【 နိုင်ငံတကာဆောင်းပါး 】 ထန်ချီး ရှေးဟောင်းမြို့

【 နိုင်ငံတကာဆောင်းပါး 】 ထန်ချီး ရှေးဟောင်းမြို့

မာကိုပိုလိုရဲ့ ခရီးသွားမှတ်တမ်းမှာ သဘာဝအလှတရားတွေနဲ့ သမိုင်းယဉ်ကျေးမှု သက်တမ်းကြာညောင်းလှတဲ့ ဟန်ကျိုးမြို့ကို ကမ္ဘာပေါ်မှာ အလှပဆုံး အထည်ဝါဆုံး ကောင်းကင်မြို့ဆိုပြီး တင်စားခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံထဲမှာရှိတဲ့ ဟန်ကျိုးမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာများစွာ တည်ရှိနေတဲ့ ဒေသဖြစ်သလို အဲဒီမြို့ဟာ ယန်ဇီမြစ်တောင်ပိုင်း မြစ်ဝှမ်းဒေသမှာ တည်ရှိပြီး အလွန်နာမည်ကျော်ကြားတဲ့ တရုတ်နိုင်ငံထဲက ခရီးသွားမြို့တစ်မြို့ဖြစ်ပါတယ်။

ဒါ့အပြင် ဟန်ကျိုးမြို့ဟာ တရုတ်နိုင်ငံ သမိုင်းရာဇဝင်နဲ့ ယဉ်ကျေးမှုမြို့ကြီးများရဲ့ ပထမအသုတ်မြို့များထဲမှ တစ်ခုဖြစ်ပါတယ်။သာယာလှပတဲ့ သဘာဝရှုခင်းတွေကြောင့် ကျော်ကြားခဲ့ရုံတင်မက ဒေသထွက် အစားအသောက်ကောင်းနဲ့ သရေစာမုန့်များစွာလည်းရှိတာကြောင့် ခရီးသွားတွေကြားမှာ လူသိများပါတယ်။

ဟန်ကျိုးမြို့မှာရှိတဲ့ ရှီးဟူ ယဉ်ကျေးမှု (Xihu Culture) ၊ လျန်းကျူ ယဉ်ကျေးမှု (Liangzhu Culture) ၊ ပိုးထည် ယဉ်ကျေးမှု (Silk Culture) ၊ လက်ဖက် ယဉ်ကျေးမှု (Tea Culture) စတာတွေကလည်း ထင်ရှားကျော်ကြားသလို ဟန်ကျိုးမြို့မြောက်ပိုင်းမှာ တည်ရှိတဲ့ ထန်ချီး ရှေးဟောင်းမြို့ဟာလည်း သာယာလှပမှုတွေနဲ့အတူ လူသိများတဲ့ မြို့လေးဖြစ်ပါတယ်။

စုစုပေါင်း မျက်နှာပြင်ဧရိယာဟာ ၇၉ စတုရန်းကီလိုမီတာရှိတဲ့ ထန်ချီး ရှေးဟောင်းမြို့ဟာ ဟန်ကျိုးမြို့မြောက်ပိုင်းမှာ တည်ရှိပြီး မြို့တွင်းဧရိယာနဲ့ ၂၀ ကီလိုမီတာခန့် ကွာဝေးပါတယ်။ထန်ချီးမြို့ဟာ တူးမြောင်းကြောင့် တိုးတက်စည်ကားခဲ့ပြီး ခေတ်အဆက်ဆက်မှာ ဟန်ကျိုးမြို့ရဲ့ ရေပေါ်မြို့ကလေး ဖြစ်ခဲ့ပါတယ်။

ထန်ချီး ရှေးဟောင်းမြို့ (Tangqi Ancient Town) ဟာ ယန်ဇီမြစ်တောင်ပိုင်းရဲ့ နာမည်ကြီး မြို့နယ်လေးများထဲမှာ ထိပ်တန်းမြို့ဖြစ်ခဲ့ပြီး ရှေးဟောင်းမြို့လေးအတွင်းမှာ မြစ်ကြောင်းများ ရောယှက်နေသလို ရေကြောင်းကွန်ရက်တွေ စိပ်ဖြာနေတဲ့ ဒေသဖြစ်ပါတယ်။ယန်ဇီမြစ်တောင်ပိုင်းရဲ့ ဂန္ထဝင်ရေပေါ်မြို့ကလေးလို့ ဆိုကြပါတယ်။

