【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိ ရွှေရောင်သစ်ပင်ကြီး

【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိ ရွှေရောင်သစ်ပင်ကြီး

နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ရွှေရောင်သစ်ပင်ကြီးတစ်ပင်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။
 
၎င်းသစ်ပင်ဟာ တစ်ပင်လုံး ရွှေရောင်လို ဝင်းလက်၍ အရွယ်အစားကြီးမားတာကြောင့် လူစိတ်ဝင်စားမှုကိုခံခဲ့ရပြီး သစ်ပင်နဲ့ပတ်သက်တဲ့ နောက်ခံသမိုင်းကြောင်းတွေကြောင့်ပါ လူတွေကပိုပြီးစိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။
 
အဲဒီသစ်ပင်ဟာ နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိပြီဖြစ်တဲ့ သက်တမ်းရင့် Ginkgo (ကမ္ဘာဦး) သစ်ပင် တစ်ပင်ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Shaanxi ပြည်နယ်၊ Xi'an မြို့ရှိ ရှေးခေတ် Gu Guanyin ဗုဒ္ဓဘာသာ ဘုရားကျောင်းထဲမှာ တည်ရှိတာဖြစ်ပါတယ်။
 
သစ်ပင်ကြီး တည်ရှိရာ တရုတ်နိုင်ငံက ရှီးအန်းမြို့ဟာလည်း မြို့တည်သက်တမ်း နှစ်ပေါင်း ၃,၁၀၀ ကျော် သမိုင်းရာဇဝင်ရှိသလို မြို့တော်အဖြစ်တည်ထားသောသက်တမ်း နှစ်ပေါင်း ၁,၁၀၀ ကျော် ရာဇဝင်ရှိတဲ့ သမိုင်းယဉ်ကျေးမှု ဆိုင်ရာ အထင်ကရမြို့ဖြစ်ပါတယ်။
 
ရှီးအန်းမြို့ရှိ ယဉ်ကျေးမှု အထင်ကရနေရာတစ်ခုစီတိုင်းတွင် ရှည်လျားသော သမိုင်းကာလ၏ ခမ်းနားထည်ဝါမှုနှင့် ခေတ်အဆက်ဆက်ပြောင်းလဲလာသည့် သမိုင်းအသွင်အပြင်ကို မှတ်တမ်းတင်ထားနိုင်တဲ့ နေရာဒေသဖြစ်ပါတယ်။
 
၂၀၁၉ ခုနှစ်တုန်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံများထဲမှာ ရွှေရောင်သစ်ပင်ဟာ ရွှေရောင်အရွက်များ ဖုံးလွှမ်းနေသည့် တရုတ်ရှေးဟောင်းဘုရားကျောင်းတစ်ခုတွင် တည်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။တွစ်တာပေါ်မှာလည်း အင်တာနက်အသုံးပြုသူ ၇ သောင်းကျော်က အဆိုပါဓာတ်ပုံများကို ကြိုက်နှစ်သက်ခဲ့ ကြပါတယ်။
 
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Shaanxi ပြည်နယ်၏ မြို့တော် ရှီးအန်းမြို့ရှိ ရှေးဟောင်းဘုရားကျောင်းကို တန် မင်းဆက် (618-907) အတွင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ 
 
တရုတ်သမိုင်းတွင် အကြီးမြတ်ဆုံး ဧကရာဇ် တစ်ဆူအဖြစ် သတ်မှတ်ခံထားရသော တန်မင်းဆက်အစောပိုင်း ဧကရာဇ် Li Shimin မှ Ginkgo သစ်ပင်ကို စိုက်ပျိုးခဲ့ကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။
 
