【 ပြည်တွင်း 】 အမြန်လမ်းမှာ ၉ လအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူ ၇၀ ဦး သေဆုံးခဲ့

【 ပြည်တွင်း 】 အမြန်လမ်းမှာ ၉ လအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူ ၇၀ ဦး သေဆုံးခဲ့

ရန်ကုန်၊ အောက်တိုဘာ - ၁၈

ယခုနှစ် ၉ လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း ၇၀ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ယာဉ်မတော်တဆမှု ၁၂၀ ကျော် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၇၀ ဦးရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူအရေ အတွက်ကတော့ ၂၅၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသား ၅၀ ဦးနဲ့ အမျိုးသမီး ၂၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်တွေဟာ ဧပြီလနှင့် စက်တင်ဘာလတွေမှာ အများဆုံးဖြစ်ခဲ့ပြီး အဲဒီလတွေမှာ ယာဉ်မတော်တဆမှု အကြိမ် ၂၀ ခန့်စီ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၉ လတာကာလအတွင်းမှာလည်း ယာဉ်မတော်တဆမှု စုစုပေါင်း ၁၃၂ မှုအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၈၄ ဦးအထိရှိကာ သေဆုံးသူ ၄၅ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ၉ လအတွင်း ယာဉ်မတော်တဆဖြစ်စဉ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က သေဆုံးသူအရေအတွက်ထက် ၂၅ ဦး ပိုများခဲ့ကြောင်း သိရပါတယ်။

အောင်အောင်