【 နိုင်ငံတကာဆောင်းပါး 】BRI သက်ရောက်မှုနှင့် တောင်အာရှဖွံ့ဖြိုးမှု

【 နိုင်ငံတကာဆောင်းပါး 】BRI သက်ရောက်မှုနှင့် တောင်အာရှဖွံ့ဖြိုးမှု

၂၀၂၃ခုနှစ်သည် Belt and Road အဆိုပြုချက်ကို တင်ပြသည့် ၁၀နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ One Belt One Road (OBOR) ဟုလည်းလူသိများသော Belt and Road Initiative (BRI) ကို တရုတ်သမ္မတ ရှီကျင့်ဖျင်မှ ၂၀၁၃ခုနှစ်တွင် ပထမဆုံးအဆိုပြုခဲ့သည်။BRI စီမံကိန်းတွင် ကမ္ဘာတစ်ဝန်းစီးပွားရေး စင်္ကြံလမ်းမကြီး ခြောက်ခုတည်ဆောက်သွားရန် ပါဝင်သည်။

ယခုအချိန်တွင် BRI စီမံကိန်းမှာ နိုင်ငံပေါင်း ၁၅၀ ပါဝင်မှုဖြင့် ကြီးမားသော အုပ်စုကြီးဖြစ်လာနေပြီဖြစ်သည်။ ယခုနှစ်တွင်လည်း အဖွဲ့ဝင်နိုင်ငံအသစ် ၅ နိုင်ငံ ထပ်မံတိုးလာခဲ့သည်။ ထို့အပြင် ပူးပေါင်းပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်လည်းရှိလာခဲ့သည်။

ဝေဖန်မှုများရှိသော်လည်း Belt and Road ကြောင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသများဖြစ်သော အာရှ၊အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် သိသာသည့် တိုးတက်မှုများ ရှိလာခဲ့သည်။ ကမ္ဘာတလွှားတွင် BRI စီမံကိန်းများအတွင်း တရုတ်ကုမ္ပဏီများက နိုင်ငံတကာအခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးဇုန်များတွင် အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံခန့်ကို ရင်းနှီးမြှုပ်နှံထားခဲ့သည်။

အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနည်းပါးသော တောင်အာရှရှိ နိုင်ငံများအတွက် BRI သည်ရွေးချယ်စရာ ဖြစ်ခဲ့ပြီး ဒေသတွင်းနိုင်ငံအများအပြားနှင့် ချိတ်ဆက်ကာ ဒေသတွင်း အကျိုးပြုနိုင်သည့် အလားအလာကောင်းများကို ဖော်ဆောင်နိုင်ခဲ့သည်။ BRI ပါ စင်္ကြံတစ်ခုဖြစ်သည့် Bangladesh-China-India-Myanmar Corridor ကြောင့် ဒေသတွင်း ချိတ်ဆက်မှုနှင့် ကုန်သွယ်မှု တိုးတက်စေခြင်းဖြင့် တောင်အာရှတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ခဲ့သည်။ တောင်အာရှဒေသ၏ အခြေခံအဆောက်အဦစီမံကိန်းများဖြစ်သည့် လမ်းကွန်ရက်မလုံလောက်မှုနှင့် ဓာတ်အားရရှိမှုကဲ့သို့သော ဒေသတွင်းအခြေခံအဆောက်အအုံ ကွာဟချက်ကို ဖြေရှင်းရာတွင်လည်း BRI က အထောက်အကူဖြစ်ခဲ့သည်။ ထိုအခြေခံအဆောက်အအုံ စီမံကိန်း အများအပြားထဲတွင် အကြီးစားဆောက်လုပ်ရေးများပါဝင်ပြီး ကျောက်မီး သွေးသုံးဓာတ်အားပေးစက်ရုံများနှင့် ရေအားလျှပ်စစ်လုပ်ငန်းများလည်းပါဝင်သည်။

BRI နှင့်ပတ်သက်ပြီး သိသာထင်ရှားသော အကျိုးအမြတ်ဖြစ်ခဲ့သည့် နိုင်ငံမှာ တောင်အာရှနိုင်ငံတစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ BRI ပရောဂျက်များမှာ ဒေသတွင်းနိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်ခဲ့သည်။ ထိုပရောဂျက်များထဲတွင် အချို့မှာဆောက်လုပ်ဆဲဖြစ်ပြီး အချို့မှာ ဖော်ဆောင်ပြီးဖြစ်ကာ လည်ပတ်သုံးစွဲနေပြီ ဖြစ်သည်။ တရုတ်နိုင်ငံသည် Padma တံတားအပါအဝင် နိုင်ငံအတွင်းအခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များစွာကို ဘဏ္ဍာငွေထောက်ပံ့ပြီး ဆောက်လုပ်ခဲ့ရာ Padma တံတားမှာ ဘင်္ဂလားဒေ့ရှ် သမိုင်းမှာ အကြီးဆုံး အခြေခံအဆောက်အဦ စီမံကိန်းတစ်ခု ဖြစ်သည်။ အဆိုပါတံတားသည် နိုင်ငံအတွင်းသာမက အိမ်နီးချင်းနိုင်ငံများနှင့်ပါ ကူးသန်းဆက်သွယ်မှု သိသိသာသာ တိုးတက်လာမည်ဟု မျှော်လင့်ထားသည့် တံတားဖြစ်သည်။

