ဆေးလိပ်ငွေ့ဆိုတာဘာလဲ?

 
ဆေးလိပ်ငွေ့ဆိုတာ အဆိပ်ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော် ပါဝင်နေပါတယ်။တစ်ခုချင်းစီရဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့မတူပါဘူး ။
အဲ့ဒီထဲကမှ အမျိုးပေါင်းခြောက်ဆယ်ကျော်ဟာ ကင်ဆာရောဂါဖြစ်နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲက အရေးပါတဲ့ဓာတ်ပစ္စည်းအချို့ကိုပြောရရင်
 
၁။ နစ်ကိုတင်း (Nicotine) - အရောင်အဆင်းမရှိတဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး သောက်သုံးသူကို စိတ်ကျေနပ်မှုနဲ့ စွဲလမ်းမှု (addition) ကိုဖြစ်စေပါတယ်။ 
 
၂။ ကတ္တရာ (Tar) - လမ်းခင်းတဲ့ကတ္တရာနဲ့အတူတူဖြစ်ပြီး အဆုတ်ရဲ့နံရံတွေမှာ တွယ်ကပ်တဲ့အတွက် လေပြွန်တွေကျဉ်းကုန်တာ၊ အောက်ဆီဂျင်ကောင်းကောင်းမဝင်အောင်
ပိတ်ဆို့ထားလို့မောတာကနေစပြီး အဆုတ်ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။
 
၃။ ကာဗွန်မိုနောက်ဆိုဒ် (Carbon monoxide) - အရောင်မဲ့၊ အနံ့မဲ့ဓာတ်ငွေ့ဖြစ်ပါတယ်။ မော်တော်ကား exhaust ကနေ ထုတ်တဲ့ဓာတ်ငွေ့နဲ့ အတူတူပဲဖြစ်ပါတယ် ။
သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဗင်နဲ့ ပေါင်းစပ်သွားလို့ သွေးနီဥထဲမှာ အောက်ဆီဂျင်ကို လျော့နည်းစေပါတယ်။
 
၄။ အာဆင်းနစ် (Arsenic) - ပြင်းထန်တဲ့အဆိပ်သတ္တုဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အဆိပ်သင့်စေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။ကြွက်သတ်ဆေးမှာ
ထည့်သွင်းအသုံးပြုတဲ့ ပစ္စည်းဖြစ်ပါတယ်။
 
၅။ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် (Hydrogen cyanide) - အလွန်ပြင်းထန်တဲ့အဆိပ်ဖြစ်ပြီး ပမာဏများများဝင်လာရင် မူးစေခြင်း၊ သတိမေ့စေခြင်းဖြစ်နိုင်ပါတယ်။
 
၆။ ခဲဓာတ် (Lead) -ရေရှည်သောက်ရင် ခဲဆိပ်သင့်စေပြီး ဦးနှောက်နဲ့အာရုံကြောတွေကို ထိုင်းမှိုင်းစေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေး ကျဆင်းစေပါတယ်။
 
၇။ပိုလိုနီယမ် -၂၁၀ (Polonium-210) - ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းတစ်ခုဖြစ်ပြီး ရှူ ရင်ကင်ဆာဖြစ်စေပါတယ်။
 
၈။ ဘင်ဇင်း (Benzene) - ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။ အထူးသဖြင့် သွေးကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။
ဒါ့အပြင် ကျန်တဲ့ပစ္စည်းတွေကလည်း အကုန်ဒုက္ခပေးနိုင်ပါတယ်။
 
ဒါကြောင့်ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်တဲ့သူအနားမှာနေပြီး
အဲ့ဒီလူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေကို ရှူ နေတဲ့သူတွေဟာလည်း
ဆေးလိပ်သောက်သကဲ့သို့ ဆိုးကျိုးတွေခံစားရမှာဖြစ်ပါတယ်။  အဲ့ဒီလိုလူမျိုးကို Passive smoker ဒါမှမဟုတ် Secondhand smoker လို့ခေါ်ပါတယ်။အထူးသဖြင့် ကလေးလူငယ်တွေနဲ့
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆို ပိုခံရတတ်ပါတယ်။ ဥပမာ ဖခင်ဖြစ်သူက ဆေးလိပ်သောက်ပြီး ကလေးကိုချီထားတာမျိုးလုပ်ရင် အဲ့ဒီဆေးလိပ်မီးခိုးတွေဟာ
ကလေးရဲ့အသက်ရှူလမ်းကြောင်းကနေတဆင့် ဝင်ရောက်ပြီး ကလေးကို ရင်ကြပ်ပန်းနာရောဂါကအစပြုလို့ ကင်ဆာရောဂါအထိ ဖြစ်စေနိုင်တာမျိုးပါ။
  ဒါ့ကြောင့်လဲ Passive smoker တွေကို ကာကွယ်ပေးဖို့ ဥပဒေတွေပြဌာန်းခဲ့ပါတယ်။
အများနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် ပိတ်ပင်ထားခဲ့ပြီးဖြစ်ပါတယ်။
ဥပမာ စာသင်ကျောင်း၊ ဆေးရုံ၊ ရုံးဌာန၊ လေဆိပ်၊ ဘတ်စ်ကားပေါ်၊ ရထားပေါ်၊ လေယာဉ်ပေါ်တွေမှာ ဆေးလိပ်မသောက်ရလို့ ပိတ်ပင်ထားတာဟာ ဆေးလိပ်သောက်သုံးသူကြောင့်
အခြားသူတွေ ဒုက္ခမရောက်စေဖို့ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Thirdhand smoker ဆိုပြီး ထပ်မံသုံးစွဲလာကြပါတယ်။ 
 
