【 အလှအပနှင့်ကျန်းမာရေး 】ဦးနှောက်အကျိတ်(ဦးနှောက်ကင်ဆာ) Brain Tumor အကြောင်းသိကောင်းစရာ

【 အလှအပနှင့်ကျန်းမာရေး 】ဦးနှောက်အကျိတ်(ဦးနှောက်ကင်ဆာ) Brain Tumor အကြောင်းသိကောင်းစရာ

ခေါင်းခဏခဏကိုက်နေတာ ဦးနှောက်ထဲမှာ အကျိတ်များဖြစ်နေပြီလားဆိုပြီး စိုးရိမ်ကြသူတွေများပါတယ်။

ဦးနှောက်အကျိတ်လို့ပြောမယ်ဆိုရင်တော့ ရိုးရိုးအကျိတ် (ကင်ဆာမဟုတ်သောအကျိတ်) Benign Brain Tumour နဲ့ကင်ဆာအကျိတ် Malignant Brain Tumour ဆိုပြီးယေဘုယျအားဖြင့်ခွဲခြားနိုင်ပါတယ်။

ကင်ဆာအကျိတ်ပဲဖြစ်ဖြစ် ရိုးရိုးအကျိတ်ပဲဖြစ်ဖြစ် ဦးနှောက်မှာရှိတဲ့ အာရုံကြောတွေ၊ ဦးနှောက်အစိတ်အပိုင်းတွေကို အကျိတ်ကဖိမိခြင်းကြောင့် ရောဂါလက္ခဏာတွေခံစားရတာဖြစ်ပါတယ်။

အကျိတ်အရွယ်အစား၊ တည်ရှိတဲ့နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေကွဲပြားနိုင်ပါတယ်။

ဦးနှောက်ထဲမှာအကျိတ်ဖြစ်ပြီဆိုရင်ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကတော့

၁- ခေါင်းမကြာခဏကိုက်ခြင်း

(အထူးသဖြင့် မနက်အိပ်ရာထထချင်းတွင် ခေါင်းကိုက်ခြင်း)

၂- ပျို့အန်ခြင်း

၃- မျက်စိအမြင်အာရုံဝါးခြင်း၊အမြင်အာရုံချို့တဲ့ခြင်း

၄- လမ်းလျှောက်ရာတွင်ဟန်ချက်မထိန်းနိုင်ခြင်း

၅- မှတ်ဉာဏ်ချို့ယွင်းခြင်း

၆- တက်ခြင်း

၇- အကြားအာရုံချို့တဲ့ခြင်း

၈- စကားပြောဆိုမှုချို့ယွင်းခြင်း

၉- ခြေ၊လက်များ လှုပ်ရှားရာတွင်အားမရှိခြင်း

၁၀- ခေါင်းမကြာခဏမူးခြင်း

၁၁- ကိုယ်အလေးချိန်ကျဆင်းခြင်း

၁၂- အစားအသောက်ပျက်ခြင်းစတဲ့ ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဦးနှောက်အကျိတ်ရောဂါရှိမရှိဘယ်လိုသိနိုင်မလဲ?

ဦးနှောက်အကျိတ် ရောဂါကို

  • ဦးနှောက်ကွန်ပျူတာဓါတ်မှန် (CT scan)
  • ဦးနှောက်သံလိုက်စက်ကွင်းဓါတ်မှန် (MRI scan)
  • ဦးနှောက်အကျိတ်ကိုခွဲပြီးနောက် အသားစစစ်ဆေးခြင်း (Biopsy) စတဲ့နည်းလမ်းများနဲ့ စစ်ဆေးနိုင်ပါတယ်။

ဦးနှောက်အကျိတ်ကိုဘယ်လိုကုသနိုင်ပါသလဲ?

ရောဂါ အခြေအနေပေါ်မူတည်ပြီး

  • ခွဲစိတ်ကုသခြင်း
  • ဓါတ်ရောင်ခြည်ကုထုံးဖြင့်ကုသခြင်း
  • ကင်ဆာဆေးသွင်းကုသခြင်း  စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။

ဦးနှောက်အကျိတ်‌ရောဂါ ရှိပြီဆိုသက်တမ်းဘယ်လောက်ကြာကြာနေနိုင်မလဲ?

ဒီမေးခွန်းဟာ ဦးနှောက်အကျိတ်တစ်ခုထဲအတွက်မဟုတ်ဘဲ ကင်ဆာရောဂါခံစားနေရသူတွေသိချင်ကြတဲ့မေးခွန်းဖြစ်ပါတယ်။

  • ဦးနှောက်အကျိတ်ကရိုးရိုးအကျိတ်လား၊ ကင်ဆာအကျိတ်လား၊
  • အကျိတ်အမျိုးအစား၊
  • အကျိတ်အရွယ်အစား၊
  • အကျိတ်တည်ရှိတဲ့နေရာ
  • လူနာရဲ့နောက်ခံရောဂါ အခြေအနေ စတာတွေပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ရောဂါအခြေအနေမတူနိုင်ပါဘူး၊

ဒါကြောင့် ရောဂါအဆင့်၊ အခြေအနေ၊ လူနာပေါ်မူတည်ပြီး သက်တမ်းဘယ်လောက်နေနိုင်မလဲကွဲပြားပါတယ်။

မိမိမှာ ဦးနှောက်အကျိတ်ရောဂါခံစားနေရတာပဲဖြစ်ဖြစ်၊ ရောဂါလက္ခဏာတွေကဦးနှောက်အကျိတ်ရောဂါလက္ခဏာမျိုးနဲ့တူတယ်လို့ခံစားရရင်တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။

 

Dr.Phyu

Photo credit -freepik