【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ နာမည်ကျော် ထျန်းအန်းမင်တောင်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ နာမည်ကျော် ထျန်းအန်းမင်တောင်

တရုတ်နိုင်ငံထဲမှာရှိတဲ့ ဟူနန်ပြည်နယ် (Hunan) ဟာ တောတောင်ရေမြေများရဲ့ သာယာလှပမှုတွေ ကြောင့် ခရီးသွားတွေ စိတ်ဝင်စားခြင်းခံရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
 
အဲဒီဒေသတွင် ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သော ဝူလင်ယွမ် (Wulingyuan) အထင်ကရ ရှုမျှော်ခင်းနေရာနှင့် လန့်စန်းတောင် (Langshan)၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လောင်စီးချန် (Laosicheng) ရှေးဟောင်းအမွေအနှစ်နေရာ၊ နှစ်ပေါင်း ထောင်ချီသက်တမ်းရှိသော ယွဲ့လုစာသင်ကျောင်း (Yuelu) နှင့် မဖြစ်မနေသွားရောက် လည်ပတ်သင့်သော နာမည်ကြီးဇာမဏီရှေးဟောင်းမြို့တို့ တည်ရှိပါတယ်။
 
လူရည်ချွန်များ မွေးထုတ်ပေးရာ နေရာတစ်ခုလည်းဖြစ်ပြီး သမိုင်းကြောင်းယဉ်ကျေးမှုများ ကျယ်ပြန့်နက်ရှိုင်းလှတဲ့ ဒေသဖြစ်ပါတယ်။ 
 
တရုတ်နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ် မော်စီတုန်း၏ မွေးရပ်ဇာတိမြေဖြစ်သော ရှောင် စန်းမြို့ (Shaoshan) ဟာလည်း ဟူနန်ပြည်နယ်ထဲမှာ တည်ရှိတာဖြစ်ပါတယ်။
 
ဟူနန်ပြည်နယ်ထဲက ခရီးသွားတွေစိတ်ဝင်စားတဲ့ နေရာတွေထဲမှာ နာမည်ကျော် ထျန်းအန်းမင်တောင် (Tianmen Mountains) ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ခရီးသွားဧည့်သည်များဖြင့် နာမည်ကျော်ကြားလှသော ကျန်းကျားကျဲ့မြို့ရှိ အထင်ကရနေရာများအနက် တစ်ခုဖြစ်သည့် ထျန်းအန်းမင်တောင် ရှုခင်းသာနေရာသည် ၂၀၀၅ ခုနှစ် စက်တင်ဘာလက ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
 
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်၊ ကျန်းကျားကျဲ့မြို့တွင် တည်ရှိသော ထျန်းအန်းမင်တောင် ရှုခင်းသာနေရာကိုရောက်ရင် တောင်ကမ်းပါးယံမှာ မှန်ဖြင့်ဆောက်လုပ်ထားတဲ့‌ လျှောက်လမ်းပါရှိသလို တောင်ပေါ်ကိုတက်ရတဲ့ ကေဘယ်လ်လမ်းကလည်း အရှည် ၂၄,၄၅၈ ပေ (၇၄၅၅ မီတာ) ဖြင့် ကမ္ဘာ့အရှည်ဆုံးဖြစ်ပါတယ်။ကေဘယ်လ်လမ်းဟာ မြို့လယ်ရှိ City Garden တွင် စတင်ပြီး တောင်ထိပ်တွင် အဆုံးသတ်တာဖြစ်ပါတယ်။
 
တရုတ်လို ကောင်းကင်ဘုံတံခါးဟု အဓိပ္ပါယ်ရတဲ့ ထျန်းအန်းမင်လိုဏ်ဂူသည် ချောက်ကမ်းပါးပေါ်တွင်ရှိပြီး အမြင့် ၁၂၆၀ မီတာကျော်ရှိပါတယ်။ထူးထူးခြားခြား ဂူပေါက်ဝဟာ ပုံစံတစ်မျိုးနဲ့ ခမ်းနားလှတာကြောင့်လည်း ခရီးသွားတွေ အကြိုက်တွေ့ကြတာဖြစ်ပါတယ်။
 
