【 ဆောင်းပါး 】 "သူမဟုတ်သလို"

【 ဆောင်းပါး 】 "သူမဟုတ်သလို"

"ဆရာရောက်တာကြာပြီလား"

"ကြာပြီပေါ့ဗျာ၊ ခင်ဗျားတို့လို တာဝန်ကျေလေး လာလို့မရဘူးလေ။ခင်ဗျားတို့ နေရထိုင်ရအဆင်ပြေအောင်၊ စားဖို့သောက်ဖို့အဆင်ပြေအောင် ကြိုပြီးစီစဉ်ရသေးတယ်"

"သြော် ဟုတ်သားပဲ။ဆရာတို့ အမှုဆောင်အဖွဲ့က ကျွန်တော်တို့ကိုယ်စား တာဝန်ယူထားရတော့ ပင်ပန်းမှာပဲနော်"

"ဒါပေါ့ဗျာ။ကျုပ်တို့က ကိုယ်ကျိုးစွန့်ပြီး အဖွဲ့ဝင်တွေအားလုံးရှေ့က မားမားမတ်မတ်ရပ်ပေးနေရတာပေါ့"

"ကျေးဇူးတင်ပါတယ်ဆရာ။ဆရာတို့ပင်ပန်းတာသိပေမယ့် ဒီနှစ်လည်း ဆရာတို့ပဲ ဆက်လုပ်စေချင်ပါတယ်ဆရာ"

"အဲတာတွေခက်တာပေါ့။တကယ်တော့ ကျုပ်တို့ကလုပ်ချင်တာမဟုတ်ဘူး။ခင်ဗျားတို့အားလုံးကိုယ်စား ကိုယ်ကျိုးစွန့်ပြီးလုပ်နေရတာ။ဆိုးတာက ခင်ဗျားတို့တွေက ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ပြောတတ်ကြတာပဲ။အများအကျိုးအတွက်ပဲလေလို့ စိတ်ကိုဖြေပြီး အတော်သည်းခံနေရတာ"

"ဘာဖြစ်လို့လဲဆရာ။ကျွန်တော်တို့က ဘာပြောခဲ့မိလို့ပါလဲ"

"ခုပဲကြည့်လေ။ခင်ဗျားတို့က ကျွန်တော်တို့ကို အမှုဆောင်တင်မြှောက်။အကူအညီတောင်း။ကျုပ်တို့က မအားမလပ်တဲ့ကြားထဲက မလုပ်ချင်ပဲ အနစ်နာခံပြီးလုပ်ပေးနေတာ။နောက်ကွယ်ကျတော့ ခင်ဗျားတို့ပဲ အမျိုး မျိုးအပြစ်ရှာဝေဖန်ကြသေးတယ်"

ကျွန်တော် တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် သည်လောက်ဒေါသမဖြစ်ဖူးပါ။သည်တစ်ခါတော့ ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ပစ်ချင်လောက်အောင် နောင်တရမိသည်။ 'မနေနိုင် မထိုင်နိုင် သွားပြောမိတာကိုး ခံပေါ့' ဟု ကိုယ့်ဘာသာ ကိုယ်အပြစ်တင်ပြီး ငြိမ်နေလိုက်ရပါသည်။

အမှုဆောင်ရွေးကောက်တင်မြှောက်ပွဲ နှစ်ပတ်လည်ညီလာခံမှာဖြစ်၏။အစည်းအဝေးစတင်ရန် အချိန်ရောက်နေသော်လည်း မစဖြစ်သေး။လူကမစုံသေး။ပြဿနာတော့သိပ်မရှိ။မတွေ့တာကြာပြီဖြစ်သော မိတ်ဆွေ အပေါင်းအသင်းများ တစ်ခါတစ်လေတွေ့ကြရသည်ဖြစ်၍ စကားတွေပြောမဆုံးကြ။ထိုသို့ရယ်ရယ်မောမောနှင့် လက်ရှိ မိမိ၏ဘ၀လှုပ်ရှားမှုတွေ၊ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအကြောင်း ရှေးဖြစ်နောက်ဟောင်း ပြောနေသူများက ဟိုတစ်စု သည်တစ်စု။အခန်းထောင့်မှာ အခန်းအပြင်မှာ တိုးတိုးတိုးတိုးပြောနေသူများလည်းရှိသည်။ထိုသူများကတော့ လက်ရှိအမှုဆောင်များနှင့် နောက်ထပ်ရွေးချယ်မည့် အမှုဆောင်များအကြောင်း၊ မည်သူ့ကိုဖယ်၍ မည်သူ့ကိုတင်မည်၊မည်သူတို့ဆက်လုပ်မည် ဒါပဲဖြစ်မှာပါ။

