【 နိုင်ငံတကာဆောင်းပါး 】 ဟိုင်နန်ကျွန်းရဲ့ မြို့တော် ဟိုင်ခို

【 နိုင်ငံတကာဆောင်းပါး 】 ဟိုင်နန်ကျွန်းရဲ့ မြို့တော် ဟိုင်ခို

ဟိုင်နန်ကျွန်းဆိုတာ မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းစဉ်က ရဲဘော်သုံးကျိပ် စစ်ပညာသွားရောက်သင်ယူခဲ့တဲ့ နေရာဖြစ်တာကြောင့် မြန်မာသမိုင်းမှာလည်း မပါမဖြစ်တဲ့ နေရာဒေသတစ်ခုဖြစ်ပါတယ်။

အရင်တုန်းက ဂျပန်လက်အောက်မှာရှိနေခဲ့တဲ့ ဟိုင်နန်ကျွန်းဟာ အခုဆိုရင် တရုတ်နိုင်ငံထဲက ပြည်နယ်တစ်ခုဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေအကြား ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။တရုတ်နိုင်ငံရဲ့ ပြည်နယ် ၂၃ ခုထဲက တစ်ခုဖြစ်တဲ့ ဟိုင်နန်ပြည်နယ် (Hainan) ဟာ သဘာဝဂေဟစနစ် အရင်းအမြစ်တွေ ပေါများကြွယ်ဝပြီး လှပသော ပင်လယ်အော် (၆၈) ခု၊ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၀၀၀) ကျော် အမြင့်ရှိသော တောင်ထွတ် (၈၁) ခု၊ အမျိုးသားအဆင့် သစ်တောဥယျာဉ် (၉) ခုနှင့် သဘာဝရေပူစမ်းနေရာ (၇၀) ကျော်ရှိတဲ့ ဒေသဖြစ်ပါတယ်။

ဟိုင်နန်ပြည်နယ်ဟာ သဘာဝရှုခင်းအလှများရှိသော ဂေဟစနစ်အသွင် ကျွန်းတစ်ခုဖြစ်ရုံသာမကဘဲ တစ်မူထူးခြားသော ဆွဲဆောင်မှုများနှင့် ပြည့်နှက်နေတဲ့ ကျွန်းတစ်ခုလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟိုင်နန်ပြည်နယ်မှာ ဟိုင်ခိုမြို့ (Haikou)၊ စန်းယမြို့ (Sanya) နှင့် ဝမ့်နင်မြို့ (Wanning) စတဲ့ မြို့ (၃) မြို့ဟာလည်း ထင်ရှားတဲ့မြို့တွေဖြစ်ပါတယ်။

ဒီထဲမှာ ဟိုင်ခိုမြို့ (Haikou) ကတော့ ဟိုင်နန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။

ဟိုင်ခိုမြို့ဟာ ဟိုင်နန်ပြည်နယ်၏ မြို့တော်ဖြစ်သလို အကြီးမားဆုံး လမ်းပန်းဆက်သွယ်ရေးအချက်အချာ မြို့တော်တစ်ခုဖြစ်ပါတယ်။ဟိုင်ခိုမြို့ဟာ ဟိုင်နန်ပြည်နယ်၊ မြောက်ဘက်ကမ်းရိုးတန်းပေါ်တွင် တည်ထားသော မြို့ဖြစ်ပြီး ဟိုင်နန်ပြည်နယ်၏ လူဦးရေအထူထပ်ဆုံး အဓိကမြို့တော်လည်းဖြစ်ပါတယ်။

ဟိုင်ခိုမြို့ဟာ အုန်းတောများ၊ ကမ်းခြေများ၊ ဒီရေတောများနှင့် မီးတောင်များ၊ သဘာဝရှုခင်းများအပြင် သမိုင်းဝင်နေရာများစွာ တည်ရှိနေတာကြောင့် ခရီးသွားတွေနှစ်သက်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ဟိုင်ခိုရုပ်ရှင်မြို့တော်လို့ လူသိများတဲ့ ရုပ်ရှင်မြို့တော်မှာလည်း ဆွဲဆောင်မှုအသစ်ဖြစ်နေပါတယ်။ “Back to 1942” ရုပ်ရှင်မှ ဂန္တဝင်မြင်ကွင်းများနှင့် စစ်မဖြစ်မီ အရှေ့တောင်အာရှနှင့် ဟောင်ကောင်ရဲ့  နောက်ခံကားချပ်များအပြင် ဟိုင်ခိုမြို့၏ နှစ်ပေါင်းတစ်ရာကျော် သမိုင်းဝင်ပြောင်းလဲမှုများကို တွေ့ကြုံခံစားနိုင်တဲ့အပြင် ဓာတ်ပုံရိုက်ရန် အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