သမိုင်းသက်တမ်း ရှည်ကြာခဲ့ပြီဖြစ်တဲ့ ထန်ချီးမြို့လေးဟာ မြောက်ပိုင်း-စုန့်မင်းဆက်ခေတ် (Nothern Song Dynasty) မှာ စတင်တည်ဆောက်ခဲ့ပြီး မွန်ဂို-ယွမ်မင်းဆက် (Nothern Song Dynasty) ခေတ်မှာ ကုန်သည်များ စုစည်းနေခဲ့ပြီး မင်မင်းဆက် (Ming Dynasty) ၊ မန်ချူး-ချင်းမင်းဆက် (Qing Dynasty) ခေတ်တွေမှာ ကြီးပွားချမ်းသာတဲ့နေရာ ဖြစ်ခဲ့ပါတယ်။

ထန်ချီးမြို့လေးဟာ ယဉ်ကျေးမှုနက်ရှိုင်းပြီး စာပေပညာတတ်များစွာပေါ်ထွက်ခဲ့သလို အဲဒီမြို့လေးဟာ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း ပေါများတဲ့ ဒေသဖြစ်တယ်။ကွမ်ကျိတံတားရှည် (Guangji Long Bridge) ၊ ကော်ဖူရှေးဟောင်းရေတွင်း (Guopu Ancient Well) ၊ ချန်လုံဧကရာဇ်ကျောက်စာတိုင် (Emperor Qianlong’s Stele) ၊ စွေနန်ဘုရားကျောင်း (Shuinan Temple) တို့ဟာ ရှေးယခင်က အလှအပတွေကို လက်ရှိလူတွေ ခံစားနိုင်ဖို့ ထင်ဟပ်ဖော်ပြနေပါတယ်။

ထန်ချီးမြို့လေးဟာ ယနေ့ထိတိုင် ရှေးခေတ်လူနေအိမ်အဆောက်အဦများ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ထုံးဖြူ အုတ်နံရံ အုတ်ကြွပ်များ၊ တံတားငယ်နဲ့ မြစ်ချောင်းငယ်များဟာလည်း ရှေ့ခေတ်အနုပညာအငွေ့အသက်တွေ ပြည့်နှက်နေပါတယ်။

ထန်ချီးမြို့လေးဟာ ကုန်ပစ္စည်း ပေါကြွယ်ဝပါတယ်။အဲဒီဒေသကို ငါးပုစွန်နဲ့ ဆန်ရေစပါး ပေါများတဲ့မြေလို့ ပြောဆိုကြသလို သစ်သီးပန်းမန်ပေါများသောမြေ၊ပိုးထည်အိမ်တော်နဲ့ တရုတ်နှင်းသီးဇာတိဆိုပြီးတော့လည်း နာမည်ကျော်ကြားခဲ့ပါတယ်။တရုတ်နှင်းသီးဟာ နိုင်ငံကျော်ပြီး ပိုးထည်တွေဟာ နိုင်ငံရပ်ခြားအထိ ကျော်ကြားခဲ့ပါတယ်။ရှေးယခင်တည်းက ဒါတွေဟာ ရှင်ဘုရင်ထံ ဆက်သတဲ့ လက်ဆောင်ပဏ္ဍာတွေပဲဖြစ်ပါတယ်။

ထန်ချီးဟာ ရှေးဟောင်းမြို့လေးတစ်မြို့ဖြစ်သလို မြို့သစ်တစ်ခုလည်းဖြစ်ပါတယ်။သမိုင်းကာလရဲ့ တိုက်စားမှုရှိခဲ့ပေမယ့်လည်း ရှင်သန်တက်ကြွမှုတွေ ပြည့်နှက်နေဆဲပါ။စီးပွားရေးခေတ်ရေစီးကြောင်းထဲမှာ ဒီမြို့လေးဟာ ယွီဟန်ခရိုင်ထက် သာလွန်နေပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်သော မြို့နယ် ၁၀ဝ၀ စာရင်းဝင်၊ ကျဲ့ကျန်းပြည်နယ်ရဲ့သမိုင်း ယဉ်ကျေးမှုမြို့၊ ဟန်ကျိုးမြို့ရဲ့ စီးပွားရေးတိုးတက်ရာ မြို့နယ်၊ တရုတ်နိုင်ငံရဲ့ နှင်းသီး မူလထွက်ရှိရာ နယ်မြေထိန်းသိမ်းစောင့်ရှောက်ရေး ဇာတိမြို့ အစရှိတဲ့ ဂုဏ်ထူးဘွဲ့ထူးများကို ရှေ့ဆင့်နောက်ဆင့် ရရှိခဲ့တာဖြစ်ပါတယ်။

ထန်ချီးမြို့ကို ရောက်လာတဲ့ ခရီးသွားများအတွက် အစောပိုင်း တရုတ်ယဉ်ကျေးမှုနှင့် ဗိသုကာလက်ရာများကိုပါ တွေ့ကြုံခံစားနိုင်မှာဖြစ်ပါတယ်။

ခန့်မောင်