မှန်ရာဝန်ခံရလျှင် ကျွန်တော်က နှစ်ပတ်လည်အစည်းအဝေးရှိမှ တက်ဖြစ်ပါသည်။ဒါတောင် တစ်နှစ်စ နှစ်နှစ်စ ပျက်ကွက်ခဲ့ဖူးပါသည်။ထို့ကြောင့်လည်း ရင်းနှီးသော အမှုဆောင်တစ်ယောက် နှစ်ယောက်မှလွဲ၍ ကျန်သူများကို အမှုဆောင်အဟောင်း အသစ်တောင် မခွဲခြားနိုင်ခဲ့ပါ။ထို့ကြောင့်လည်း အနည်းငယ်ရင်းနှီးသော လက်ရှိ အမှုဆောင်ဟောင်းတစ်ယောက်ကို စကားမရှိ စကားရှာပြီး နှုတ်ဆက်ပြော ပြောမိခြင်းပါ။ထို့ကြောင့်လားမသိ။ထိုသူက ကျွန်တော့ကို ကောင်းကောင်းနှိပ်ကွပ်၍ ဧရာမစေတနာရှင်၊ ဧရာမကိုယ်ကျိုးစွန့်သူ အဖြစ် သူ့ကိုယ်သူ ဖေါ်ကောင်လုပ်နေခဲ့သည်။

ကျွန်တော့အနေနှင့် ထိုအပြောမျိုးကို မနှစ်သက်ပါ။သို့သော်လည်း သူတို့ကိုအပြစ်မတင်ချင်ပါ။ကျွန်တော်တို့က အဖွဲ့အစည်းတစ်ခုတည်းမှ အသင်းသားအချင်းချင်းတွေပဲ။အကယ်၍ ကျွန်တော့ကို သူတို့လိုအမှုဆောင်အဖြစ် တာဝန်ပေးလာလျှင်လည်း ကျွန်တော်အချိန်မပေးနိုင်ပါ။သူတို့လိုလည်း တွင်တွင်ကျယ်ကျယ်လုပ်နိုင်မည် မဟုတ်ပါ။

အစည်းအဝေး စတင်သောအခါ ဗဟိုမှ ကိုယ်စားလှယ်တစ်ဦးအပါအဝင် နာယကနှစ်ယောက်က ဦးစီးထိန်းသိမ်းပေးပါသည်။အမှုဆောင်ဟောင်းများ နုတ်ထွက်ပြီးနောက် အမှုဆောင်သစ်ရွေးချယ်ပွဲ စတင်ပါသည်။ကိုယ်စားလှယ်က စိတ်သစ်၊ လူသစ်၊ ပုံစံသစ်နှင့်အမှုဆောင်သစ်ရွေးချယ်မည်ဖြစ်ကြောင်း၊ ယခင်ကကဲ့သို့ ကာယကံရှင်မှ ဆန္ဒရှိ၊ မရှိ မသိဘဲ အခြားလူတစ်ယောက်က အဆိုတင်သွင်းပြီး၊ နောက်တစ်ယောက်က ထောက်ခံရွေးချယ်ခဲ့သောပုံစံကို အသုံးမပြုတော့ကြောင်း၊ ဦးစွာရှင်းပြပါသည်။ဆက်၍ အမှန်တကယ်ဆောင်ရွက်နိုင်မည့်၊ ဆောင်လည်းဆောင်ရွက်ပေးချင်သည့် ကာယကံရှင်က ကိုယ်တိုင်ဆန္ဒပြုပေးပါရန်ပြောသည်။