Ginkog ပင်ဆိုတာက သက်ရှိအပင်တွေထဲမှာ သက်တမ်းအရှည်ကြာဆုံး၊ ရာသီဥတုဒဏ်ကို အခံနိုင်ဆုံး အပင်အမျိုးအစားဖြစ်ပါတယ်။ရှေးယခင် နှစ်သန်းပေါင်းများစွာကတည်းက ယနေ့ထက်တိုင် တွေ့နေဆဲဖြစ်တာကြောင့် ကမ္ဘာဦးပင်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။နှစ်သန်းပေါင်းများစွာ ကျောက်ဖြစ်ရုပ်ကြွင်းထဲတွင် တွေ့ရှိစိုက်ပျိုးခဲ့ရသော အပင်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်လို့လည်း ခေါ်ဆိုကြပါသေးတယ်။ ဂင်ဂိုပင်တွေဟာ အန္တရာယ်အနှောင့်အယှက်မရှိရင်၊ နှစ်တစ်ထောင်ကျော် အသက်ရှည်နိုင်တယ်လို့လည်း ဆိုကြပါတယ်။
 
ဂင်ဂိုပင်တွေဟာ ဆောင်းဦးနှောင်းပိုင်းသို့ ဝင်ရောက်ပြီးနောက် သစ်ပင်၏အရွက်များအားလုံးသည် အဝါရောင်ပြောင်းသွားပြီး သစ်ရွက်တွေကြွေကျလေ့ရှိပါတယ်။
 
ရှီးအန်းမြို့ရှိ ရှေးခေတ် ဂွမ်ယင်ဘုရားကျောင်းထဲက နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိ Gingko သစ်ပင်ကြီးကလည်း ဆောင်းဦးနှောင်းပိုင်းသို့ဝင်ရောက်ပြီးနောက် သစ်ပင်ရဲ့ အရွက်များအားလုံးဟာ အဝါရောင်ပြောင်းလာပြီး မြေပေါ် သို့ ကြွေကျလေ့ရှိပါတယ်။ကြွေကျလာတဲ့ သစ်ရွက်တွေက ခြံဝင်းတစ်ခုလုံးကို ဖုံးအုပ်ကာ မြေပေါ်သို့ပြန့်ကြဲသွားတဲ့အချိန်မှာ ရွှေရောင်ပင်လယ်အဖြစ် တင်စားကြပါတယ်။
 
ရွှေရောင်သစ်ပင်အောက်မှာ ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူ တည်ထားတာကို ဖူးတွေ့ ရပါတယ်။နောက်ပိုင်းမှာတော့ လူအများအပြားဟာ ဘုရားကျောင်းကိုလာပြီး သစ်ပင်နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
 
နိုဝင်ဘာလလယ်ပိုင်းလောက်ဆိုရင် အဲဒီအပင်က ရွှေရောင်သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေပြီး ကျောင်းဝန်းတစ်ခုလုံးရွှေရောင်ပင်လယ်ဖြစ်သွားတော့တာပါပဲ။အဲဒီအချိန်တွေရောက်တိုင်း ထောင်ပေါင်းများစွာသော လူတွေဟာ ရွှေရောင်သစ်ပင်ကြီးရှိရာ လာရောက်ကြည့်ရှုလေ့ရှိကြပါတယ်။
 
လက်ရှိမှာတော့ အဆိုပါသစ်ပင်အား တရုတ်နိုင်ငံရဲ့ အမျိုးသားကာကွယ်စောင့်ရှောက်ရေးစာရင်းတွင် ထည့်သွင်းခဲ့ပါတယ်။သစ်ပင်နှင့် ဘုရားကျောင်းပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် နေ့စဉ် လူဝင်ရောက်မှုကို ကန့်သတ်ရန် အွန်လိုင်းကနေ ကြိုတင်စာရင်းပေးသွင်းပြီးမှ လာရောက်ကြဖို့ ကန့်သတ်မှုတွေ လုပ်ခဲ့ရပါတယ်။
 
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Shaanxi ပြည်နယ်၊ ရှီးအန်းမြို့ရှိ ရှေးခေတ်ဂွမ်ယင်ဘုရားကျောင်းထဲက နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိ Gingko သစ်ပင်ကြီးဟာလည်း ရွှေဝါရောင်သစ်ရွက်များဖြင့် ဆောင်းဦးရာသီနဲ့အတူ အပြိုင်အဆိုင်လှပနေပြီဖြစ်ပါတယ်။
 
ခန့်မောင်