသွားသည်။
 
သဘာဝသယံဇာတများ ပျက်စီးယိုယွင်းလာမှုကို တိုက်ဖျက်ရန်အတွက် တရုတ်အစိုးရသည် Grain for Green project ဟုခေါ်သော ကမ္ဘာ့အကြီးဆုံး စီမံကိန်းတစ်ခုအပါအဝင် ဂေဟစနစ်ပြန်လည်ထူထောင်ရေး ပရောဂျက်များစွာကို ၂၀၀၀ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့သည်။
 
ဂေဟစနစ် ပြန်လည်ထူထောင်ရေး၏ အဆုံးစွန်ပန်းတိုင်မှာ ဖွံ့ဖြိုးတိုးတက်နေစဉ်အတွင်း လူသားနှင့် သဘာဝတို့ကြား သဟဇာတဖြစ်မှုကို အလေးပေးခြင်းဖြင့် ဂေဟဗေဒယဉ်ကျေးမှုကို မြှင့်တင်ရန်ဖြစ်သည်။ထို့ကြောင့် ပိုမိုကောင်းမွန်သောလေထုအပြင် တရုတ်နိုင်ငံသည် ဆယ်စုနှစ်အတွင်း သစ်တောများ ဟက်တာ ၆၆၇ သန်းကို ဖန်တီးနိုင်ခဲ့ပြီး အခြားနိုင်ငံများထက် ပိုမိုကြီးမားခဲ့သည်။
 
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများ၏ တပ်ဆင်နိုင်မှုပမာဏသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် ကီလိုဝပ် ၁.၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ပထမအကြိမ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများထက် သာလွန်ခဲ့သည်။ 
 
လျှပ်စစ်ကားပေါင်း ၁၆.၂ သန်းခန့် (သို့မဟုတ်) ကမ္ဘာ့စုစုပေါင်း၏ ထက်ဝက်ခန့်သည် တရုတ်နိုင်ငံ၏ လမ်းများပေါ်ရှိနေသည်။
 
နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စက်တပ်အင်အားတွင် တစ်ကမ္ဘာလုံး၏ တစ်ဝက်နီးပါးသည် တရုတ်နိုင်ငံတွင်ရှိခြင်း၊ တစ်ကမ္ဘာလုံးရှိ စွမ်းအင်သစ်ကား (လျှပ်စစ်ကား) များ၏ တစ်ဝက်နှင့် အထက်မှာ တရုတ်တွင်ရှိခြင်း၊ တစ်ကမ္ဘာလုံး၏ အသစ်ထပ်တိုး စိမ်းလန်းမြေဧရိယာ လေးပုံတစ်ပုံ တရုတ်နိုင်ငံတွင်ရှိခြင်းတို့ကိုကြည့်လျှင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ကုစားမှုကို တက်တက်ကြွကြွ ပါဝင်နေသည်ကို ပြနေသည်။ထို့ကြောင့်လည်း CGTN ၏ စစ်တမ်းကောက်ယူမှုတွင် စစ်တမ်းဖြေသူ ၉၁ ဒသမ ၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံ၏ ရာသီဥတု ကုစားမှုအပိုင်းကို ချီးကျူးကြခြင်းဖြစ်သည်။
 
တရုတ်အစိုးရသည် ၂၀၆၀ မတိုင်မီ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ သုညပမာဏအထိ လျှော့ချရန်  ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ခြင်းဖြင့်၊ တရုတ်အစိုးရသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် အရေးကြီးသော အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်အဖြစ် စာရင်းပြုစုထားသည်။တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုသည် ၂၀၀၅ ခုနှစ် အဆင့်ထက် ၄၈ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျသွားသည်။ထိုသည်မှာ တရုတ်နိုင်ငံသည် သဘာ၀ဂေဟစနစ် ယိုယွင်းပျက်စီးလာမှုတွင် အဓိကဖြစ်သည့် ကာဗွန်ရုပ်ကြွင်းလောင်စာကို လျှော့ချရာတွင် မှန်ကန်သောလမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုသော အချက်ပြမှုပင်ဖြစ်ပြီး ထို့ကြောင့် တရုတ်နိုင်ငံသည် ဂေဟစနစ်ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေခြင်းဖြစ်သည်။
 
လင်းသစ်အောင်