【ဆောင်းပါး】“ ကိုယ့်အကြောင်းသာကိုယ်တွေးပါ ”

【ဆောင်းပါး】“ ကိုယ့်အကြောင်းသာကိုယ်တွေးပါ ”

“အဖေကလဲ သမီးပြောတာတော့သေချာနားမထောင်ဘူး”

“သူများအကြောင်းတွေငါနားမထောင်ချင်ဘူးအငယ်မ။ ငါ့အလုပ်နဲ့ငါတောင်မအားဘူး။ နင်လဲသူများအကြောင်းတွေသွားမစပ်စုနဲ့။ နင့်ဘဝရှေ့ရေးပဲနင်တွေး”

“သူများအကြောင်းမဟုတ်ဘူးအဖေရေ အဖေ့ချွေးမအကြောင်း”

“လျှာမရှည်နဲ့ အငယ်မ။ ငါသူတို့အကြောင်းစိတ်မဝင်စားဘူး။ သူတို့ကိစ္စရှိရင် လာပြောလိမ့်မယ် ဖုန်းဆက်ပြောလဲရတယ်။ အဲဒါဆိုရင် ငါလုပ်ပေးသင့်တာလုပ်ပေးမယ်။ ငါ့ကိုစာရင်းလာမရှုပ်နဲ့။ ငါ့ဘာငါတောင် အလုပ်မအားလို့ နားချိန်တောင်မရှိတာ သူတို့အကြောင်းစပ်စပ်စုစုမကြားချင်ဘူး သိလည်းမသိချင်ဘူး ဒါပဲ”

“အဖေကလဲ သမီးစကားကိုဖြင့်နားမထောင်သေးဘဲနဲ့။ ဖေ့စ်ဘုတ်မှာ အဖေ့ချွေးမက အဖေတို့ကို နှိပ်ကွပ် ထားတာအဖေသိရဲ့လား”

“ဟုတ်တယ်အဖေကြီးရေ ကျွန်မလည်းတွေ့တယ်”

“အမေကြီးကလဲ ကလေးတွေကြားထဲ ဝင်ပါနေပြန်ပြီ”

“ ကလေးတွေအကြောင်းမဟုတ်ဘူးရှင်ရေ လူကြီးတွေအကြောင်း။ ရှင်နဲ့ကျွန်မကို လူကြီးပြီး အချိန်မစီးဘူး ဘာညာနဲ့ ပို့စ်တင်ထားတာ။ ရှင်လည်းသိသားပဲ သူ ကလိမ်ကကျစ်လုပ်တတ်တာ”

“ဟုတ်တယ်လေ သူ့အကြောင်းသိနေလို့ကိုမပြောချင်တော့တာ။ ကိုယ့်သားကရှိသေးတယ်လေ။ ကိုယ့် အလုပ်ကိုသာကိုယ်လုပ်ပါအမေကြီးရယ်။ ပိုက်ဆံလေးဘာလေးစုထား။ သူတို့မှာ အရေးအကြောင်းရှိလာရင် ကိုယ်က မိဘပဲလေ အကူအညီပေးရမှာပေါ့။ ကျန်တာတွေဂရုစိုက်မနေနဲ့။ သူပြောတိုင်းသာ လိုက်ခံစားနေလို့ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာကို မဟုတ်ဘူး”

တစ်ဖက်အိမ်မှမုန့်ဟင်းခါးချက်ပြီးလာစားဖို့ခေါ်သဖြင့် သွားစားရင်း သူတို့မိသားစုစကားတွေ ကြားနေရခြင်းဖြစ်သည်။ သူတို့လင်မယားမှာ သားသမီးနှစ်ယောက်ရှိပြီး အကြီးကောင်က လွန်ခဲ့သည့် နှစ်ကအိမ်ထောင်ကျသွားပြီဖြစ်သည်။ အငယ်မကတော့ တက္ကသိုလ်တက်ရင်းကျောင်းပိတ်ထားသဖြင့် စတိုးဆိုင်တစ်ခုမှာ အရောင်းစာရေးမဝင်လုပ်နေသည်။

