【 ပြည်တွင်း 】 ရန်ကုန်မှာ ယနေ့မနက်အစောပိုင်း ငလျင်လှုပ်၊ ရေကြီးမှုကြုံနေရသည့် ဒေသများမှ ဆည်တမံများ စိုးရိမ်စရာမရှိဟု ဆို

【 ပြည်တွင်း 】 ရန်ကုန်မှာ ယနေ့မနက်အစောပိုင်း ငလျင်လှုပ်၊ ရေကြီးမှုကြုံနေရသည့် ဒေသများမှ ဆည်တမံများ စိုးရိမ်စရာမရှိဟု ဆို

ရန်ကုန်၊ အောက်တိုဘာ - ၁၁

ရန်ကုန်တိုင်းအတွင်းက တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့မနက်အစောပိုင်းက လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁၂ နာရီ ၂၃ မိနစ်ခန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် ၄၂ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ထိုကဲ့သို့ ငလျင်လှုပ်ခတ်ချိန်ဟာ ညသန်းခေါင်ကျော်အချိန်ဖြစ်တာကြောင့် ငလျင်လှုပ်ခတ်တာကို မသိလိုက်သူများလည်းရှိပြီး အချို့ကတော့ ငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတယ်လို့ ဆိုကြပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းထဲက လှည်းကူး၊ မှော်ဘီမြို့နယ်များနှင့် ပဲခူးတိုင်းအတွင်းက ပဲခူးမြို့နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းနှင့် ဆည်တမံများရဲ့ ရေပိုလွှဲများမှ ရေတွေလွတ်နေတာကြောင့် ရေကြီးရေလျှံမှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့် ဆည်တမံအနီးအနားဝန်းကျင်ရှိ ဒေသခံတွေက စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇလပ်ထော်ရေလှောင်တမံရှိ Spill Way ရေကျော်၍ ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုယ်တိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပြုပြင်ခဲ့ပြီးဖြစ်ကာ ၎င်းဖြစ်စဉ်အမှန်အပေါ် အခြေခံ၍ ရေများဇလပ်ထော်ချောင်းအတွင်းသို့ ဖောက်ထုတ်သွားမည် အနီးရှိ ရွာများ၌ ရေကြီးမည်ဆိုသည့် သတင်းမှာ လုပ်ကြံသတင်း၊ သတင်းမှားသာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်မှစတင်၍ တစ်မြို့လုံးနီးပါးရှိ နေအိမ်များအတွင်းနှင့် လမ်းများပေါ်တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာမှ အောက်တိုဘာ ၁၁ ရက် (ယနေ့) နံနက်ပိုင်းမှစတင်၍ ရေများပြန်လည်ကျဆင်းလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးလျက်ရှိတယ်လို့ လူမှုကူညီရေးအသင်းများမှ သိရပါတယ်။

အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးမြို့တွင် ရေဘေးဒုက္ခသည် နှစ်သောင်းကျော်လာပြီဖြစ်သလို လှည်းကူးမြို့နယ်အတွင်းမှာလည်း မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာ  ၂၀ ကျော်မှာ ရေကြီးမှုတွေကြုံခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်အောင်
Photo - CJ