【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှီးဟူရေကန်

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှီးဟူရေကန်

တရုတ်နိုင်ငံထဲမှာရှိတဲ့ ကျဲ့ကျန်းပြည်နယ် (Zhejiang) ဟာ ရှည်လျားသော သမိုင်းကြောင်းရှိကာ များပြားသော ပညာရှင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိတဲ့ ဒေသဖြစ်ပါတယ်။

အဲဒီဒေသမှာ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်သည့် ရှီးဟူရေကန် (West Lake) ၏ ရှုခင်းများမှာလည်း သာယာကြည်နူးဖွယ်ကောင်းလှပြီး ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ မှာရှိတဲ့ ရှီးဟူရေကန်ဟာ တရုတ်နိုင်ငံအပြင် ကမ္ဘာကျော်တဲ့ ရှုခင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ရှီးဟူရေကန် ရှုခင်းသာနေရာမှာ တစ်မူထူခြားသော သဘာဝရှုခင်းအလှနဲ့ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိတာကြောင့် ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပခဲ့တဲ့ (၃၅) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ရှီးဟူရေကန်ကို (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်) အဖြစ် သတ်မှတ်ခဲ့ပါတယ်။အဲဒီအချိန်ကစပြီး ရှီးဟူရေကန်ဟာ တရုတ်နိုင်ငံရဲ့ ၄၁ ခုမြောက် ကမ္ဘာ့အမွေအနှစ် ဖြစ်လာခဲ့ပါတယ်။ဒါဟာ လက်ရှိ အချိန်အထိ တရုတ်နိုင်ငံရဲ့ (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်) ထဲမှာ တစ်ခုတည်းရှိသော ရေကန်အမျိုးအစား ယဉ်ကျေးမှုအမွေအနှစ်ပဲဖြစ်ပါတယ်။

ဟန်ကျိုးမြို့၊ ရှီးဟူရေကန် ရှုခင်းသာရဲ့ စုစုပေါင်းမျက်နှာပြင်ဧရိယာဟာ ၅၉ ဒသမ ဝ၄ စတုရန်းကီလိုမီတာရှိပါတယ်။ရေကန်ဧရိယာဟာ ၆ ဒသမ ၃၈ စတုရန်းကီလိုမီတာရှိပါတယ်။မြေပြန့်၊ တောင်ကုန်း၊ ရေကန်နဲ့ မြစ်ပင်လယ်တို့ ထိစပ်ရာ နယ်မြေဇုန်မှာ တည်ရှိပါတယ်။အရပ် ၃ မျက်နှာမှာ တောင်တွေ ဝန်းရံထားပြီး ကျန်တဲ့ တစ်မျက်နှာဟာ မြို့ဧရိယာကို မျက်နှာမူထားပါတယ်။ရေကန်တစ်လျှောက် ဘေးပတ်လည်မှာလည်း သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြေနေပါတယ်။ရှုခင်းဧရိယာထဲမှာ ရှုခင်းနေရာပေါင်း ၁၀ဝ ကျော်ရှိပြီး နာမည်ကြီးတဲ့ “ရှီးဟူကန် ရှုခင်း ၁၀ ခု” နဲ့ “ရှီးဟူကန် ရှုခင်းသစ် ၁၀ ခု” တို့ တည်ရှိပါတယ်။

ရှုခင်းနေရာတစ်ခုချင်းစီတိုင်းဟာ မတူတဲ့ ခံစားချက် အတွေ့အကြုံတွေ ပေးစွမ်းနိုင်တာကြောင့် လာရောက်လည်ပတ်သူတွေ အကြိုက်တွေ့လှပါတယ်။ စူးတာရိုး အရုဏ်ဦးရဲ့ မနက်ခင်းအလင်းရောင်၊ ချွီဥယျာဉ်ထဲက ကြာပန်းအလှ၊ ဖိန်ဟူ ဆောင်းဦးလရိပ်အလှရဲ့ ဆိတ်ငြိမ်မှုတွေအားလုံးဟာ ရှီးဟူရေကန်ရဲ့ လှပမှုတွေကို ပုံဖော်ပေးနေတဲ့ နေရာတွေဖြစ်ပါတယ်။