သားနှင့်ချွေးမသည် အိမ်ထောင်ကျခါစက မိဘများနှင့်အတူနေသော်လည်း ချွေးမဖြစ်သူက အိမ်သားများနှင့်မတည့်သဖြင့် သုံးလခန့်အကြာမှာပဲ မိဘအိမ်မှဆင်းသွားပြီး သား၏အလုပ်နှင့်နီးသော အိမ်ခန်းတစ်ခန်းမှာ ငှားနေကြသည်။ ချွေးမဖြစ်သူက ယောက္ခမများကို မကျေနပ်သဖြင့် ပတ်ဝန်းကျင်မှာ ယောက္ခမတွေမကောင်းကြောင်း သတင်းလွှင့်သည်။ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ယောက္ခမတွေ မကောင်းကြောင်း မကြာခဏ ပို့စ်တင်တတ်သည်။

အမေနှင့်သမီးတို့က မကျေမနပ်နှင့်တုံ့ပြန်ချင်သော်လည်း အဖေဖြစ်သူက ဘာမှမတုံ့ပြန်ရန် ပတ်ဝန်းကျင်ကိုလည်း ဘာမှမဖြေရှင်းရန် တင်းတင်းကျပ်ကျပ်မှာထားသည်။ အဖေဖြစ်သူက သူကိုယ်တိုင်လည်း ဘယ်သူ့ မကောင်းကြောင်းမှ မပြောတတ်သလို သူ့အကြောင်းမကောင်းပြောလျှင်လည်း ဂရုစိုက်တတ်သူမဟုတ်ပေ။

အများအားဖြင့်လူတွေက သူတို့တွေ ငါ့အကြောင်းဘာများပြောနေကြလဲ ငါ့ကိုကဲ့ရဲ့နေလား ငါ့ကို အပြစ်ပြောနေလားလို့တွေးပြီး မကျေမနပ်ဖြစ်တတ်သည်။ မလုံမလဲဖြစ်တတ်သည်။ ငါဒီလို ပြောလိုက်ရင်သူတို့ဘယ်လို ထင်မလဲတွေးကာ အားနာသလိုလို မာနထားသလိုလိုနှင့်မပြောရဲ မဆိုရဲ ဖြစ်တတ်သည်။ မပြောဖြစ် မဆိုဖြစ်နှင့် အချိန်တွေကုန်သွားတော့သည်။ တကယ်တော့ အချိန်တွေဖြုန်းတီးနေရုံသာမက သူများအကြောင်းတွေးရင်း အကုသိုလ်ယူနေခြင်းသာဖြစ်သည်။

သူများအကြောင်းတွေးနေမိသဖြင့် ကိုယ်လုပ်ရမည့်အလုပ်တွေ လစ်ဟင်းတာသာအဖတ်တင်သည်။ အချိန်တစ်ခုမှာ အတွေးတစ်ခုသာနေလို့ရပါသည်။ သူ့အကြောင်းတွေးနေရင် ကိုယ့်အကြောင်း မတွေးဖြစ်တော့ပါ။ သူ့ကိုအပြစ်တင်နေသည့်အတွက် ကိုယ့်အပြစ်ကိုပြန်မမြင်နိုင်တော့ပါ။ ကိုယ့် အပြစ်ကိုယ်မမြင်ခြင်းသည် အကြီးမားဆုံး ဆုံးရှုံးမှုကြီးဖြစ်လေသည်။

အကြောင်းတိုက်ဆိုင်လာ၍ ဓမ္မပဒဝတ္ထု ပုပ္ဖဝဂ်မှ ပါဝေယျကတက္ကတွန်းနှင့်သူကြွယ်မ အကြောင်းကို သတိရလိုက်သည်။

ဘုရားရှင်ပွင့်တော်မူစဉ် သာဝတ္ထိမြို့တော်တွင် တက္ကတွန်းကိုးကွယ်သော သူကြွယ်မ တစ်ယောက် ရှိ၏။ ထိုအချိန်က သာဝတ္ထိပြည်တွင် ဘုရားရှင်၏ ဇေတဝန်ကျောင်းတော်ရှိသကဲ့သို့ တက္ကတွန်းတို့၏ ကျောင်း တိုက်များ ပရိဗိုဇ်တို့၏ကျောင်းတိုက်များ အာဇီဝကတို့၏ကျောင်းတိုက်များလည်းရှိသည်။ ကောသလမင်းသည် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်အားလုံးနှင့် သင့်လျော်သလို ဆက်ဆံသူဖြစ်သောကြောင့် သာဝတ္ထိတွင်ဘာသာရေးဆိုင်ရာ ကျောင်းပေါင်းစုံရှိနေခြင်းဖြစ်သည်။

