【 ဆောင်းပါး 】ကားပေါ်တွင် အိပ်ငိုက်ခြင်း

【 ဆောင်းပါး 】ကားပေါ်တွင် အိပ်ငိုက်ခြင်း

လူတိုင်းက ကိုယ်ကိုယ်ကို သတိကြီးသူအဖြစ် ထင်ကြသည်။ငါက သတိကြီးတာ ငါကအမြဲသတိရှိတာ ငါကို ဘာမှ လုပ်လို့မရဘူးလို့ ထင်မှတ်ကြသည်။ ထိုအထဲ ကျနော်လည်း အပါအဝင်ဖြစ်သည်။ သို့သော် ထိုအထင်က အထင်သာဖြစ်သည်။ တကယ်မဟုတ်ပုံကို  ပြောပြဦးအံ။ ကျနော် သင်္ဃန်းကျွန်းဘက်သို့  စာသင်ရစဉ် ထိုအဖြစ်ကို ကြုံရခြင်းဖြစ်စည်။ ပြောရလျှင် ကျနော်က လိုင်းကားစီးတိုင်း အိပ်ငိုက်လေ့ရှိသည်။ ထိုစဉ်က ၁၉၉၀ ကျော် ကာလဖြစ်သဖြင့် သင်္ဃန်းကျွန်းစံပြစျေးသို့ သွားလိုလျှင် ကျနော်နေသည့် လှည်းတန်း မှ ၄၂ ဘတ်စ် ဘီအမ်ကို စီးကာ တာမွေဗလီထိပ်တွင် စီးပြီး ဒဂုံမြောက် ချက်ပလက်ဗိုက်ပူကို ထပ်စီးရသည်။ထိုတုန်းက ယခုလို ကားကြော သိပ်မကျပ်သေး။ သို့သော် စပယ်ယာတွေက လူစောင့်တင်၊ကားချင်းစောင့်ပြီး အပြိုင်မောင်းသဖြင့် ပုံမှန်ကြာချိန်ကို တွက်လို့မရ။ဒီတော့ အနည်းဆုံး တစ်နာရီတော့ အောက်ထစ် ကြာတတ် သဖြင့် အဆောင်ကနေ စထွက်သည့် အခါ တစ်နာရီခွဲအချိန်ယူပြီး စောထွက်ရသည်။ 
 
တစ်ရက်ကြတော့ ကျောင်းထိပ်မှတ်တိုင်တွင်  ၄၂ ဘီအမ်က ရပ်ထားပြီး တက္ကသိုလ်ထဲက ကျောင်းသားတွေ ထွက်အလာကိုစောင့်နေသည်။ ကျနော်က ဟာအတော်ပဲ ကားမစောင့်ရတော့ဘူးဟု စိတ်ကတွေးကာ ကားပေါ်ဝမ်းသားအားရတက်လိုက်သည်။ စပယ်ယာက ကားပေါ်ကျနော်စတက်ကတည်းက မြန်ချင်ရင် တခြားကား စီး၊ လူစောင့်တာကြာမှာဟု ပြောသဖြင့် အနောက်ဘက် ခပ်ကျကျနေရာတစ်ခုကိုရွေးကာ ဟိုငေး ဒီငေးနှင့် တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်ကို ငေးနေမိသည်။ ဒီလမ်းတွေက ကျနော်တို့ ကျောင်းတက်စဉ်ရော ထိုစဉ်က နေခဲ့သည်က လှည်းတန်းတစ်၀ိုက်မှာ လှည့်လည်နေခဲ့သဖြင့် နေ့ရောညပါ ခြေချခဲ့သည့်နေရာတွေ ဖြစ်သည်။ ကျောင်းလမ်းမှတ်တိုင် တက္ကသိုလ်ဆေးရုံဘေးကနေဝင်ရသည့် သထုံလမ်းတွင် သစ်တိုပင်ကြီးတွေရှိသည့် တက္ကသိုလ်ဘောလုံးကွင်းတွေရှိသည်။ ရံဖန်ရံခါ သစ်တို့ပင်မှ အသီးကို အောက်ကနေ သစ်ကိုင်းခြောက် ဖိနပ်တို့ဖြင့် ပစ်ကာ သူငယ်ချင်းဆီမှာ သစ်တို့သီးငပိချက်တွေ ချက်စားကြသည်။ ကျောင်းပြီးသော်လည်း တက္ကသိုလ်အရိပ်ကနေ ကျနော်တို့ခေတ်ကလူတွေ တော်ရုံတန်ရုံနှင့် မခွဲခွာကြ။ တစ်ပတ်တစ်ခေါက်တော့ တက္ကသိုလ်ထဲရောက်သလို တစ်ခါတရံ သူငယ်ချင်းတွေနှင့် ချိန်းလျှင်တောင် စနေ၊တနင်္ဂနွေဆို ကျောင်းထဲက လဘက်ရည်ဆိုင်တွေမှာသာ ချိန်းလေ့ရှိသည်။
 