ကျွန်တော့စိတ်ထဲမှာ အနည်းငယ်စိုးရိမ်သွားမိသည်။ကိုယ်တိုင်ဆန္ဒပြုပေးရမည်ဆိုတော့ အမှုဆောင်လုပ်မည့်သူရှိပါ့မလားဟု တွေးမိသည်။မလုပ်ချင်သည့်သူက အခန့်သင့်သွားသဖြင့် ဆန္ဒပြုမပေးရုံနှင့် အဆင်ပြေသွားလေပြီ။တကယ်လုပ်ချင်သော၊ လုပ်လည်းလုပ်နိုင်သောသူရှိလျှင်တောင်မှ ကိုယ်တိုင်ဆန္ဒမပြုလျှင် ခက်ပေမည်။သည်သို့ဆိုလျှင် အမှုဆောင်တစ်ယောက်ပင်ရှိပါ့မလား။ရှိနေလျှင်လည်း လေး၊ ငါးယောက်ပင် အနိုင်နိုင်ရှိ လိမ့်မည်ဟု တွေးမိသည်။

ကျွန်တော့အတွေးက ခဏပဲဖြစ်ခွင့်ရပါသည်။ဆယ့်ငါးမိနစ်ခန့်အကြာမှာ ကိုယ်တိုင်ဆန္ဒပြုကာအရွေးခံသော အမှုဆောင်က ဆယ့်ငါးယောက်ရှိသွားပြီ။ဖွဲ့စည်းပုံအရ လိုအပ်တာက ဆယ်ယောက်။ဆန္ဒပြုသူက ဆယ့်ငါး ယောက်ရှိနေပြီ။သည်တော့ ငါးယောက်ပြန်ထွက်ပေးရပေမည်။ကျွန်တော်က ဘယ်သူတွေနုတ်ထွက်ပေးမလဲဟု စိတ်ဝင်စားစွာကြည့်နေမိသည်။နာယကနှစ်ဦးကလည်းကျွန်တော့စိတ်ကူးနှင့် အတူတူပင်ဖြစ်မည်ထင်သည်။ခေတ္တစောင့်ဆိုင်းနေကြသည်။သို့သော် တစ်ယောက်မှ မလှုပ်ကြ။တစ်ယောက်မှ ပြန်မထွက်ပေးကြ။

ကျွန်တော့ကို စကားလုံးနှင့်အနိုင်ယူသွားသော အမှုဆောင်ဟောင်းကလည်း သူ့ဘာသာသူဆန္ဒပြုထား သည်။ငါးယောက်ပိုနေမှန်းသိလျက်နှင့် သူလည်းမနုတ်ထွက်ခဲ့။သတ်မှတ်ချက်ထက် ငါးယောက်ပိုနေသဖြင့် အ ကယ်၍ သည်အတိုင်းဆက်ဖြစ်နေလျှင် လျှို့ဝှက်မဲစနစ်နှင့် လိုအပ်သောဆယ်ယောက်ကို ရွေးချယ်မည်ဖြစ် ကြောင်း ကိုယ်စားလှယ်ကပြောသည်။ကိုယ့်သဘောနှင့်ကိုယ် ဆန္ဒပြုထားသူများဖြစ်၍ ကိုယ့်သဘောနှင့်ကိုယ် အလွယ်တကူနုတ်ထွက်နိုင်သဖြင့် အချင်းချင်းညှိနှုင်းဆောင်ရွက်ရန် အချိန်အနည်းငယ်ပေးထားပါသည်။  

