【 နိုင်ငံတကာဆောင်းပါး 】 ဝေဟင်ထက်က စားသောက်ဆိုင်

【 နိုင်ငံတကာဆောင်းပါး 】 ဝေဟင်ထက်က စားသောက်ဆိုင်

အခုနောက်ပိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ စားသောက်ဆိုင်တွေကို ဖွင့်လှစ်ရောင်းချတဲ့အခါ အစားအသောက်တွေကို အထူးအဆန်းပြုလုပ် ရောင်းချရုံတင်မကဘဲ ဆိုင်ပုံစံတွေကိုလည်း ထူးခြားဆန်းပြားတဲ့ အပြင်အဆင်တွေနဲ့ ဖွင့်လှစ် ရောင်းချလာတာ တွေ့နေရပါတယ်။
 
အရင်ကတော့ စားသောက်ဆိုင်တွေကို အစားအသောက် အဓိကထားရောင်းချဖို့အတွက် ဖွင့်လှစ်ခဲ့သလို အစားအသောက်ကိုပဲ သူ့ထက်ငါပိုကောင်းအောင် ပြင်ဆင်ချက်ပြုတ် ရောင်းချကြတာဖြစ်ပါတယ်။
 
ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ လာရောက်စားသောက်သူတွေ ပိုများလာစေဖို့ ထူးထူးဆန်းဆန်း အပြင်အဆင်တွေနဲ့ ဆွဲဆောင်လာကြပြီး ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား စားသောက်ဆိုင်တွေကိုလည်း လူမှုကွန်ရက်တွေ ကနေတစ်ဆင့် မကြာခဏဆိုသလို မြင်တွေ့လာရပါတယ်။အဲဒီလိုမျိုး ဆန်းဆန်းပြားပြားပုံစံတွေနဲ့ ဖွင့်လှစ်ရောင်းချပြီး ဝန်ဆောင်မှုပေးကြတဲ့ဆိုင်တွေထဲမှာ ရေတံခွန်တစ်ခုရဲ့ အောက်ကြမ်းပြင်မှာ ဖွင့်လှစ်ရောင်းချတာမျိုးအပါအဝင် တခြားသော ရေအောက်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေလည်း ပါဝင်ပါတယ်။
 
ဒါ့အပြင် မြေအောက်လိုဏ်ဂူထဲမှာ ဖွင့်လှစ်ရောင်းချတဲ့ စားသောက်ဆိုင်တွေ၊ မြင့်မားတဲ့တောင်ကုန်းတွေ၊ အထပ်မြင့်အဆောက်အဦတွေပေါ်မှာ ဖွင့်လှစ်ရောင်းချတာတွေလည်းရှိပါတယ်။အဲဒီလိုဆိုင်တွေဟာ သာမန်စားသောက်ဆိုင်တွေနဲ့မတူဘဲ ထူးခြားတဲ့အပြင်အဆင်တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ထားကြပါတယ်။အဲဒီလိုမျိုးဆိုင်တွေမှာ စားသောက်ဖို့အတွက် စားသုံးသူတွေဟာ ငွေကြေးနဲ့ အချိန် ပိုမိုကုန်ကျမှာဖြစ်ပါတယ်။ဒီလိုထူးခြားတဲ့ အပြင်အဆင်တွေနဲ့ ဖွင့်လှစ်လာတဲ့ ဆိုင်တွေထဲမှာ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဆိုင် တစ်မျိုးကတော့ ဝေဟင်ထက်မှာ စားသောက်ရတဲ့ ဆိုင်တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။
 
လေထဲမှာ စားရတဲ့ စားသောက်ဆိုင်ကတော့ တစ်မူထူးခြားပြီး လေပေါ်မှာ ဝိုင်းဖွဲ့စားသောက်ရတာဖြစ်ပါတယ်။ကရိန်းတစ်ခုနဲ့ စားသုံးသူတွေကို လေထဲမှာ ချိတ်ဆွဲပေးထားတာပဲဖြစ်ပါတယ်။ဒီဆိုင်တွေကတော့ ငွေကြေးပိုကုန်ကျရုံတင်မကပဲ အန္တရာယ်တွေကြားကနေ စွန့်စွန့်စားစားနဲ့ စားသောက်ရတဲ့ ဆိုင်တွေဖြစ်ပါတယ်။ဒီလိုလေထဲမှာစားသောက်ရတဲ့ စားသောက်ဆိုင်တွေထဲမှာ တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်ထဲက စန်းရာ့မြို့ရှိ ဟိုတယ်တစ်ခုမှ ဖန်တီးထားတဲ့ တစ်မူထူးခြားတဲ့ ဝေဟင်ထက်က စားသောက်ဆိုင်လည်း အပါအဝင်ဖြစ်ပါတယ်။
 
