【 နိုင်ငံတကာဆောင်းပါး 】 နှစ်သစ်ကူးနဲ့အတူ လေ့ကျင့်နေပြီဖြစ်တဲ့ တရုတ်နဂါးအကပြိုင်ပွဲ

【 နိုင်ငံတကာဆောင်းပါး 】 နှစ်သစ်ကူးနဲ့အတူ လေ့ကျင့်နေပြီဖြစ်တဲ့ တရုတ်နဂါးအကပြိုင်ပွဲ

တရုတ်ပြက္ခဒိန်အရ ၁၂ လပိုင်း ရောက်ရှိလာချိန်နဲ့အတူ နှစ်သစ်ကူးအငွေ့အသက်တွေလည်း ပြည့်နှက်လို့လာပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့ဟာ တရုတ်ပြက္ခဒိန်အရ ၁၂ လပိုင်း ၁ ရက်နေ့ဖြစ်ပါတယ်။ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရကြည့်ရင် “၁၂ လပိုင်းကို ရောက်လာပြီး နှစ်သစ်ကူးတော့မယ်” လို့ တရုတ်လူမျိုးတွေက ဆိုလေ့ရှိပါတယ်။တစ်ချိန်တည်းမှာပဲ တရုတ်နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ နဂါးအကကို လေ့ကျင့်ကြတာလည်း နိုင်ငံတချို့မှာ စတင်လာပြီဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်း တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ရောက်တိုင်း နဂါးအကပြိုင်ပွဲတွေကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပကြပါတယ်။နဂါးအကပြိုင်ပွဲက တရုတ်နိုင်ငံတင်မဟုတ်ဘဲ တရုတ်လူမျိုးအများစုနေထိုင်တဲ့ ဒေသတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုးရီးယား စတဲ့ နိုင်ငံတွေမှာ အများဆုံးတွေ့ရပါတယ်။ဒါပေမဲ့လည်း အခုအခါမှာတော့ အခြားနိုင်ငံအများအပြားမှာလည်း ကျယ်ပြန့်လာတဲ့ နှစ်သစ်ကူးပွဲတော်နဲ့အတူ နဂါးအကကို တင်ဆက်ပြသလာကြပါတယ်။  

ဂျပန်နိုင်ငံ၊ နာဂါစကီမြို့မှ Kunchi ပွဲတော်မှာတော့ နဂါးအက (သို့) မြွေအကကို တင်ဆက်ကပြလေ့ရှိပြီး ဒါဟာ တရုတ်လူမျိုးတွေကနေ ဆင်းသက်လာတာလို့ ဆိုကြပါတယ်။ဗီယက်နမ်မှာတော့ နဂါးအကကို ဗီယက်နမ် နှစ်သစ်ကူးပွဲတော်မှာ ကပြလေ့ရှိပါတယ်။တစ်ခါ အင်ဒိုနီးရှားမှာလည်း နဂါးအက Liang liong ကို ကပြဖျော်ဖြေလေ့ရှိတယ်လို့ ဆိုပါတယ်။နဂါးအကနဲ့ပတ်သက်လို့ ရှည်လျားလှတဲ့ သမိုင်းကြောင်းရှိပြီး ဒီနေ့ခေတ် နဂါးအကရဲ့ အစကတော့ စုန့်မင်းဆက်ခေတ် ၁၂၀၀ ခုနှစ်ဝန်းကျင်က ကျဲ့ကျန်းပြည်နယ်၊ ဖုန့်ဟွမြို့ကနေ စတင်ခဲ့တယ်လို့ ရေးသားဖော်ပြတာတွေရှိပါတယ်။