သူကြွယ်မသည် အိမ်နီးချင်းတို့ထံမှ ဘုရားရှင်နှင့်ဘုရားရှင်၏တရားတော်များအကြောင်း မကြာခဏကြားနေရသောကြောင့် မြတ်စွာဘုရားရှင်သီတင်းသုံးရာ ဇေတဝန်ကျောင်းသို့သွား၍ တရား နာရန်စိတ်ကူးမိ၏။ သို့သော်လည်း ပါဝေယျကတက္ကတွန်းက တားမြစ်သောကြောင့် မသွားဖြစ်ခဲ့ပေ။ ပါဝေယျကသည် သူကြွယ်မ၏အိမ်တွင်အမြဲဝင်ထွက်သွားလေနေပြီး သူမ၏သားအရင်းသဖွယ် သံယောဇဉ်ရှိသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်လည်း ဘုရားရှင်ထံတရားနာဖို့ သူမအကြိမ်ကြိုးစားသမျှ ပါဝေယျက၏ အကြိမ်ကြိမ်တားမြစ်မှုများကြောင့် မသွားဖြစ်ခဲ့ခြင်းဖြစ်သည်။

တစ်နေ့တွင် သူကြွယ်မသည် အကြံအစည်တစ်မျိုးပြောင်းကာ ဘုရားရှင်ကို အိမ်မှာပင့်ပြီး ဆွမ်းလည်းကပ် တရားလည်းနာရန်စီစဉ်သည်။ သည်တစ်ခါတော့ ပါဝေယျကကိုအသိမပေးတော့ဘဲ သူမ၏သားငယ်ကိုတာဝန်ပေးကာ ဘုရားရှင်ကိုဆွမ်းဖိတ်စေလိုက်သည်။ သားငယ်က တက္ကတွန်း ကျောင်းသို့သွားကာ ပါဝေယျကကိုဦးစွာအသိပေးလေသည်။

ပါဝေယျကကဘုရားရှင်ကိုသွားမပင့်ဘဲနေရန် ဘုရားရှင်ကိုကျွေးမည့်ထမင်းဟင်းတို့ကို သူတို့ နှစ်ယောက်အတူစားပစ်မည်ဟုပြောသည်။ သားငယ်က အမေကိုကြောက်သူဖြစ်၍ အမေခိုင်းတာကို မလုပ်ဘဲမနေရဲဘူးဟုပြောသည်။ ပါဝေယျကလည်း ဘုရားရှင်ကို သူတို့၏နေရပ်လိပ်စာမပေးဘဲ ပင့်ဖိတ်ရန်အကြံပေးသည်။ သားငယ်လည်း ပါဝေယျကပြောသည့်အတိုင်းပင် ဘုရားရှင်ထံသွား၍ ဆွမ်းပင့်ဖိတ်သော်လည်း သူတို့အိမ်လိပ်စာကို မပေးခဲ့ပေ။

သို့နှင့်ဘုရားရှင်ကိုဆွမ်းကပ်မည့်နေ့သို့ရောက်လာသည်။ ပါဝေယျကသည် ဘုရားရှင်မလာလျှင် ဘုရားရှင်အတွက်ဆွမ်းများကိုစားမည့်အကြံနှင့်ဘုရားရှင်ကိုဖိတ်ထားသည့်အချိန်ထက်စော၍ ရောက်နေ၏။ သူသည် ဘုရားရှင်ကို သူတို့လိုသာမန်လူတစ်ယောက်လို့ထင်ထားသည်မို့ ဘုရားရှင်သည်လိပ်စာမသိဘဲရောက်မလာနိုင်ဆိုပြီး အိမ်နောက်ဘက်အခန်းတွင်အေးအေးဆေးဆေးအနားယူ နေသည်။

ဖိတ်ထားသောအချိန်ရောက်သောအခါ ဘုရားရှင်သည်သူကြွယ်မ၏အိမ်သို့ကြွလာလေသည်။ သူကြွယ်မလည်းအားရဝမ်းသာကြိုဆို၍ နေရာထိုင်ခင်းများပေးကာ ဆွမ်းများကိုတလေးတစားကပ်လှူ လေသည်။ ဘုရားရှင်လည်း ဆွမ်းစားပြီးသည်နှင့်ဆွမ်းအနုမောဒနာတရားဟောကြားသည်။ တရားနာ ၍အပြီးတွင် သူကြွယ်မလည်း ဘုရားရှင်ကိုကြည်ညိုလေးစားစွာကန်တော့ပြီး ဝမ်းသာပီတိအပြည့်နှင့် သာဓု သာဓု သာဓုဟုခေါ်မိသည်။

