【 နိုင်ငံတကာဆောင်းပါး 】 အမျိုးသားကုကုန်း (နန်းတွင်း) ပြတိုက်

【 နိုင်ငံတကာဆောင်းပါး 】 အမျိုးသားကုကုန်း (နန်းတွင်း) ပြတိုက်

တရုတ်သမ္မတနိုင်ငံ၊ ထိုင်ဝမ် (တိုင်ပေ) မြို့တွင် တည်ရှိတဲ့ အမျိုးသားကုကုန်း (နန်းတွင်း) ပြတိုက်ဟာ တရုတ်သမိုင်း ခေတ်အဆက်ဆက်မှ ရှေးဟောင်းအနုပညာလက်ရာပစ္စည်းများ စုစုပေါင်းခြောက်သိန်းခွဲကျော်ကို စုဆောင်းထားတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။

အမျိုးသားကုကုန်း (နန်းတွင်း) ပြတိုက် (National Palace Museum) ဟာ ကမ္ဘာ့အကြီးဆုံးပြတိုက်ကြီး ၄ ခု စာရင်းထဲမှာ ပါဝင်တဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။

တိုင်ပေမြို့ (Taipei) တွင် တည်ရှိပြီး ဝန်ကြီးများရုံးမှ ကြီးကြပ်သည့် ပြည်သူပိုင် ယဉ်ကျေးမှုသမိုင်းပြတိုက်တစ်ခုဖြစ်ပါတယ်။အတိုကောက်အားဖြင့် ကုကုန်းပြတိုက် (သို့) တိုင်ပေကုကုန်းပြတိုက်လို့လည်း ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။

ဒီပြတိုက်ထဲမှာ အဓိကအားဖြင့် စုန့်မင်းဆက်၊ ယွမ်မင်းဆက်၊ မင်မင်းဆက်နှင့် ချင်းမင်းဆက် စတဲ့ မင်းဆက် ၄ ဆက်မှ လက်ရာပြောင်မြောက်လှတဲ့ တော်ဝင်ပစ္စည်းများကို စုဆောင်းထားခြင်းဖြစ်ပါတယ်။

အမျိုးသားကုကုန်းပြတိုက်အား မူလအစမှာတော့ တရုတ်နိုင်ငံရဲ့ နောက်ဆုံးဧကရာဇ် ဖူယီ နန်းစွန့်ပြီးနောက်ပိုင်း ၁၉၂၅ ခုနှစ်မှာ ပေကျင်းမြို့ရှိ နန်းတွင်း (Forbidden City) တွင် ကုကုန်းပြတိုက် (Palace Museum - နန်းတွင်းပြတိုက်) အဖြစ် တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၃၁ ခုနှစ် မန်ချူးအရေးအခင်း ဖြစ်ပွားချိန်တွင် ယဉ်ကျေးမှုအမွေအနှစ်များ ဂျပန်လက်အောက် မကျရောက်စေရန် ကုကုန်းပြတိုက်ရှိ တန်ဖိုးအရှိဆုံးပစ္စည်းများကို ပေကျင်းမှ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် ရထား ၂ စင်းဖြင့် ရှေးဟောင်းပစ္စည်းများအား တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။အဲဒီရှေးဟောင်းပစ္စည်းများအား ရှန်ဟိုင်းအပါအဝင် နေရာအတော်များများသို့ ပြောင်းရွှေ့ခဲ့ရပြီး ၁၉၄၀ ပြည့်နှစ်တွင် ကူမင်တန်အစိုးရရဲ့ မြို့တော် နန်ကျင်းမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ။

တရုတ်ပြည်တွင်းစစ် နှောင်းပိုင်းကာလ ၁၉၄၈ - ၁၉၄၉ ခုနှစ်အတွင်း ရှေးဟောင်းပစ္စည်းအချို့အား အသုတ် သုံးသုတ်ခွဲကာ ထိုင်ဝမ်မြောက်ပိုင်း ကြီးလုံဆိပ်ကမ်းသို့ ရေကြောင်းဖြင့် သယ်ဆောင်လာခဲ့ရပါတယ်။ပေကျင်းကနေ  တရုတ်ပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ သေတ္တာပေါင်း ၁၃,၀၀၀ ကျော်အနက် ၅၄၀၀ ကျော်သာ ထိုင်ဝမ်သို့ ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီလိုနဲ့ တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်တို့ အနိုင်ရခဲ့ပြီးနောက် ကျန်ရှိသည့် ပစ္စည်းများအား နန်ကျင်းကနေ ပေကျင်းသို့ ပြန်လည်ရွှေ့ပြောင်းခဲ့တာကြောင့် ကုကုန်းပြတိုက်ဟာ ပေကျင်းတွင် တစ်တိုက်၊ တိုင်ပေတွင် တစ်တိုက်ဆိုပြီး ပြတိုက်နှစ်တိုက်အဖြစ် ကွဲထွက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နောက်ပိုင်းတွင် ပေကျင်းရှိပြတိုက်အား “ပေကျင်းကုကုန်း” ပြတိုက်ဟု လည်းကောင်း၊ တိုင်ပေရှိပြတိုက်အား “တိုင်ပေကုကုန်း” ပြတိုက်ဟုလည်းကောင်း လူသိများလာခဲ့တာဖြစ်ပါတယ်။

တိုင်ပေမြို့ရှိ အမျိုးသားကုကုန်းပြတိုက်အား ၁၉၆၄ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ကာ ၁၉၆၅ ခုနှစ် သြဂုတ်လတွင် ပြီးစီးခဲ့ပါတယ်။စုဆောင်းပစ္စည်းပေါင်း ၆ သိန်းခွဲကျော်အား ပြသရန် နေရာမလောက်ငှတဲ့အတွက် ၁၉၆၇၊ ၁၉၇၀ နှင့် ၁၉၉၇ ခုနှစ်တို့မှာ တိုးချဲ့ဆောက်လုပ်ခဲ့ရပါတယ်။

တိုင်ပေကုကုန်းပြတိုက်တွင် ရှေးဟောင်းပစ္စည်းများကို သုံးလပတ်လျှင် တစ်ကြိမ် အလှည့်ကျ ပြသလေ့ရှိပါတယ်။တစ်နည်းအားဖြင့်ဆိုလျှင် တစ်နှစ်လျှင် ပစ္စည်းပေါင်း ၆ သောင်းကို ကြည့်ရှုနိုင်ပြီး စုဆောင်းပစ္စည်းအားလုံးကို ကြည့်ရှုမည်ဆိုလျှင် ၁၂ နှစ်ကြာ ကြည့်ရှုရမှာဖြစ်ပါတယ်။

တိုင်ပေကုကုန်းပြတိုက် (National Palace Museum) ဟာ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်း ၅၀၀၀ နီးပါး သမိုင်းကြောင်းကို လွှမ်းခြုံထားတဲ့ ကမ္ဘာ့အကြီးဆုံး အဖိုးမဖြတ်နိုင်သော တရုတ်အနုပညာ ရတနာများကို စုစည်းထားတာဖြစ်ပါတယ်။

ခန့်မောင်