တောင်ငူဆောင်ဘေးက စားသောက်ဆိုင်တန်းမှာ ဆုံကြတာများသလို ညနေဘက်ဆို လှည်းတန်းက ပန်းအိမှာ ဆုံကြသည်။ ထိုအကြောင်းတွေကို တွေးရင်းအခုဘယ်သူတွေ ဘယ်ကိုရောက်နေကြပြီလဲတွေးရင်း ဘတ်စ်ကားက စထွက်လာသည်။ ကျောင်းလမ်း၊ UFL ကနေ ရန်ကင်း။ ကျနော်ဘေးမှာ ဝင်ထိုင်သူ၊ပြန်ထသွားသူနှင့်။ ကျနော်လွယ်အိတ်ကို လွယ်ထားရင်းလက်ကပိုက်ကာ သတိထားနေရင်းကြားက ငိုက်ကနဲ့ ဖြစ်ကာ လက်ကတစ်ခုခုနှင့်ခြစ်မိပြီး လန့်နှိုးသလို ဖြစ်သွားသည်။ ကားက စျေးကွေ့ကို ကျော်ပြီး ဦးချစ်မောင်လမ်းပေါ် ရောက်နေပြီ။ လက်မှာသွေးစို့သည့်အထိ ဖြစ်ရအောင်  ကျနော်ဘေးမှာ ထိုင်နေသည့်လူငယ်၏  သူလက်မှာ ပတ်ထားသည့် နာရီနှင့်လား၊ ဒါမှ မဟုတ် သူကျောပိုးအိတ်ထဲက အချွန်နှင့် ထိမိပြီး စူးမိတာလားမသိ။ သို့သော် ထိုလူငယ်ကတော့ ဘာမှမသိသလို။ 
 
ကျနော်စိတ်ထဲ ဒီလူငယ်ရိုင်းလှချည်လားဟု တွေးမိသည်။ထိုသူငယ်၏ပုံက သင်တန်းတစ်ခုခုတက်နေသည့် သူတစ်ယောက်လို့ ခေတ်ဆန်ဆန် ဆံပင်က ရှည်ရှည်ဖြင့် ဘာကိုမှ ဂရုမစိုက်သည့်ပုံစံ ကားနောက် ကျော ကိုမှီကာ မျက်စိကို မှိတ်ထားသဖြင့်ကျနော်လည်း ဘာမှ အရှည်ဆက်မဖြစ်ချင်သဖြင့် ကိုယ်ဆင်းရမည့်နေရာတွင် ဆင်းလိုက်သည်။ သို့သော် ကျနော်လက်က စပ်ဖျင်းဖျင်းဖြင့်။ နောက် ပြောင်းစီးရမည့် ကားတစ်စီးသို့ ရောက်မှ ကျနော်လွယ်အိတ်မှာ ခွဲခံထားရတာကိုတွေ့ရသည်။ သတိထားရင်းမှ လွယ်အိတ်အခွဲခံလိုက်ရသည်။ လွယ်အိတ်ထဲက  ဘာမှပါမသွားသော်လည်း ကျောင်းတက်စဉ်တစ်လျှောက်လုံးလွယ်ခဲ့သည့် ကချင်လွယ်အိတ်မှာ အောက်တစ်ခုလုံးပွင့်ထွက်သွားသည်။စိတ်ထဲ အတော်လေးနှမြောသလို ကိုယ်ဘေးနားလာထိုင်ပြီး အိပ်ငိုက်နေသလိုလိုနှင့် ကိုယ်တစ်ချက်သတိအလွတ်မှာ လွယ်အိတ်ခွဲသွားသည့် ထိုလူငယ် ကိုယ်ဆီက ဘာမှ မပါသွားတာဘဲ ကျေးဇူးတင်ရမလား၊ စာသင်ဖို့ စာအုပ်သာထည့်လာတတ်သည့် ကိုယ်ကိုယ်ကို ကျေးဇူးတင်ရမလားဆိုတာ ။
 
