【 ပြည်တွင်း 】 နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ဖြစ်ပွားနေပြီး အကူအညီလိုအပ်မှု မြင့်တက်နေဟု UNOCHA ထုတ်ပြန်

【 ပြည်တွင်း 】 နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ဖြစ်ပွားနေပြီး အကူအညီလိုအပ်မှု မြင့်တက်နေဟု UNOCHA ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ - ၁၉

နိုင်ငံတစ်ဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ် ဖြစ်ပွားနေသလို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ United Nations OCHA Myanmar က ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် အစီရင်ခံစဉ်ကာလအတွင်း ကချင်ပြည်နယ်နဲ့ နိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၂) သန်းနီးပါးရှိလာပြီဖြစ်ကာ ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာနေရတဲ့ လူဦးရေ ၂ သန်းနီးပါးဟာလည်း မရေရာတဲ့အခြေအနေတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ပဲခူး မြို့တွင်း၊ မြို့ပြင်တွေမှာ ထူးကဲတဲ့ ရေကြီးရေလျှံမှုကြောင့် ဒေသခံထောင်ချီပြီး ရေဘေးရှောင်ခဲ့ရသလို လယ်ယာစိုက်ခင်း ဧကထောင်ပေါင်းများစွာ ရေလွှမ်းခံခဲ့ရတာကြောင့် ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲ ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရသလို ရှမ်း-ကယား ပြည်နယ်စပ်မှာလည်း မိုးသည်းထန်မှုကြောင့် ဖယ်ခုံမြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့က မြေပြိုတာတွေရှိခဲ့တဲ့အတွက် ပင်လုံနဲ့ ဖယ်ခုံကြားက လမ်းပိုင်း ပျက်စီးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ ပစ္စည်းသယ်ယူပို့ဆောင်မှုတွေ နှောင့်နှေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ယင်းကဲ့သို့ အခက်အခဲများရှိသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း‌တွေဟာ ရွှေ့ပြောင်းအခြေချ ပြည်သူတွေကို လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပေးနေပြီး ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို အကူအညီတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အောင်အောင်