Padma တံတားအပြင်၊ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အဝေး ပြေးလမ်းများနှင့် ရေနက်ဆိပ်ကမ်းများ အပါအဝင် အခြားသော အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက် များစွာကိုလည်း BRI ပရောဂျက်အရ ဘဏ္ဍာငွေ ထောက်ပံ့ပေးထားသည်။ ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖော်ဆောင်ခဲ့သည့် pajala ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ပြီးခဲ့သည့်နှစ်က စတင်လည်ပတ်နိုင်ခဲ့သည်။ ထိုစီမံကိန်းကြောင့် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိခဲ့သည်။ ၎င်းစီမံကိန်းသည် အာရှတွင် တတိယမြောက်၊ ကမ္ဘာပေါ်မှာ ၁၂ ခုမြောက် Ultra-Supercritical နည်းပညာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်ပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်လာစေရေးအတွက် အာမခံချက်ပေးနိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ပြောခဲ့သည်။

တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ပါကစ္စတန်မှာမူ BRI ပါ စင်္ကြံတစ်ခုဖြစ်သည့် China-Pakistan Corridor ကြောင့် အခြေခံအဆောက်အဦပိုင်းတွင် များစွာဖွံ့ဖြိုးရန် အလားအလာများရှိနေခဲ့သည်။ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ကို ပါကစ္စတန်ဆိပ်ကမ်း Gwadar နှင့် ချိတ်ဆက်ရန်ရည်ရွယ်သည့် အခြေခံအဆောက်အဦ ပရောဂျက်များ စုစည်းမှုဖြစ်သည့် ယင်း CPEC စီမံကိန်းတွင် အဝေးပြေးလမ်းများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများ၊ ဓာတ်အားပေးစက်ရုံများနှင့် အထူးစီးပွားရေးဇုန်များ အပါအဝင် အခြေခံအဆောက်အဦ စီမံကိန်းများ ကွန်ရက်တစ်ခုပါဝင်သည်။ အဆိုပါ စီမံကိန်းများသည် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ စီးပွားရေးတိုးတက်မှုမြှင့်တင်ရန်နှင့် တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရန် မျှော်လင့်ထားသည်။ 

ဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျမည့် (CPEC) သည် Belt and Road Initiative (BRI) ၏ အထင်ကရ ပရောဂျက်များထဲမှ တစ်ခုဖြစ်ပြီး တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးအတွက် ပြောင်းလဲမှုအဖြစ် ယူဆထားသည်။ အဆိုပါစင်္ကြံသည် တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသကို အာရေဗျပင်လယ်ရှိ ပါကစ္စတန်ဆိပ်ကမ်း Gwadar နှင့် ချိတ်ဆက်ပြီး အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပသို့ ပိုမိုတိုတောင်းပြီး လုံခြုံသောလမ်းကြောင်းဖြင့် တရုတ်နိုင်ငံကို ထောက်ပံ့ပေးရန်လည်း ရည်ရွယ်သည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် China-Pakistan Corridor ၏ ပထမဆုံးလမ်းကြောင်းစမ်းသပ်ကား ဖြတ်သန်းမောင်းနှင်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ အောက်တိုဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ ရှင်းကျန်း ၊ Kashgar မှ စတင်ထွက်ခွာခဲ့ကာ Pamir ကုန်းမြင့် နှင့် Hindu Kush တောင်တန်းကို ဖြတ်ပြီး Karakoram နှင့် Kunjirap Daban ကို ကျော်ဖြတ်ကာ ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းဒေသမှ တစ်ဆင့် ကီလိုမီတာပေါင်း ၃၁၁၅ ကီလိုမီတာ မောင်းနှင်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် စင်္ကြံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သည့် ဂွါဒါဆိပ်ကမ်း သို့ ရောက်ရှိခဲ့သည်။ ထိုသည်က ကုန်းတွင်းပိတ်ဖြစ်သည့် လမ်းကြောင်းတစ်လျှောက်နိုင်ငံများကို ပင်လယ်ဆိပ်ကမ်း နှင့် ချိတ်ဆက်ပေးခြင်းဖြစ်သဖြင့် စီမံကိန်းပြီး၍ စတင်လည်ပတ်မည်ဆိုပါက မည်မျှဒေသတွင်းဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်နိုင်မည်ကို သိနိုင်မည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုကို ဦးတည်သည့် BRI စီမံကိန်းများအားလုံးကိုသာ  အကောင်အထည်ဖော်နိုင်မည်ဆိုပါက နိုင်ငံတကာတွင် နှစ်စဉ်အထွေထွေလူမှုဘဝအတွက် အကျိုးရှိမှုတန်ဖိုးမှာ  ၂၀၃၀ ခုနှစ်တွင် ကန် ဒေါ်လာ ၁.၆ ထရီလီယံအထိ ရှိလာမည်ဟု နိုင်ငံတကာ စီးပွားရေးအဖွဲ့များက တွက်ဆထားသည်။ သိသာသည်က BRI ကြောင့် ဒေသတွင်းကုန်သွယ်ရေးအရှိန်မြှင့်ရာတွင်  များစွာအထောက်အကူပြုခဲ့ပြီး အချက်အလက်များအရ တရုတ်နိုင်ငံနှင့် BRI စီမံကိန်းမိတ်ဖွဲ့နိုင်ငံများနဲ့ ကုန်သွယ်မှုမှာ ၂၀၂၂ နှစ် ၁၁ လ အတွင်း ၂၀.၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်ကိုတွေ့ရသည်။  

လာမယ့်နှစ်တွင် တရုတ်ဟာ တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် တတိယအကြိမ်မြောက် BRI ဖိုရမ်ကို ကျင်းပမည်ဖြစ်ရာ တောင်အာရှဒေသအတွက် မည်သို့သော အကျိုးဖြစ်ထွန်းမှုများ ပေါ်ပေါက်လာမည်ကို စောင့်ကြည့်ရတော့မည် ဖြစ်ပေသည်။

လင်းသစ်အောင်