နောက်တစ်ခေါက်ကျတော့ ၄၅ ဘတ်စ်ကားပေါ်မှာ။ ထိုအခါကျတော့ ဖြစ်တာ တစ်မျိုး။ ထို့နေ့ညနေက သမ္မတဟိုတယ်ဘေးက အရက်ဆိုင်တွင် သူငယ်ချင်းနှင့်တွေ့ပြီး အရက်သောက်ကာ မြို့တော်ခန်းမဘေးကနေ ၄၅ ကားစီးကာ အိမ်ပြန်ရင်း ဖြစ်ခြင်းဖြစ်သည်။ ကျနော်နှင့်အတူ သူငယ်ချင်းလည်း ပါလာသည်။ ထိုနေ့က မှတ်မှတ်ရရ တန်ဆာင်မုန်းလပြည်ကျော်တစ်ရက်လား နှစ်ရက်လားမသိ။ ကားပြတင်းပေါက်ကနေ ကြည့်သည့်အခါ လမင်းကို ပြည့်ပြည့်၀၀မြင်ရတာတော့သိသည်။ ညဘက် ၉ နာရီလည်း ကျော်နေသဖြင့် ကားပေါ်မှာ လူကလည်းရှင်းသလို ကားမောင်းသမားကလည်း မြန်မြန်မောင်းသဖြင့် လေတိုးကာ တကယ်ကို ဇိမ်ပင်။ ဒီတွင် ဗီဇက ပြလာသည်။ ကားဘောင်ကို မှီပြီး မြေနီကုန်းလောက်ကနေ အိပ်မိလိုက်တာ ခဏသာကြာသည့် လှည်းတန်းကိုကျော်ပြီး ဒညင်းကုန်းထိ ပါသွားသည်။ ကားဆရာကလည်း ဒညင်းကုန်းမှာ ဂိတ်ထိုးမှ ကျနော်တို့ နှစ်ယောက်ကို တွေ့ပြီး ဆင်းခိုင်းရသည်။ထိုညက ကားပေါ် ဘယ်လိုအိပ်မိသွားမှန်းတောင်မသိ။ နောက် သူငယ်ချင်း ပိုက်ဆံအိတ်ကော ကျနော်ခါး က ထိုးထားသည့် ပိုက်ဆံအိတ်ပါ ဘယ်အချိန်ပါသွားမှန်းမသိ။ ထိုအကြောင်းသူငယ်ချင်းတွေ ဆုံတိုင်းပြောလို့ မဆုံးသည့် ဖြစ်ရပ်ပင်။ တကယ်က  သတိမေ့လျော့ပေ့ါဆခြင်းကြောင့် ကြုံရသည့်အဖြစ်တွေပင်။ 
 
ကျနော်အကျင့်က ဘယ်လိုဘဲ သတိထားသည်ဖြစ်စေ ကားကြာကြာစီးသည့်အခါ အိပ်ငိုက်တတ်သည်။ ပြင်လို့လဲမရ။သတိထားနေသည့်ကြားမှ ငိုက်တတ်သည်။ တကယ်တော့ ကားပေါ်မှာ အိပ်ငိုက်ရသည့် အရသာက ဘယ်လိုဆိုတာ အပ်ငိုက်ခြင်းဋီကာခင်းရမလို ဖြစ် သည်။ ယခုလို ခေတ်မီကားတွေသုံးနေသည့် ခေတ်တွင် ကားပေါ်မှ လေတဖြူးဖြူး နှင့် ငိုက်ရတာ ဘယ်လောက်ကောင်းလဲဆိုတာ သိပ်သိကြမည်မဟုတ်။ ဘာကြောင့်ဆို ယနေ့ခေတ်တွင် ဘတ်စ်ကားတွေက ခေတ်မီ ကားတွေ ဖြစ်လာသလို ကားအများစုမှာ  အဲကွန်းတွေ ပါလာပြီ ဖြစ်သည်။ ဒီတော့ ဘတ်စ်ကားတံခါးတွေ ပိတ်ပြီးစီးကြသလို ဘယ်လောက်ကြာကြာစီးစီး အအေးဓာတ်ကြောင့် အိပ်ငိုက်ရတာလည်း အရသာမရှိတော့။ 
 
