【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ် ၁၀ ခု (အပိုင်း-၁)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ် ၁၀ ခု (အပိုင်း-၁)

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံကြီးတွေလည်း ပါဝင်လျက်ရှိပါတယ်။

နိုင်ငံကြီးတွေပီပီ အကျယ်အဝန်း ပိုင်ဆိုင်မှုလည်းများပြီး ခရီးသွားဆွဲဆောင်မှုတွေ၊ အရင်းအမြစ်ပေါကြွယ်ဝမှုတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

အခုတစ်ခေါက် ဆောင်းပါးကဏ္ဍမှာတော့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံကြီး တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ် ၁၀ ခုအကြောင်းကို ဖော်ပြပေးသွားလိုပါတယ်။

တရုတ်နိုင်ငံဟာ ကုန်းမြေဧရိယာအနေနဲ့ ကမ္ဘာပေါ်မှာဆိုရင် ရုရှားနိုင်ငံပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ဒါ့အပြင် စုစုပေါင်းအကျယ်အဝန်းဧရိယာမှာတော့ ရုရှားနဲ့ ကနေဒါပြီးရင် တတိယအကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ဖော်ပြပါချက်တွေအရ တရုတ်နိုင်ငံရဲ့ စုစုပေါင်းဧရိယာဟာဆိုရင် ခန့်မှန်းခြေအနေနဲ့ ၉,၆၀၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းတာလည်းဖြစ်ပါတယ်။

၂၀၂၀ နောက်ဆုံးပြုပြင်မွမ်းမံမှု စာရင်းအရဆိုရင် တရုတ်နိုင်ငံမှာပြည်နယ် ၂၃ ခု၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ဗဟိုအစိုးရလက်အောက်ရှိ စည်ပင်သာယာရေးအဖွဲ့ ၄ ဖွဲ့၊ အထူးအုပ်ချုပ်ရေးနယ်မြေ ၂ ခုနဲ့ မြို့ပေါင်း ၆၆၁ မြို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ဒီထဲကမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုမှာ (ဒေသတစ်ခုစီရဲ့ မြေဧရိယာအလိုက်) ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ဆိုပြီး တည်ရှိနေပါတယ်။

ဗဟိုအစိုးရလက်အောက်မှာရှိတဲ့ စည်ပင်သာယာရေးအဖွဲ့ ၄ ဖွဲ့မှာတော့ ပေကျင်း (Beijing) ၊ တီယန်ကျင်း (Tianjin)၊ ရှန်ဟိုင်း (Shanghai) နှင့် ချုံကင်း (Chongqing) တို့ ပါဝင်နေပြီး အဲဒီထဲမှာ ချုံကင်းကတော့ ဧရိယာအလိုက် အကြီးဆုံးဖြစ်ပါတယ်။

ဒီနေရာမှာ အထူးအုပ်ချုပ်ခွင့်ရဒေသ ၂ ခုအနေနဲ့တော့ ဟောင်ကောင်နှင့် မကာအိုတို့ ရှိနေပါတယ်။အခုဖော်ပြပေးသွားမှာကတော့ တရုတ်နိုင်ငံရဲ့ ဧရိယာအလိုက် ထိပ်တန်းပြည်နယ် ၁၀ ခုအကြောင်းဖြစ်ပါတယ်။

            (၁) ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ဒီဒေသမှာတော့ အမြဲတမ်းနေထိုင်သူဦးရေ ၂၄,၈၆၇,၆၀၀ ဦး ရှိတယ်လို့ ၂၀၂၀ ခုနှစ်စာရင်းမှာ ဖော်ပြထားပါတယ်။ပြည်နယ် မြို့တော်ကတော့ Urumqi ဖြစ်ပါတယ်။ရှင်းကျန်းပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ်လည်းဖြစ်ပြီး ဧရိယာစတုရန်းကီလိုမီတာ ၁.၆၆ သန်းရှိပါတယ်။ဒါဟာ တရုတ်နိုင်ငံ စုစုပေါင်းမြေဧရိယာရဲ့ ၁၆ ရာခိုင်နှုန်းအဖြစ် ရှိနေတာလည်းဖြစ်ပါတယ်။ပြည်နယ်အနေနဲ့ဆိုရင် လှပတဲ့ သဘာဝရှုခင်းအလှတွေ ပေါများပြီး ရိုးရှင်းဖော်ရွေလှတဲ့ တိုင်းရင်းသားတို့ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့အတူ နက်ရှိုင်းတဲ့ ယဉ်ကျေးမှုကြောင့် ကျော်ကြားပါတယ်။ပြည်နယ်အနေနနဲ့ ရေနံထွက်ရှိမှု ပေါများပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ ဒေသလည်းဖြစ်ပါတယ်။ဒီဒေသမှာဆိုရင် မြင်တွေ့နေကျမဟုတ်တဲ့ တိုင်းရင်းသားရိုးရာတွေ၊ ယဉ်ကျေးမှုတွေ၊ စုံလင်လှတဲ့ ဘာသာရေးအဆောက်အဦတွေအပြင် မျိုးစုံလှတဲ့ ရှုခင်းတွေကြောင့် ခရီးသွားလုပ်ငန်းအနေနဲ့လည်း နာမည်ကြီးတဲ့ ဒေသဖြစ်ပါတယ်။