ဝန်ချီစက်ဖြင့် စားသုံးသူတွေကို မီတာ ၅၀ မြင့်တဲ့လေထဲကို ပို့ဆောင်ပေးပြီး စားသောက်ဖွယ်ရာများ သုံးဆောင်စေတာဖြစ်ပါတယ်။ဒီဝန်ဆောင်မှုဟာ နေ့စဉ် နှစ်ဝိုင်းစာသာ လက်ခံတယ်လို့ ဆိုပါတယ်။
 
စန်းရာ့မြို့ဆိုတာကလည်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေနဲ့အတူ သဘာဝအလှတရားတွေ ပေါများတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ လူသိများထင်ရှားတဲ့‌ နေရာဒေသတစ်ခုဖြစ်ပါတယ်။
 
အဲဒီ စန်းရာ့ရှိ ဟိုတယ်တစ်ခုမှ ဖန်တီးထားတဲ့ လေထဲမှာစားသောက်ရတဲ့ စားသောက်ဆိုင်ဟာလည်း ခရီးသွားတွေ အကြိုက်တွေ့လှပါတယ်။လေထဲမှာ စားသောက်ဖို့အတွက် ညနေစောင်းအချိန်မှာ စားသုံးသူ ၂၂ ဦးဟာ သီးသန့်ဖန်တီးထားတဲ့ ဆိုဖာခုံမှာထိုင်ကြပြီး ခပ်ဖြည်းဖြည်းလှုပ်ယမ်းရင်း လေဟာပြင်ထမင်းစားပွဲကြီး မီတာ ၅၀ အမြင့်ရှိတဲ့ လေထဲတဖြည်းဖြည်း မြင့်တက်သွားတာကို ငြိမ်သက်စွာ စောင့်ဆိုင်းရပါတယ်။ဒါဟာ အချိန် ၁၅ မိနစ် ကြာမြင့်ပါတယ်။
 
ဝေဟင်ထက်က စားသောက်ဆိုင်လုပ်ငန်းလည်ပတ်နေသူတွေက “ဝေဟင်ထက်က မင်္ဂလာဧည့်ခံပွဲ” ၊ “ဝေဟင်ထက်မှာ ရုပ်ရှင်ကြည့်ရှုခြင်း” စတဲ့ အထူးအစီအစဉ်တွေကိုလည်း လက်ခံကျင်းပပေးတယ်လို့ ဆိုပါတယ်။
 
လေထဲမှာ စားသောက်နေရင်းနဲ့လည်း ပင်လယ်ပြင်ကြီးကို အပေါ်စီးကမြင်တွေ့နိုင်သလို စန်းရာ့မြို့ရဲ့ သဘာဝအလှတွေကိုပါ ခံစားနိုင်တာဖြစ်ပါတယ်။အမြင့်ကြောက်သူတွေအတွက်တော့ အဲလိုစားသောက်ဆိုင်မှာ စားရတာက အရသာတွေ့မှာ မဟုတ်ပါဘူး။ဒါပေမဲ့ စွန့်စားရတာ ကြိုက်တဲ့သူတွေကြောင့် ကမ္ဘာတစ်ဝန်းမှာတော့ လေထဲမှာစားသောက်ရတဲ့ ဆိုင်တွေက ပိုများလာနေတာတွေ့ရပါတယ်။အခုချိန်မှာတော့ အဲဒီလိုမျိုး ဝန်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်တွေက နိုင်ငံပေါင်း ၄၅ နိုင်ငံမှာ တည်ရှိနေပြီဖြစ်ပါတယ်။
 
ခန့်မောင်