ကျွန်တော့ကို ဟိတ်လုံးဟန်လုံးတွေနှင့် အနိုင်ယူပြောဆိုသွားသော ကျွန်တော့ဇာတ်လိုက်ကတော့ ဟိုအုပ်စုနှင့်ပြောလိုက် သည်အုပ်စုနှင့်ရောလိုက် လုပ်နေရှာသည်။သူအရွေးမခံရမှာစိုး၍ စည်းရုံးနေသည်မှာ သိသာလှ၏။သူ့လှုပ်ရှားမှုကိုလိုက်ကြည့်ရင်း သူ ကျွန်တော့ကို ရှက်ရွံ့ရွံ့ဖြစ်နေမလားဟု တွေးနေဆဲမှာပင် သူ ကျွန်တော့အနားရောက်လာသည်။

"ကဲ ကိုယ့်ဆရာ၊ ခင်ဗျားတို့ကိုအားနာမိလို့ ဒုက္ခတွင်းထဲခုန်ဆင်းပြီး ဆက်အနစ်နာခံလိုက်ဦးမယ်။ခင်ဗျားတို့ကြောင့်လုပ်ခဲ့တာမို့ ခင်ဗျား ကျွန်တော့ကို မဲပေးရမှာနော်"

ကျွန်တော် သူ့ကိုဘာမှပြန်မပြောပါ။လူမိုက်အားပေးဖြစ်မည်စိုး၍ မဲလည်းမပေးခဲ့ပါ။သို့သော် အမှုဆောင်ဆယ်ယောက်ထဲတွင် သူပြန်ပါပါသည်။

နေရာကိုလည်းမက်သည်။သူနေရာမက်မှန်းလည်း အများကိုမသိစေချင်။ထို့ပြင် အများက သူ့ကိုသဘောကျ အကူညီတောင်း၍ မလွှဲမရှောင်သာပဲ နေရာယူလိုက်ရသည့်ဇာတ်ညွှန်းမျိုး ရေးချင်သေးသည်။

လောကမှာ 'နေရာ' လိုချင်တာ သဘာဝပါ။လိုချင်သော်လည်း မလိုချင်ဟန်ဆောင်တာလည်း သဘာဝပါပဲ။သို့သော်လည်း သူ့ကိုယ်သူ 'စေတနာရှင်ကြီး' 'ကယ်တင်ရှင်ကြီး' လုပ်ကာ အများ၏ကျေးဇူးအတင်ခံချင်သေးတာကတော့ လွန်ကဲသွားပေပြီ။လောဘတွေ သိပ်ကြီးသွားပြီထင်သည်။အလိုရမ္မက်ကြီးလာပြီဆိုလျှင်ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ လုံးဝပျောက်သွား တတ်ပါသည်။သူဆင်သမျှ၊ သူဖန်တီးသမျှတွေလည်း လုံးဝအရာမထင်တော့ပေ။ပတ်ဝန်းကျင်တစ်ခုလုံးက သူ့လောဘကို ထင်ထင်ရှားရှားမြင်နေရသော်လည်း သူကတော့ သတိမထားမိနိုင်အောင် တွေဝေမိန်းမောသွားလေပြီ။သူ့သတိက သူ့လောဘနောက်သို့လိုက်ရန်သက်သက် ဖြစ်သွားလေပြီ။ရှက်ရမှန်း၊ ကြောက်ရမှန်း မသိလောက်အောင် မှားယွင်း၍ ကိုယ်ကျင့်သိက္ခာတွေပျောက်ဆုံးကုန်၏။

လောဘတကြီးနှင့် ပစ္စည်းတစ်ခုခုကိုလှမ်းယူရင်း လုံချည်ကျွတ်ကျသွားတာမျိုးဖြစ်၏။အချို့က လုံချည် ကျွတ်ကျမှန်းမသိ၍ ပြန်မဝတ်သော်လည်း၊ အချို့က လုံချည်ကျွတ်နေမှန်းသိသည့်တိုင် အာသာဆန္ဒကပြင်းပြ လွန်းသဖြင့် သိလျက်နှင့် ပြန်မဝတ်ကြပေ။အလိုလောဘကြီးလေလေ၊ အရှက်အကြောက်ကင်းလေလေ။အရှက်အကြောက်ကင်းလေလေ လူ့စိတ်ပျောက်လေလေဖြစ်တော့သည်။

