【 နိုင်ငံတကာဆောင်းပါး 】 မြန်မာ-တရုတ် နယ်စပ်က လုံချွမ်းဒေသ

【 နိုင်ငံတကာဆောင်းပါး 】 မြန်မာ-တရုတ် နယ်စပ်က လုံချွမ်းဒေသ

ကမ္ဘာကြီးကို အရှိတရားထက် ပိုပြီးလှပစေတဲ့ အကြောင်းအရင်းတွေထဲ တိုင်းရင်းသားဒေသတွေက ဖြည့်စွက်ပါဝင်ကြပါတယ်။ဒါတွေကတော့ သာယာလှပတဲ့ ရှုခင်းတွေ၊ ရိုးရာဝတ်စုံတွေ၊ လျှာလည်စေမယ့် အစားအသောက်တွေနဲ့အတူ မျိုးနွယ်စုအလိုက် မတူထူးခြားလှတဲ့ ရိုးရာပွဲတော်တွေကြောင့်ပဲဖြစ်ပါတယ်။

ဒီလိုနေရာတွေထဲ ပြောပြချင်တာက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ် ထိစပ်လျက်ရှိတဲ့ လုံချွမ်းခရိုင်အကြောင်းပဲဖြစ်ပါတယ်။အဲဒီဒေသက ဂျိမ်းဖော၊ တိုင်၊ အာချမ်း၊ လီဆူး၊ တအောဝ်း စတဲ့ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်နေကြတဲ့ ဒေသလေးဖြစ်ပါတယ်။

တည်နေရာကတော့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲထဲ ပါဝင်နေပြီး မြန်မာ-တရုတ် နယ်နိမိတ်ထိစပ်ရာ ဒေသဖြစ်လို့ ပထဝီတည်နေရာကလည်း တစ်မူထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်လည်း ပေါများကြွယ်ဝလှတဲ့ တိုင်းရင်းသားယဉ်ကျေးမှုတွေနဲ့အတူ လုံချွမ်းခရိုင်က ဆန်းတင့်ဝေဆာနေတာဖြစ်ပါတယ်။                          

ဒီဒေသလေးက မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း အလုပ်လာရောက်လုပ်ကိုင်ကြတဲ့ ဒေသလည်းဖြစ်ပြီး စိတ်ဝင်စားစရာ အချက်တွေကို စပြီး မိတ်ဆက်ရရင်တော့ စားကောင်းသောက်ဖွယ်ယဉ်ကျေးမှုကို အရင်ဆုံး ဖော်ပြပေးလိုပါတယ်။

သိကြတဲ့အတိုင်း နှစ်နိုင်ငံနယ်နိမိတ် ထိစပ်နေတာဆိုတော့ လုံချွမ်းခရိုင်မှာဆိုရင် တရုတ်-မြန်မာ စားကောင်းသောက်ဖွယ်စျေးတန်း ရှိနေပါတယ်။ဒါကြောင့် ဒီကိုရောက်ရင် နှစ်နိုင်ငံရဲ့ စားကောင်းသောက်ဖွယ်တွေကို မြည်းစမ်း ခံစားကြည့်နိုင်မှာဖြစ်ပါတယ်။ကျေးလက်ဓလေ့ဖြစ်တဲ့ ကန်စွန်းဥမီးဖုတ်၊ မြေပဲပြုတ်၊ ကောက်ညှင်းကျည်တောက်လို အစားအစာကနေ ဂျိန်းဖောတို့ရဲ့ ဆာဖြယ်၊ အာချမ်းတိုင်းရင်းသားတို့ရဲ့ လက်ဆုပ်မြီးရှည်တို့လို ရိုးရာအစားအစာတွေနဲ့ နှစ်နိုင်ငံ လက်လုပ်မုန့်မျိုးစုံကို ခံစားမြည်းစမ်းနိုင်မှာဖြစ်ပါတယ်။

တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်ဆိုတဲ့အတိုင်း ဂျိမ်းဖောတို့ရဲ့  အခမ်းနားဆုံးပွဲတော်ဖြစ်တဲ့ မနောပွဲ (Munaozongge) ရဲ့ မွေးရပ်မြေလို့လည်း သိထားကြပါတယ်။ဒါ့အပြင် အခြားလူနည်းစုတိုင်းရင်းသားတွေလည်း ရှိနေတဲ့အတွက် ပွဲတော်ယဉ်ကျေးမှုလည်း စုံလင်စွာ တည်ရှိကြပါတယ်။ခရီးသွားတွေအတွက် ဆွဲဆောင်မှုတွေလည်းရှိပြီး တိုင်းရင်းသားရိုးရာ ကျေးရွာတွေနဲ့ လူမျိုးစုပန်းခြံတွေက လည်ပတ်ချင်စိတ်ကို တိုးပွားစေမှာဖြစ်ပါတယ်။ထင်ရှားတဲ့နေရာတွေထဲ ဟူဆားအာချမ်း လူမျိုးစုမြို့နဲ့ ယူနန်ဂျိန်းဖော လူမျိုးစုပန်းခြံတို့လို ထင်ရှားတဲ့နေရာတွေ တည်ရှိနေပါတယ်။

ဒီဒေသဟာ ရာသီဥတုအနေနဲ့လည်း အပူပိုင်းဒေသ မုတ်သုံရာသီဥတုရှိတာကြောင့် ပူနွေးပြီး သမမျှတတဲ့ ရာသီဥတုရှိလို့ သာယာတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ကျေးလက်ဒေသ ရှုခင်းသာနေရာတွေနဲ့ ခရီးသွားဆွဲဆောင်ရာ နေရာများစွာလည်းရှိနေပြီး တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို လေ့လာချင်သူတွေအတွက်တော့ တိုင်းရင်းသားပွဲတော်များစွာလည်း ရှိနေပါတယ်။တိုင်းရင်းသားပွဲတော်တွေမှာဆိုရင်တော့ ဆိုခဲ့သလို အဓိကလူမျိုးစုဖြစ်တဲ့ ဂျိန်းဖောတို့ရဲ့ မနောပွဲက ဒေသရဲ့ အကြီးကျယ်ဆုံးပွဲတော်ဖြစ်ပြီး ဒီပွဲတော်မှာတော့ လူတိုင်း ဂျိန်းဖောဘာသာစကားနဲ့ အတူတူကခုန်ကြပြီး စည်ကားလွန်းလှတဲ့ ပွဲတော်ကြီးလည်းဖြစ်ပါတယ်။ဒါ့အပြင် စပါးအသစ် မရိတ်သိမ်းမီ သီတင်းကျွတ်လဆန်း ၈ ရက်နေ့နှင့် ၉ ရက်နေ့တွေမှာဆိုရင်တော့ ဂျိန်းဖော ကောက်သစ်စားပွဲကို ကြုံရနိုင်မှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ တိုင်လူမျိုးတို့ရဲ့ ရိုးရာပွဲတော်ဖြစ်တဲ့ ရေပက်ပွဲတော်လည်းရှိနေပြီး မြန်မာသင်္ကြန်လို အယူအဆချင်းဆင်တဲ့ ဒီပွဲတော်ရဲ့ ရည်ရွယ်ချက်က လူတွေအတွက် မနှစ်က မကောင်းမှုတွေကို ဖယ်ရှားဖို့ ဆန္ဒပြုပြီး အချင်းချင်း ရေပက်ကြတာပဲဖြစ်ပါတယ်။ဒါ့အပြင် လီဆူတိုင်းရင်းသားတို့ရဲ့ Kuoshi ပွဲတော်လည်းရှိနေပြီး ဒီပွဲတော်ကတော့ နှစ်သစ်မှာ သီဆိုကခုန်တဲ့ အကအလှပွဲတော်ဖြစ်ပါတယ်။ဒါ့အပြင် ရှေးခေတ် ဘာသာရေးအခမ်းအနားကနေ ဆင်းသက်လာတဲ့ လီဆူ၊ အာချမ်းတိုင်းရင်းသားတို့ရဲ့ အာလူဝေါ်လေ(Alu Woluo) ပွဲတော်လည်း ရှိနေတယ်ဆိုတာ တင်ပြရင်း အရောင်အသွေးစုံ တိုင်းရင်းသားပွဲတော်တွေနဲ့ မြန်မာ-တရုတ် နယ်စပ်က လုံချွမ်းဒေသအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

မိုးသား