            (၂) တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ ၂၀၂၀ ခုနှစ်စာရင်းအရ အမြဲတမ်းနေထိုင်သူဦးရေ  ၃,၄၃၈,၂၀၀ ဦး နေထိုင်လျက်ရှိပါတယ်။၎င်းပြည်နယ်ရဲ့ မြို့တော်ကတော့ လာဆာ (Lhasa) မြို့ဖြစ်ပြီး ပြည်နယ်ကတော့ ဧရိယာစတုရန်းကီလိုမီတာ ၁.၂၂ သန်း ကျယ်ဝန်းပါတယ်။တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ပြည်နယ်ဖြစ်ပါတယ်။တည်နေရာအနေနဲ့ Qinghai-တိဗက် ကုန်းပြင်မြင့်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး ၎င်းကို ‘ကမ္ဘာရဲ့ခေါင်မိုး’ ဒါမှမဟုတ် ‘ကမ္ဘာပေါ်ရှိ တတိယဝင်ရိုးစွန်း’ အဖြစ် လူသိများတာလည်းဖြစ်ပါတယ်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တုနှိုင်းမရတဲ့ သဘာဝအလှ၊ ကြီးကျယ်ခမ်းနားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကြောင့် ဂုဏ်သတင်း ကျော်ကြားတဲ့ နေရာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရှေးရိုးစွဲဓလေ့ထုံးစံတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးအငွေ့အသက်တွေကလည်း ဒေသရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေဖြစ်ပြီး နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်လျက်ရှိတဲ့ နေရာဖြစ်ပါတယ်။

            (၃) အတွင်းမွန်ဂိုလီးယား လူနည်းစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

အတွင်းမွန်ဂိုလီးယားဒေသမှာတော့ အမြဲတမ်းနေထိုင်သူဦးရေ ၂၅,၃၄၀,၀၀၀ ဦး နေထိုင်ကြတယ်လို့ ၂၀၂၀ စာရင်းမှာ တွေ့ရပါတယ်။ပြည်နယ်မြို့တော်ကတော့ Hohhot ဖြစ်ပါတယ်။အတွင်းမွန်ဂိုလီးယားဟာ စတု ရန်းကီလိုမီတာ ၁,၂၀၀,၀၀၀ ကျယ်ဝန်းပြီး တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး ပြည်နယ်ဖြစ်ပါတယ်။ဒီဒေသဟာ တရုတ်နိုင်ငံရဲ့ မြောက်ဘက်စွန်းမှာ တည်ရှိပြီး ၎င်းအနေနဲ့ မွန်ဂိုလီးယားနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့နဲ့ နိုင်ငံတကာ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ဒီဒေသအနေနဲ့တော့ ဓာတ်သတ္တုပေါများရာ ဒေသအဖြစ် ထင်ရှားပြီး နေရောင်ခြည်စွမ်းအင်သုံးစနစ်တွေနဲ့ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေ ထွန်းကားရာ ဒေသဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့ လှပတဲ့ ရှုခင်းတွေကြောင့် ခရီးသွားတွေလည်း စိတ်ဝင်စားကြပါတယ်။

            (၄) Qinghai ပြည်နယ်

Qinghai ပြည်နယ်မှာတော့ အမြဲတမ်းနေထိုင်သူဦးရေ ၆,၀၃၂,၃၀၀ ရှိတယ်လို့ ၂၀၂၀ စာရင်းမှာ တွေ့ရပါတယ်။ပြည်နယ်မြို့တော်ကတော့ Xining မြို့ ဖြစ်ပါတယ်။ Qinghai ပြည်နယ်ဟာလည်း တရုတ်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ပြည်နယ်ဖြစ်ပါတယ်။ Qinghai ပြည်နယ်လို့ဆိုရာမှာ ပြည်နယ်မှာရှိတဲ့ ထင်ရှားတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ အကြီးဆုံး ရေငန်အိုင်ကြီးဖြစ်တဲ့ Qinghai Lake ကို အစွဲပြုပြီး အမည်ပေးထားတာဖြစ်ပါတယ်။

Qinghai (Qing) ဆိုတာမှာ  အတိုကောက်အနေနဲ့ ယန်ဇီမြစ်၊ မြစ်ဝါမြစ်နှင့် လန်ချန်းမြစ်တို့မှ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ Qinghai ဒေသရဲ့ ယဉ်ကျေးမှုမှာဆိုရင် တရုတ်နဲ့ နီးစပ်တဲ့ တိဗက်တို့ရဲ့ လွှမ်းမိုးမှုတွေကြီးမားပြီး သမိုင်းကြောင်းကို မျှဝေထားရာ ဒေသလည်းဖြစ်ပါတယ်။

မိုးသား