ဆန္ဒလောဘကြီးလွန်းသောသူသည် သာမန်လူမှုရေးအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဆိုလျှင် တော်သေးသည်။ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ အထူးသဖြင့် အုပ်ချုပ်ရေး၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ် ရေးပိုင်းမှာ ထိုခေါင်းဆောင်မျိုးရောက်ရှိနေလျှင်၊နိုင်ငံသားတို့၏အခွင့်အရေးတွေ လုံးဝပျောက်ကွယ်သွားမည်။ဘဝတွေစုတ်ပြတ်သွားမည်။အသက်တွေပေးဆပ်ကြရမည်။မျိုးဆက်တွေအထိ အညွန့်တုံးသွားပေလိမ့်မည်။

ထိုသို့သောသူမျိုးနှင့် အကယ်၍ကြုံတွေ့ရပြီဆိုလျှင်လည်း ကြောက်စရာမလိုပါ။ဝဋ်ရှိသမျှတော့ခံကြတာပေါ့။အချိန်တစ်ခုမှာတော့ သူ့လမ်းသူသွားရမှာပါပဲ။အရေးကြီးတာက သူ့အတွေးဆိုး၊ အကျင့်ဆိုးတွေ ကျွန်တော်တို့လက်မခံထားမိဖို့ပါ။

တစ်ချိန်က ကျွန်တော်တို့ ဂျပန်ကိုတော်လှန်နိုင်ခဲ့သော်လည်း၊ မောင်းထုတ်နိုင်ခဲ့သော်လည်း၊ ဂျပန်တွေကျင့်သုံးသွားသည့် ဖက်ဆစ်ညာဉ်ဆိုးက ကျန်နေခဲ့ပါသည်။

လောဘစိတ်တွေ တဟုန်းဟုန်းလောင်နေသည့် ခေါင်းဆောင်တချို့က ဖက်ဆစ်ညာဉ်ကို လက်နက် အဖြစ်သုံးခဲ့သည့်အတွက် ပြည်သူအများ ဒုက္ခပင်လယ်မှာ ကယ်ပါယူပါတဆာဆာဖြစ်ခဲ့ရသည်။

ထူးတော့ထူးပါသည်။ဆန်းတော့လည်းမဆန်းလှပါ။

ဆန်းတာက အဆိုးဝါးအရက်စက်ဆုံးလုပ်ထားသည့်သူက သူ့ကိုယ်သူ တကယ်ကောင်းအောင်မပြုပြင်ပဲ လူကောင်းစာရင်းထဲမှာ ထိပ်ဆုံးကပါချင်နေသေးတာပါ။လူဆိုးဆိုတာ အဋ္ဌာရသဆယ့်ရှစ်ရပ်ပဲတတ်တတ်၊ ကိုယ် ဘဲပျောက်ပျောက်၊ မြေလျှိုးပြီး မိုးပဲပျံပျံ၊ ဘုရင်ပဲဖြစ်ဖြစ် လူဆိုးက လူဆိုးပဲလေ။သူပိုင်ဆိုင်သမျှ ငွေကြေး၊ အရှိန်အဝါ၊ ဩဇာအာဏာ၊ ဆွေမျိုး၊တပည့်တပန်း ဘယ်လောက်များများ၊ သူရှိနေရမှာက လူဆိုးစာရင်းထဲမှာပါ။

တချို့လူဆိုးတွေက အဆိုးတကာ့ အဆိုးဆုံးအလုပ်တွေ အကုန်လုပ်သည်။

သို့သော်လည်း လူကောင်းနာမည်ခံချင်ကြသည်။

ဪ …. သူမဟုတ်သလို … ပါပဲလား။

ရိုက်မောင်း
ဇူလိုင် - ၂၇