သူကြွယ်မ၏သာဓုခေါ်သံကြားရသောအခါ ပါဝေယျကသည်များစွာစိတ်ပျက်အားငယ်သွား၏။ သူကြွယ်မသည်ဘုရားရှင်ကိုလွန်စွာယုံကြည်သွားပြီဖြစ်သည့်အတွက် သူ့အတွက်စားပေါက်ပိတ်သွား ပြီကိုသိရှိလိုက်ရသည်။ ထို့ကြောင့်စိတ်ပျက်အားငယ်ရာမှ ဒေါသတွေထွက်ကာ ဘုရားရှင်ကိုရော သူကြွယ်မကိုပါ ကြမ်းတမ်းသောစကားများနှင့်ဆဲဆိုကြိမ်းမောင်းကာ ထွက်သွားလေတော့သည်။ ထိုအခါသူကြွယ်မလည်း သူ့သားလိုသံယောဇဉ်ထားရသောပါဝေယျကသည် သူ့ကိုရော ဘုရားရှင် ကိုပါဆဲဆိုသွားသည့်အတွက် တရားပီတိတွေပျောက်ကာ အရှက်ကြီးရှက်သွားခဲ့သည်။

သားသမီးလိုသံယောဇဉ်ထားပြီး တရားရှိသူတရားသိသူအဖြစ်လေးလေးစားစားဆက်ဆံခဲ့တာ ကိုမှမထောက်ထားဘဲ ပြောရက်လေခြင်း ရိုင်းရက်လေခြင်းဟု တသသတွေးကာ တစိမ့်စိမ့်နာကြည်းမိ သည်။ သည်လိုရိုင်းစိုင်းသောသူမျိုးကို နှစ်ရှည်လများမိသားစုလိုသဘောထားမိခဲ့သည့် သူ့ကိုယ်သူ လည်း ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာရမိသည်။ သူကြွယ်မ၏စိတ်အာရုံတွင် ပါဝေယျကစကားသံ များ အမူအရာများသာလွှမ်းမိုးနေလေသည်။

ထိုအခါဘုရားရှင်က သူကြွယ်မကိုသတိပေးကာ တရားဒေသနာတစ်ပုဒ်ဟောကြားလိုက်၏။

            “န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။

အတ္တနောဝ အဝေက္ခယျ၊ ကတာနိ အ ကတာနိ စ”

“သူတစ်ပါးတို့၏ ကြမ်းတမ်းဝန်တို မလိုသော စကားတို့ကို နှလုံးမသွင်းအပ်။ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှုပြုမပြုကို မကြည့်ရှုမဆင်ခြင်ရာ။ မိမိ၏ ကောင်းမှုပြု မပြုကိုသာလျှင် ကြည့်ရှု ဆင်ခြင်ရာ၏။”

ဒေသနာအဆုံးတွင် သူကြွယ်မသည် ပါဝေယျကတက္ကတွန်း၏စိတ်ဓာတ်တွေ အဆဲအဆိုတွေ ရိုင်းစိုင်းသောအပြုအမူတွေကို ဥပေက္ခာပြုလိုက်ပြီး သူမ၏စိတ်ကိုဆင်ခြင်မိ၍တရားရကာ သောတပန် အရိယာဖြစ်သွားလေသည်။

သူကြွယ်မသည် ပထမက တရားမရှိသူနှင့်ပေါင်းသင်းမိသဖြင့် တရားမသိခဲ့ပေ။ တကယ်တရား ရှိသောဘုရားရှင်နှင့်တွေ့၍ တရားသိသွားသော်လည်း သူများအကြောင်း အတွေးထဲဝင်လာမိသဖြင့် တရားမဆင်ခြင်နိုင်ခဲ့ပေ။ ဘုရားရှင်က သတိပေးတော့မှ တရားအသိပြန်ဝင်လာကာ သူများကောင်း မကောင်း အကြောင်းတွေမတွေးတော့ဘဲ ကိုယ့်အကြောင်းကိုယ်တွေး ကိုယ့်တရားကိုယ်ဆင်ခြင်မိကာ အရိယာသူတော်စင်ဖြစ်ခဲ့လေသည်။

ထို့ကြောင့်ဘုရားရှင်ဟောကြားသကဲ့သို့ သူများကောင်းတာမကောင်းတာကို လိုက်ကြည့် လိုက်တွေးမနေဘဲ ကိုယ့်အကြောင်းကောင်းမကောင်းသာသတိထားပြီး ဆင်ခြင်တွေးခေါ်သင့်ပေသည်။

                                                                         ရိုက်မောင်း