【 နိုင်ငံတကာဆောင်းပါး 】 ယူနက်စကိုစာရင်းဝင် ထိုက်ကျီသိုင်း

【 နိုင်ငံတကာဆောင်းပါး 】 ယူနက်စကိုစာရင်းဝင် ထိုက်ကျီသိုင်း

တရုတ်သိုင်းကားတွေထဲမှာ ထိုက်ကျီသိုင်းပညာနဲ့ပတ်သက်ပြီး ကြည့်ဖူးသူတွေရှိကြမှာပါ။ 
 
ထိုက်ကျီသိုင်းပညာဆိုတာ ရုပ်ရှင်တွေထဲမှာ ကြည့်ကောင်းအောင် ရိုက်ကူးထားတဲ့ သိုင်းပညာတစ်ခုမဟုတ်ပါဘူး။တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းမှာလည်း ထိုက်ကျီသိုင်းပညာရပ်ဟာ တန်ဖိုးထားရမယ့် အမွေအနှစ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။
 
ထိုက်ကျီသိုင်းပညာဟာ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး ၁၇ ရာစုအလယ်ပိုင်းအချိန်တွင် တရုတ် နိုင်ငံအလယ်ပိုင်းရှိ ဟယ်နန် (Henan) ပြည်နယ်မှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။
 
ထိုက်ကျီသိုင်း (Tai Chi) ဟာ တရုတ်ရိုးရာယဉ်ကျေးမှု အငွေ့အသက်များနှင့် ရှေးရိုးရာဒဿနအတွေးအမြင်များ ကြွယ်ဝသော သိုင်းပညာရပ်ဖြစ်ပါတယ်။ဒီအချက်ကြောင့်ပင်ထိုက်ကျီသိုင်းဟာ မြောက်မြားစွာသော သိုင်းကွက်များအနက် ထင်ပေါ်ကျော်ကြားပြီး သူမတူအောင် ထူးခြားနေတာဖြစ်ပါတယ်။
 
ထိုက်ကျီသိုင်းကို ဗျိုင်း၊ မြွေ၊ ကြိုးကြာ စသည်တို့ ၏ လှုပ်ရှားမှုပုံစံယူ၍ ပဲကြိတ်ခြင်း၊ တံမြက်စည်း လှည်းခြင်း၊ ချိန်ခွင်ချိန်ခြင်း စသည်တို့ကိုအခြေခံ၍ တရုတ်ဆေးပညာရပ်နှင့်ပါ ပူးပေါင်းတည်ထွင်ထားခြင်းဖြစ်ပါတယ်။
 
တရုတ်တာအိုဘာသာ သူတော်စင် ကျန်းစန်းဖုန်းနှင့် ချန်၀မ်ထင် ( “မင်” ခေတ်အဆုံး “ချင်” ခေတ်အစတွင် အမည်တွင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး) မှ အစဦးဆုံးဖန်တီးခဲ့တာလို့ ဆိုပါတယ်။
 
ထိုက်ကျီသိုင်းရဲ့ လက်ဆင့်ကမ်း အမွေဆက်ခံမှုဖြစ်စဉ်အတွင်း အမျိုးမျိုးသော ဂိုဏ်းကွဲများစွာ ပေါ်ထွက်လာခဲ့ ရာ ယင်းတို့အနက် ချန်ပုံစံ (Chen) ၊ ယန်ပုံစံ (Yang) ၊ စွန်းပုံစံ (Sun) ၊ ဝူးပုံစံ (Wu) နှင့် ဝူပုံစံ (Woo) စသည့် ပုံစံ (၅) မျိုးတို့ကတော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ရှိလာပါတယ်။ဒါပေမဲ့ ဂိုဏ်းကွဲအသီးသီးတို့အကြားတွင် အလွန်နီးစပ်တဲ့ ဆက်နွယ်မှုများရှိသကဲ့သို့ ထူးခြားချက်ကိုယ်စီလည်းရှိကြပါတယ်။
 
ထိုက်ကျီသိုင်းရဲ့ ကာလရှည်ကြာသော ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အတွင်း မိမိကိုယ်ကို ကျင့်ကြံနေထိုင်ခြင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းနှင့် စိတ်နှလုံးအေးချမ်းပျော်မွေ့ခြင်းကို အဓိကရည်ရွယ်သည့် ကိုယ်ကာယအားကစားအဖြစ်တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့ပြီး ကမ္ဘာအနှံ့အပြားသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ ပါတယ်။
 