ရှီးဟူရေကန်ဟာ တစ်မူထူးခြားတဲ့ တောတောင်ရေမြေသဘာဝအလှရှိသလို ယဉ်ကျေးမှုအမွေအနှစ်များလည်း ပေါကြွယ်ဝတဲ့ နေရာဖြစ်ပါတယ်။အဲဒီနေရာမှာ ကြည်နူးဖွယ်ကောင်းတဲ့ ဒဏ္ဍာရီဇာတ်လမ်းများကလည်း သဘာဝ၊ ယဉ်ကျေးမှု၊ သမိုင်း၊ အနုပညာတို့ကို အံ့သြဖွယ် ပေါင်းစည်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ သမိုင်းမှာ နာမည်ကြီးတဲ့ ဒဏ္ဍာရီကြီး ၄ ခုထဲက “မြွေဖြူရှင်မ” (Legend of the White Snake) နဲ့ “လျန်းစန်းပေါ်နှင့် ကျုယဉ်ထိုင်” (Butterfly Lovers) တို့ဟာ ရှီးဟူရေကန်နဲ့ ရေစက်ရှိခဲ့တာ ဖစ်ပါတယ်။စိတ်ညှို့စားတဲ့ တံတားပျက်၊ ဆိတ်ငြိမ်တဲ့ လေးဖုန်းမျှော်စင် (Leifeng Tower) တို့ဟာ ရွှီရှန်း (Xu Xuan) နဲ့ မြွေဖြူရှင်မလေး ပိုင်စုကျန်း (Bai suzhen) တို့ရဲ့ နှစ်ထောင်ချီ အချစ်ဇာတ်လမ်းကို ဖော်ကျူးခဲ့ပါတယ်။တိတ်ဆိတ်တဲ့ ဝမ့်ဆုန်း စာသင်ကျောင်း (Wan song Academy) နဲ့ တံတားရှည်တို့ဟာ လျန်းစန်းပေါ်နဲ့ ကျုယဉ်ထိုင်တို့ရဲ့ ပုံပြင်လေးကိုလည်း ဆက်လက်ရေသားခဲ့ပါတယ်။

ကြည်နူးဖွယ်ကောင်းတဲ့ ဒဏ္ဍာရီဇာတ်လမ်းများရှိခဲ့ရာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဟန်ကျိုးမြို့ရှိ ရှီးဟူရေကန်တွင် ငါးမျိုးစိတ်မျိုးကွဲများ၏ ပထမဆုံး နောက်ခံစစ်တမ်း ကောက်ယူခဲ့ပါသေးတယ်။ဂေဟဗေဒစနစ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် သိပ္ပံနည်းလမ်းကျ တိုးတက်ရေး နည်းလမ်းကို လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။ယင်းစစ်တမ်းကောက်ယူမှုအတွင်း သုတေသီများက အဆိုပါရေကန်အတွင်း ငါးကြင်းမြီးကွက်အပါအဝင် ငါးမိသားစု ၉ ခုနှင့် မျိုးစု ၂၈ ခု တွေ့ရှိခဲ့ကြောင်း စာရင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ၂၀၁၁ ခုနှစ်က ထည့်သွင်းခံခဲ့ရတဲ့ ရှီးဟူရေကန် ရှုခင်းသာ (Xihu Scenic Interest Aera) ဟာ တစ်မူထူးခြားတဲ့ တောတောင်ရေမြေသဘာဝအလှရှိသလို ယဉ်ကျေးမှုအမွေအနှစ်များလည်း ပေါကြွယ်ဝတဲ့ နေရာဖြစ်တာကြောင့် နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း သန်းနဲ့ချီပြီး လာရောက်လည်ပတ်နေကြတာဖြစ်ပါတယ်။

ခန့်မောင်