ဟိုင်ခိုမြို့မှာရှိတဲ့ Qilou Old Street ကလည်း ထူးခြားသော လမ်းကလေးတစ်ခုဖြစ်ပါတယ်။ Qilou လမ်းဟာ မတူညီတဲ့ ကမ္ဘာတစ်ခုလို ခံစားရစေပြီး ချစ်စရာကောင်းတဲ့ ရှေးဟောင်းကော်ဖီဆိုင်လေးများကလည်း ဒီလမ်းလေးရဲ့ အဓိကဆွဲဆောင်မှုဖြစ်နေပါတယ်။ဒါကြောင့် ခရီးသွားတွေ အကြိုက်တွေ့စေတဲ့ လည်ပတ်စရာနေရာတစ်ခုဖြစ်ပါတယ်။အခြားလည်ပတ်စရာနေရာတွေဖြစ်တဲ့ ရေပူစမ်းအပန်းဖြေစခန်းတွေ၊ ဟိုင်နန်ကျွန်းသို့ နှင်ထုတ်ခံခဲ့ရသော Tang နှင့် Song မင်းဆက်များမှ ထင်ရှားကျော်ကြားသော သမိုင်းဝင်ပုဂ္ဂိုလ်ငါးဦးကို ဂုဏ်ပြုရန်အတွက် ဘုရားကျောင်းကို တည်ဆောက်ခဲ့သော Five Officials Temple ၊ နှစ်ပေါင်းတစ်ရာနီးပါးသက်တမ်းရှိ Haikou Clock Tower ၊ မီးတောင်မျိုးစုံရှိပြီး သဘာဝဘူမိဗေဒပြတိုက်ဖြစ်တဲ့ Leiqiong UNESCO Global Geopark စတဲ့ လည်ပတ်စရာ နေရာမျိုးစုံ တည်ရှိနေပါတယ်။

ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ခိုမှာ တည်ရှိသော Sanqing ကျေးရွာသည် မီးတောင်များနှင့် အတူယှဉ်တွဲနေထိုင်မှုကို နှစ်ပေါင်း ၈၀၀ ကျော် ထိန်းသိမ်းမြှင့်တင်ထားလျက်ရှိပါတယ်။မီးတောင်သေများပေါ်တွင် တည်ဆောက်ထားတဲ့ အမျိုးသားဘူမိပန်းဥယျာဉ်တစ်ခုမှ ကီလိုမီတာအနည်းငယ်အကွာရှိ အဆိုပါကျေးရွာ၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုထားသော အရာများအနက် ရိုးရာနေအိမ်များ၊ ခြံစည်းရိုးများ၊ ကျောက်သားကြိတ်ခွဲစက်များနှင့် လူသွားလမ်းများလည်း ပါဝင်ပါတယ်။၎င်းတို့အားလုံးကို မီးတောင်ချော်ခဲကျောက်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

မြစ်ကမ်းစပ်နှင့် ပင်လယ်ပုံစံ ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု အထွေထွေအဆောက်အဦဖြစ်သည့် HaikouDongpo ကို Haikou မြို့တွင် ပထမဆုံးအဖြစ် ယခုနှစ်ထဲမှာ ဖွင့်လှစ်ခဲ့ပါတယ်။အဆိုပါ Haikou Dongpo မှာ ရုံးပိတ်ရက်ကာလအတွင်း မီးထွန်းခြင်း၊ ခေတ်မီလူငယ်များ၏ လမ်းပေါ် ယဉ်ကျေးမှုပါတီ၊ စကိတ်နှင့် ရိုလာစကိတ်စီးခြင်း၊ စားကောင်းသောက်ဖွယ်များအပါအဝင် ခေတ်မီသော ညစျေး စီးပွားရေးစတိုင်ကို ပြသထားပါတယ်။

နှစ်စဉ်နှစ်တိုင်း နွေဦးပေါက်မှ နွေဦးဆန်းကာလအထိ မြွေတံတားကို စတင်မြင်လာရတဲ့ မြွေတံတားဟုခေါ်ကြသည့် ကိုဇန်ကျေးရွာ ကျောက်တံတားကလည်း ဟိုင်ခိုမြို့၊ ချွန်ရှန်းရပ်ကွက်တွင် တည်ရှိပြီး နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းကြောင်းရှိပြီဖြစ်ပါတယ်။မြွေပုံသဏ္ဍာန် ကွေးညွတ်နေသည့်အတွက် ဒေသခံများက “မြွေတံတား” ဟု ခေါ်ဝေါ်ကြခြင်းဖြစ်ခြင်းပါတယ်။ရေတက်သည့်အခါမျိုးတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားလေ့ရှိပြီး ရေကျသည့်အခါ၌သာ ပြန်ပေါ်လာခြင်းလည်းဖြစ်ပြီး ထိုအချိန်မှာတော့ လာရောက်လည်ပတ်သူတွေ များလေ့ရှိပါတယ်။

ဒါကြောင့် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ သဘာဝအလှတရားတွေ တည်ရှိရာ ဟိုင်နန်ကျွန်းကို လာရောက်လည်ပတ်သူတွေအတွက် ဟိုင်ခိုမြို့က အထင်ကရနေရာတွေကလည်း ပါဝင်နေတာဖြစ်ပါတယ်။

ဟိုင်နန်ပြည်နယ်ရဲ့ ပြည့်စုံကြွယ်ဝသော ဂေဟစနစ်ဆိုင်ရာ အရင်းအမြစ်များ၊ သမိုင်းကြောင်းယဉ်ကျေးမှုများ၊ ရိုး ရာဓလေ့ထုံးစံများနှင့် ခေတ်မီဆန်းသစ်မှုတွေကြောင့် လည်ပတ်စရာနေရာတွေများလှတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ရေပန်းစားလျက်ရှိနေတာဖြစ်ပါတယ်။

ခန့်မောင်