ထိုက်ကျီသိုင်းဟာ Yin နှင့် Yang (သဘာဝတရား၏ ဆန့်ကျင်ဘက်သဘောတရား) အလှည့်အပြောင်းကို အခြေခံထား၍ မိုးကောင်းကင်နှင့် လူသားများ တစ်ထပ်သားတည်းဟူသော တရုတ်ရိုးရာ ဒဿနအမြင် အတွေးအခေါ်နှင့် ကျန်းမာ‌ရေးထိန်းသိမ်းစောင်ရှောက်ရေးခံယူချက်များကို “ခေါင်းအထက်ပိုင်းအနေအထား တည့်မတ်ဖြောင့်စင်းကာ ခန္ဓာကိုယ်အထက်ပိုင်းနှင့် အောက်ပိုင်းရွှေ့လျှားမှု ပျော့ပျောင်းပြေပြစ်မှုရှိသည့်” လှုပ်ရှားမှုထူးခြား ချက်ဖြင့် ရိုးရာအားကစား လေ့ကျင့်မှုပင်ဖြစ်ပါတယ်။တရုတ်ကိုယ်ခံပညာအားကစားနည်း တစ်မျိုးဖြစ်တဲ့ ထိုက်ကျီသိုင်းပညာမှာ အသက်ပြင်းစွာရှူရှိုက်ခြင်း၊ ညင်သာစွာလှုပ်ရှားမှုတို့နှင့် ပေါင်းစပ်ဖြစ်တည်လာတာဖြစ်ပါတယ်။
 
ထိုက်ကျီကို ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စိတ်ဖိစီးတွေကို လျှော့ချနိုင်ရန်အတွက် ဆော့ကြပါတယ်။ကျန်းမာရေးအတွက် ဆော့ကြသည့်အပြင် သက်လုံကောင်းစေခြင်း၊ ခန္ဓာကိုယ်လုပ်ဆောင်မှုများကောင်းစေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း စတဲ့ အကျိုးကျေးဇူးများလည်းရှိပါတယ်။
 
များသောအားဖြင့် ထိုက်ကျီကို အသက်ကြီးပိုင်းတွေ အများအပြားဆော့ကြပါတယ်။အသက် ၆၅ နှစ် အထက်များ ဆော့ကစားလျှင် စိတ်ဖိစီးမှုတွေလျှော့ချပေးပြီး ကြွက်သားတွေ တောင့်တင်းစေနိုင်ပါတယ်။လူငယ်တွေအတွက်ကတော့ ကိုယ်ခံပညာအဖြစ်သော်လည်းကောင်း၊ ပြိုင်ပွဲများကျင်းပ၍သော်လည်းကောင်း၊ အားကစားတစ်ခုအဖြစ်သော်လည်းကောင်း လေ့ကျင့်ကြပါတယ်။
 
ထိုက်ကျီသိုင်းကစားခြင်းဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပြီး ထိုက်ကျီဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို တိကျစွာ အဆင့်မြှင့်တင်ပေးနိုင်ကာ ကြွက်သား တွေရဲ့ သန်မာမှုကိုလည်း အများဆုံးဖြစ်ပေါ်စေနိုင်တဲ့ သိုင်းကစားနည်းဖြစ်တယ်ဆိုတာကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။အထူးသဖြင့် ထိုင်ရာကနေ ထရာမှာ နာကျင်မှုတွေရှိတဲ့ အရိုးအဆစ်ရောင်ရမ်းနာကျင်တဲ့ Osteoarthritis ဆိုတဲ့ ရောဂါဝေဒနာရှင်တွေအတွက် ပိုပြီးအသုံးတည့်တဲ့ သိုင်းကစားနည်းပဲဖြစ်ပါတယ်။ခန္ဓာကိုယ်အောက်ပိုင်း သန်မာမှုနဲ့ ဟန်ချက်ညီမှုတို့ကိုရရှိအောင်လည်း ဆော့ကစားနိုင်ပါတယ်။အသက်ရှူမဝတဲ့ရောဂါကို ကုသဖို့အတွက်လည်း အသုံးတည့်တယ်လို့ ထိုလေ့လာမှုက ဖော်ပြခဲ့ပါတယ်။ထိုရှာဖွေတွေ့ရှိမှုတွေကို အခြေခံပြီး သုတေသီအဖွဲ့က ဖော်ပြခဲ့တာကတော့ ထိုက်ကျီသိုင်းကစားခြင်းဟာ ကျန်းမာရေးအခြေအနေပေါင်းမြောက်များစွာအတွက် ကောင်းကျိုးပေးနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။
 
ထိုက်ကျီသည် သိုင်းပညာတစ်ရပ်အနေနှင့်သာမက လေ့ကျင့်ခန်းတစ်ရပ်အနေနှင့်ပါ အသုံးဝင်ပါတယ်။ထိုက်ကျီဟာ ကျန်းမာရေးအတွက် လွန်စွာမှအသုံးဝင်လှပြီး နှလုံးကျန်းမာရေး၊ ကျောက်ကပ်ကျန်းမာရေး၊ သွေး ကြောလည်ပတ်မှုစနစ်၊ အရိုးအဆစ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေတာကြောင့် တရုတ်ပြည်မကြီးရှိ ကုမ္ပဏီကြီးအချို့တွင် လုပ်ငန်းချိန်မစခင် ၁၅ မိနစ်ကို ထိုက်ကျီလေ့ကျင့်ခန်း မဖြစ်မနေ ဆော့ကစားစေတယ်လို့ ဆိုပါတယ်။ 
 
ယခုအချိန်တွင် ကမ္ဘာအနှံ့အပြားတွင် ထိုက်ကျီဆော့ကစားသူများစွာရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်ပဲ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာ ထိုက်ကျီသိုင်းပညာရပ်ကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို UNESCO) ရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။
 
ခန့်မောင်