【 ပြည်တွင်း 】 ဒလမှာ ဆိုင်ကယ်ကယ်ရီပြေးဆွဲမှု ပိတ်လိုက်တာကြောင့် ကယ်ရီသမားအများစု အလုပ်လက်မဲ့ဖြစ်နေကာ မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေ

【 ပြည်တွင်း 】 ဒလမှာ ဆိုင်ကယ်ကယ်ရီပြေးဆွဲမှု  ပိတ်လိုက်တာကြောင့်  ကယ်ရီသမားအများစု အလုပ်လက်မဲ့ဖြစ်နေကာ မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေ

ရန်ကုန်တစ်ဖက်ကမ်းဒလမြို့နယ်မှာ ၊ ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက်တာကြောင့် ဆိုင်ကယ် ကယ်ရီမောင်းသူ အများစု  အလုပ်လက်မဲ့ဖြစ်‌နေတာ လနဲ့ချီရှိနေပြီး ကြုံရာအလုပ်ကို လုပ်ကိုင်နေရတာကြောင့်  မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒလမှာနေထိုင်ကြသူ အခြေခံလူတန်းစား အများစုဟာ ဆိုင်ကယ် ကယ်ရီပြေးဆွဲတဲ့အလုပ်ကို အဓိကထား လုပ် ကိုင်‌နေကြတာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်‌ကြောင်း၊၂၀၂၂ခုနှစ်မေလမှာ ဆိုင်ကယ်ပြေးဆွဲခွင့်ကို ရုတ်တရက်ပိတ် လိုက်တာကြောင့်  အခြားအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်ရတဲ့အတွက် အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့အတူ မိသားစုစား၀တ်နေရေး အခက်အခဲများစွာဖြစ်ပေါ်နေရတယ်လို့  ဒလမြို့ရှိ ဆိုင်ကယ်တကယ်ရီသမားတွေထံ ကသိရပါတယ်။

"ကျွန်တော်တို့က ဆိုင်ကယ် ကယ်ရီ‌ဆွဲတဲ့အလုပ်ကို ပဲ လုပ်ကိုင်လာတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ တခြား အလုပ်‌တွေလည်း မလုပ်တက်ပါဘူး။ ရုတ်တရက် ဆိုင်ကယ်စီးနင်းခွင့်ပိတ်လိုက်တာဆိုတော့ မိသားစု၀င်ငွေက ကျွန်တော်တစ်ယောက်တည်းရှာရတော့ အခက်အခဲတွေဖြစ်တာပေါ့။တခြားအလုပ်ကို ပြောင်းလုပ်တော့လည်း အလုပ်က ရှိလိုက် မရှိလိုက်နဲ့  ပုံမှန်၀င်ငွေ မရဘူးဖြစ်နေတော့ မိသားစုစား၀တ်နေရေးက အခက်အခဲဖြစ်နေရတာ ပေါ့။ အရင်ကဆို ‌ဆိုင်ကယ်ကယ်ရီဆွဲရင် အနည်းဆုံး တစ်နေ့ကို တစ်သောင်းကျပ်လောက် ၀င်ငွေရှိတော့အဆင် ပြေတယ်။အခုဆို မိသားစုအသုံးစရိတ်လိုအပ်တာကြောင့် ရှိတဲ့ ဆိုင်ကယ်ပါ ထုတ်ရောင်းလိုက်ရတယ်"လို့ ဒလမြို့တွင် နှစ်ပေါင်း၂၀နီးပါး ဆိုင်ကယ် ကယ်ရီ‌ပြေးဆွဲတဲ့ အလုပ်ကိုလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ဒလမြို့နယ်အတွင်း ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာကြောင့် ဆိုင်ကယ် ကယ်ရီပြေးဆွဲသူတွေထဲက ငွေကြေး အဆင်ပြေသူ အချို့ဟာ သုံးဘီးဆိုင်ကယ်ပြေးဆွဲတဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုသူတွေရှိသလို့ ငွေကြေးအဆင် မပြေသူတွေကတော့ ဆိုက်ကားနင်းတဲ့အလုပ် ၊ ဆောက်လုပ်ရေးနဲ့ ‌နေ့စားအလုပ်ကြမ်း အလုပ်တွေကို ပြောင်း လဲလုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

ဒလမြို့နယ်အတွင်း ဆိုင်ကယ်စီးခွင့် မပြုတော့ကြောင်း ပြီးခဲ့တဲ့ မေ၂၆ရက်က ကြေညာပြီးနောက်  မေလ ၂၇ ရက် နေ့ကစပြီး မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းမှုတွေမရှိတော့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၅