【 ပြည်တွင်း 】 မိုဘိုင်း SIM Cardများကို ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ရောင်းချခြင်းမပြုပါက အရေးယူမည်ဟု ထုတ်ပြန်

【 ပြည်တွင်း 】 မိုဘိုင်း SIM Cardများကို ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ရောင်းချခြင်းမပြုပါက အရေးယူမည်ဟု ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ - ၂၇

မိုဘိုင်း SIM Card များကို ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်၍ ရောင်းချခြင်းမပြုပါက အရေးယူခံရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ယခုလက်ရှိမှာ မိုဘိုင်း SIM Card များအား ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ခြင်းမပြုဘဲ SIM Card အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales (POS) များ၊ မိုဘိုင်း Hand Set အရောင်းဆိုင်များအပြင် ဈေးများနှင့် လမ်းဘေးဆိုင်များတွင်လည်းကောင်း၊ Online တွင်လည်းကောင်း ဆက်လက်၍ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် တရားဝင်စာချုပ် ချုပ်ဆိုထားသည့် အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Points Of Sales) များသည် Customer Registration ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်ပြီး ထိုသို့ရောင်းချမှုတွင် အသစ်ထုတ်ဝေရောင်းချမည့် SIM Card ဖြစ်စေ၊လက်ရှိဖြန့်ဝေထားသည့် SIM Card ဖြစ်စေ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။

ထို့အတူ မှတ်ပုံတင်ထားခြင်းမရှိသည့် (သို့မဟုတ်) လိမ်လည်၍ မှတ်ပုံတင်ထားသည့် (သို့မဟုတ်) Customer Registration ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို ရောင်းချခြင်းမပြုရန်နှင့် Customer Registration ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ထားသည့် SIM Card ကို တစ်ဆင့်လွှဲပြောင်းရာတွင် ရယူအသုံးပြုသူ၏ အချက်အလက်အမှန်ဖြင့် Customer Registration ညွှန်ကြားချက်များနှင့်အညီ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ဆိုပါတယ်။

အဆိုပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူခြင်းခံရမည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောင်အောင်