ထျန်းအန်းမင်လိုဏ်ဂူဆီ တက်ရတဲ့ တောင်တကလမ်းကလည်း တောင်ကိုပတ်ပြီးမြွေလိမ်မြွေကောက် တက်ရတာဖြစ်ပါတယ်။အဲဒီတောင်တက်လမ်းကို အကွေ့အကောက် ၉၉ ခုဖြင့် တရုတ်ယွမ်ငွေ သန်းတစ်ရာကျော် ရင်းနှီး အကုန်ကျခံကာ ၅နှ စ်ခန့် အချိန်ပေး ဆောက်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။အဲဒီလမ်းကို ကမ္ဘာပေါ်တွင် အံ့သြဖွယ်အကောင်းဆုံး တောင်ပတ်လမ်းဟု သတ်မှတ်ကြပါတယ်။ဒီလမ်းကို တောင်တက်စက်ဘီးစီးပြိုင်ပွဲများအတွက် အသုံးပြုကြပါသေးတယ်။အဲဒီတောင်ပတ်လမ်း တစ်လျှောက် ရှုခင်းတွေကြောင့်လည်း စက်ဘီးစီးဝါသနာရှင်တွေအတွက် အကြိုက်တွေ့စေပါတယ်။
 
ဒါကြောင့်ပဲ အခုနှစ်အတွင်းမှာတော့ တရုတ်နိုင်ငံ၏ နာမည်ကျော် ထျန်းအန်းမင်တောင် (Tianmen Mountains) တွင် ခရီးသွားဧည့်သည်အရေအတွက် စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
 
ကျန်းကျားကျဲ့မြို့တွင် တည်ရှိသော ထျန်းအန်းမင်တောင် ရှုခင်းသာနေရာ၌ ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ်က ရှိခဲ့သော စံချိန်ကို ကျော်လွန်သွားပြီဖြစ်ပါတယ်။
 
နာမည်ကျော် အမျိုးသားသစ်တောဥယျာဉ်နှင့် 5A 
အဆင့်ရှိသော ခရီးသွားဧည့်သည်များလာရောက်သည့် အဆိုပါနေရာသို့ အခု ၂၀၂၃ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည် ၄.၇၄ သန်းကို ကျော်လွန်ခဲ့ကြောင်း ရှုခင်းသာနေရာ စီမံခန့်ခွဲမှု အာဏာပိုင် များက ပြောဆိုထားပါတယ်။
 
ထျန်းအန်းမင်တောင် ရှုခင်းသာနေရာမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ခဲ့ချိန်မှစ၍ ယနေ့အထိ ဧည့်သည် ၃၇ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကျန်းကျားကျဲ့မြို့ရှိ ဝူလင်းယွမ် ရှုခင်းသာနေရာသည်လည်း UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်တာကြောင့် ခရီးသွားလာရောက်မှုများတာ ဖြစ်ပါတယ်။
 
တရုတ်နိုင်ငံ၏ “အစပ်” အစားနိုင်ဆုံး ပြည်နယ်များအနက်မှ တစ်ခုအပါအဝင်လည်းဖြစ်တဲ့ ဟူနန်ပြည်နယ်ဟာ နွေရာသီကာလရောက်ရှိလာချိန်တွင် သာယာရှုမောဖွယ်ကောင်းသော ဟူနန်တောတောင်ရေမြေ ရှုခင်း အလှအပများကို ခံစားရင်း အပန်းဖြေချင်သူတွေအတွက် လည်ပတ်စရာကောင်းတဲ့ ဒေသတစ်ခုပဲ ဖြစ်ပါတယ်။
 
ခန့်မောင်