【 ပြည်တွင်း 】 ရေကြီးမှုများကြောင့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားရ

【 ပြည်တွင်း 】 ရေကြီးမှုများကြောင့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားရ

ရန်ကုန်၊ အောက်တိုဘာ - ၉

ပဲခူးတိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းရေကျော်မှုများကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်‌များနှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ယမန်နေ့ကစပြီး ယာယီဖျက်သိမ်းထားကြောင်း မြန်မာ့မီးရထားနှင့် ခရီးသွားပြည်သူများထံမှ သိရပါတယ်။

ထိုကဲ့သို့ ရထားလမ်း ရေကျော်မှုတွေကြောင့် အောက်တိုဘာ ၈ ရက်မှာ ရန်ကုန်နဲ့ မန္တလေး ဘူတာကြီးတွေကနေ ထွက်ခွာမယ့် ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပြီး ရန်ကုန်ဘူတာကြီးနဲ့ မော်လမြိုင်ဘူတာတို့ကနေ ထွက်ခွာမယ့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အသီးသီးထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရထားခရီးစဉ်များ ဖျက်သိမ်းလိုက်သည့်အတွက် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် သက်ဆိုင်ရာ လက်မှတ်ရုံးများတွင် လက်မှတ်ပြ၍ လက်မှတ်ခငွေများကို ပြန်လည်ထုတ်ယူနိုင်တယ်လို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။

ယမန်နေ့နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲ ရေကျော်စီးဆင်းလာခြင်းတို့ကြောင့် ပဲခူးမြို့နယ်၊ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား၊ မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျား ပေ ၅၀၀ ခန့်တွင် သံလမ်းအပေါ် ရေ ၁၈ လက်မခန့် ကျော်တက်နေပြီး ရထားများဖြတ်သန်းလို့မရဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါရပ်နားထားသည့် ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲပေးမည့်အချိန်ကို မြန်မာ့မီးရထားအနေဖြင့် ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ ပဲခူးမြို့နယ်အတွင်း ရပ်ကွက် (၁၁) ခု၊ ကျေးရွာ (၆) ရွာ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၉) ခုအား ဖွင့်လှစ်ထားရှိပြီး အောက်တိုဘာ ၉ ရက် မနက်ပိုင်းအထိလည်း ရေကျသွားခြင်းမရှိဘဲ ဆက်လက်တိုးလာနေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောင်အောင်