မြို့ခံတွေဟာ အဲဒီခေတ်က ဝါးနဲ့ ကျည်းပေါင်ကို  အသုံးပြုလို့ အဝတ်စဖုံးအုပ်ပြီး နဂါးပုံစံလုပ်ထားတဲ့ နဂါးရုပ်ကို ကိုင်ဆောင်ပြီး စီးတန်းလှည့်လည်ခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီအရုပ်ကို ဖုန့်ဟွအဝတ်နဂါးလို့ ခေါ်ဆိုကြတယ်လို့ ဆိုပါတယ်။ဒါကြောင့် ကနဦးအစကတော့ နဂါးအက မဖြစ်သေးဘဲ နဂါးရုပ်အရှည်ကြီးကို လူတွေက ဝါးလုံးတုတ်တွေထိုးပြီး လှည့်လည်သွားလာကြတဲ့ အချိန်ဖြစ်ပါတယ်။ဒီလိုကနေ မင်မင်းဆက်ခေတ်ရောက်မှ ထုန်းလျန့်မြို့နယ်က လူတွေက ရိုးရာမြွေအကကို နမူနာယူပြီး နဂါးအရုပ်နဲ့ နဂါးအက စတင်ကပြရာကနေ တစ်နိုင်ငံလုံး လူကြိုက်များလာခဲ့တယ်လို့ ဆိုပါတယ်။ဒါကြောင့် ထုန်းလျန့်နဂါးအကလို့ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ဆိုရင် နဂါးနဲ့ ခြင်္သေ့အကဆိုတာက မပါမဖြစ် လူတိုင်းနှစ်သက်ကြတဲ့ အကဖြစ်နေပြီကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။အခုဆို တရုတ်မှာဆိုရင် နဂါးအက အမျိုးအစားပေါင်း ၇၀၀ ကျော်ရှိတယ်လို့ ဆိုကြပါတယ်။နဂါးအကလို့ဆိုရာမှာ နဂါးနဲ့ပတ်သက်တဲ့ အယူအဆကလည်း တရုတ်လူမျိုးတို့မှာ ကျယ်ပြန့်လျက်ရှိပါတယ်။

တရုတ်ရိုးရာ ယုံကြည်မှုအရ နဂါးရဲ့အလျား ပိုပြီးရှည်လေလေ ကြွယ်ဝချမ်းသာမှုများလေလေလို့ ဆိုပါတယ်။ဒီလိုနဲ့ အလျားရှည်တဲ့ နဂါးတွေကိုလည်း ဖန်တီးခဲ့ကြပါတယ်။သြစတျေးလျနိုင်ငံတွင် တည်ဆောက်ခဲ့တဲ့ “Sun Loong in Bendigo” လို့ အမည်ပေးထားတဲ့ နဂါးရုပ်ဟာဆိုရင် ပေ ၃၃၀ အထိ ရှည်လျားပြီး အရှည်ဆုံးနဂါးရုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ဒီစံချိန်ကို ၂၀၁၂ ခုနှစ် ဟောင်ကောင်မှာ ပြုလုပ်ခဲ့တဲ့ နဂါးရုပ်က ချိုးခဲ့ပါတယ်။ထပ်မံပြုလုပ်လိုက်တဲ့ နဂါးက ပေပေါင်း ၁၈,၃၉၀ ပေရှိပြီး (၃ မိုင်ဝန်းကျင်) အရှည်နဲ့ကမ္ဘာ့စံချိန်မှတ်တမ်းလည်း ဝင်သွားခဲ့ပါတယ်။

အခုဆို နဂါးနဲ့ ကပြတဲ့ ဓလေ့ဟာဆိုရင် ဘာသာရေးအရ လူမျိုးနွယ်စုတွေရဲ့ အမှတ်သင်္ကေတတစ်ရပ်အနေနဲ့ ဘုရားရှင်ကို ဝတ်ပြုရိုသေခြင်းတစ်ရပ်အနေနဲ့ ကပြပူဇော်နေကြပါတယ်။နဂါးအက-က စိတ်ဝင်စားဖို့ကောင်းပေမယ့် နဂါးအကအဖွဲ့ထဲ ပါဝင်ဖို့တော့ အခြေခံကိုယ်ခံပညာရပ်ကို တတ်ကျွမ်းမှ အဆင်ပြေတယ်လို့ ဆိုပါတယ်။

နဂါးအကဆိုတာက တစ်ဦးချင်းကျွမ်းကျင်မှုနဲ့အတူ အဖွဲ့လိုက်စည်းလုံးပြီး ကျွမ်းကျင်မှ လှပကောင်းမွန်တယ်လို့ ဆိုကြပါတယ်။

တရုတ်အနွယ်အဝင်တွေရှိတဲ့ မြန်မာမှာဆိုရင်လည်း ကိုဗစ်မတိုင်မီအထိ တရုတ်နှစ်သစ်ကူးပွဲတော်မှာ နဂါးနဲ့ ခြင်္သေ့အကကို ပွဲတော်မှာ စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မိုးသား