Secondhand smoker ဆေးလိပ်သောက်တဲ့သူမှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကို တိုက်ရိုက်ရှူတာကိုခေါ်ပြီး Thirdhand smoker  ကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ရှူမိတာကို ပြောတာဖြစ်ပါတယ် ။
(ဥပမာ အဖေလုပ်တဲ့သူက အိမ်မှာဘယ်သူမှမရှိတုန်း အိပ်ယာပေါ်မှာဆေးလိပ်သောက်မယ်ဆိုရင် အဲ့ဒီမီးခိုးတွေကို ဘယ်သူမှရှူမိမှာမဟုတ်ပါဘူး။ဒါပေမယ့် အဲ့ဒီမီးခိုးမှာပါတဲ့အဆိပ်အမှုန်တွေဟာ
ခေါင်းအုံးတွေ၊ စောင်တွေပေါ်ကို ကျလာပါမယ် ။ ညကျမှ မိမိရဲ့သားသမီးငယ်လေးတွေကို အဲ့ဒီခေါင်းအုံး၊ စောင်တို့နဲ့အိပ်ခိုင်းရင် အဲ့ဒီကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းထဲကို
ခုနကခေါင်းအုံးစွပ်မှာကပ်နေတဲ့ အဆိပ်မှုန်လေးတွေဝင်ပြီး ရောဂါရစေပါတယ်။
 ဒါကြောင့်ဆေးလိပ်ဖြတ်ဖို့ကြိုးစားကြည့်ပါ။ကျန်းမာရေးအတွက်အလွန်ကောင်းမွန်လာမည့်အပြင် မိမိ မိသားစု နဲ့ ပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူး အလွန်များပါတယ်။
 
ဆေးလိပ်ဖြတ်လိုက်ရင်ရလာမည့်အကျိုးကျေးဇူးတွေကတော့ 
(၁) နှလုံးနဲ့သွေးကြောတွေ ကျန်းမာရေးကတော့ သိသိသာသာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ခြေဖျားလက်ဖျားတွေ သွေးပိုလျှောက်လာလို့ အရင်ကလိုမဲညစ်မနေဘဲ နီလာပါမယ်။
 
(၂) အဆုတ်ရဲ့အလုပ်လုပ်တာတွေ ပိုကောင်းလာပါမယ်။အသက်ရှူရတာပိုချောင်လာမယ်၊
ချောင်းဆိုးတာတွေလည်း သက်သာသွားပါမယ်၊ ပိုပြီးအမောခံနိုင်လာပါမယ်။
 
(၃) ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပိုရလာလို့ မူးဝေတာတွေ၊ ခေါင်းမကြည်မလင်ဖြစ်နေတာတွေ ကောင်းလာပါမယ်။
 
(၄) အမောခံပြီး သက်လုံပိုကောင်းပါမယ်။
 
(၅) အနံ့အသက်တွေ ပိုကောင်းပါမယ်။ ခန္ဓာကိုယ်ကနေ ရှူထုတ်လိုက်တဲ့လေထဲမှာ
မကောင်းတဲ့ ဆေးလိပ်နံ့တွေကင်းစင်သလို၊ ချွေးထဲမှာလဲ ဆေးလိပ်ရဲ့မကောင်းတဲ့အနံ့တွေကင်းစင်လာလို့ ခန္ဓာကိုယ်မှာ ဆေးလိပ်နံ့တွေတဖြည်းဖြည်း လျော့နည်းလာပါမယ်။
မိမိနဲ့ထိတွေ့ဆက်ဆံတဲ့ မိတ်ဆွေတွေရဲ့ ပိုမိုနှစ်သက်လက်ခံမှုကို ရရှိစေမှာဖြစ်ပါတယ်။
 
(၆) ဆေးလိပ်သောက်ရင်ဖြစ်တဲ့ သွားတွေဝါနေတာ၊ အရေပြားတွေ မွဲခြောက်ခြောက်ဖြစ်တာ၊ဆံပင်တွေကြွပ်ဆတ်တာ ပြန်ကောင်းလာပြီး ပိုမိုချောမောလှပစေမှာ ဖြစ်ပါတယ်။
အသားအရေတွေလည်းပိုမိုစိုပြေလာပြီး ကြည့်လို့ပိုကောင်းစေပါတယ်။
 
(၇) ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။
 
(၈) Free Radical တွေ လျော့နည်းလာလို့ ခုခံအားစနစ်ကို ဖျက်ဆီးခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
 
ဇီဝက ဆေး (၁)