ကျနော်တို့တုန်းက ဆိုလျှင် ချက်ပလက် ဗိုက်ပူတွေမှာ ခလယ်ထိုင်ခုံ ပြတင်းပေါက် ဘေးရပြီး ကိုယ်ဘေးနားမှာ အသိတစ်ယောက်သာပါသည် ဆိုပါက စိတ်တိုင်းကျငိုက်ပေတော့။ ကားထဲ လေတဖြူးဖြူး လှုပ်တုပ်လှုပ်တုပ်ဖြင့် ကားစီးရသည်မှာ လူကိုချော့သိပ်နေသလိုပင်။ ထိုသို့ ကားစီးကာ အိပ်ငိုက်ကောင်းလို့ အိပ်ပျော်ကာ မှတ်တိုင်ကျော်သွားတာတွေ လူတိုင်းတခါမဟုတ် တခါကြုံဘူးကြရမည် ဖြစ်သည်။ သို့သော် ပြန်ထုတ်ပြောဖို့ကြ ပြောဖြစ်ကြမည်မဟုတ်။ စိတ်ထဲကတော့ အဲဒီတစ်ခေါက်လောက် အိပ်ကောင်းတာမရှိဘူးဟု တွေးမိကြမှာ တော့ အမှန်။ 
 
ခရီးဝေးသွားသည့်အခါ ယခင်က ကားတွေမှာ ယခုလို အဲကွန်းတွေ မပါ။ အညာဘက်ဘဲသွားသွား မော်လမြိုင် ထားဝယ်ဘဲသွားသွား ကားစက်သံတအီအီဖြင့် ဟိုငေးဒီငေးရင်း ကားစီးရသည့်အရသာက ယခုပြန်တွေးရသည့်အခါ လွမ်းဆွတ်ဖွယ်ကောင်းသည်။ ဖျော်ဖြေရေးနည်းသည့် ကျနော်တို့ခေတ်တွင် ခရီးသွားခြင်းက ထိပ်တန်း ဇိမ်ခံနည်းဖြစ်သလို  ကျနော်တို့အတွက် ကားလိုက်စီးရခြင်းကလည်း ဇိမ်ခံနည်းတစ်မျိုးပင် ဖြစ်သည်။ ကားလိုင်းတစ်ခုတွင် အဲကွန်းတွေဖြင့် စပြေးဆွဲစဉ် ကားလိုက်စီးသည့်လူတွေ ရှိသလို မကြာသေးသည့်ကာလအထိ ရန်ကုန်မြို့ပတ်ပြီး ကားစီးသည်သူတွေ မိသားစုလိုက် မြို့ပတ်ရထားလိုက်စီးသည့်လူတွေ ရှိခဲ့သေးသည်။ ဒီလို ကားစီးတာကို ဇိမ်ခံခြင်းအဖြစ် သတ်မှတ်ရသည့် နိုင်ငံတွင် ကားစီးပြီး အိပ်ငိုက်ရခြင်းက ဘာပဲပြောပြော  ဘယ်လောက်တောင် ဇိမ်ကျသလဲဆိုတာ အိပ်ငိုက်ဘူးတွေသာ သိလိမ့်မည်။
 
ကျနော်ကတော့ ထိုခေတ်တွင် ကျင်လည်ခဲ့ရသူဖြစ်ရာ လိုင်းကားစီးပြီး ဟိုဟိုဒီဒီသွားရသည့်အခါတိုင်း ချက်ပလက်ဗိုက်ပူတွေကိုသာ စောင့်စီးလေ့ရှိသည်။ တစ်ခါတစ်လေ ဘီအမ်။ ကြုံသည့်နေရာတွင် အချိန်ရပါက ရသလို အိပ်ငိုက်မိသည်။ အိပ်ငိုက်သည်ဆိုသည်က ပြောတော့သာလွယ်သည်။ တစ်ခါမှ အိပ်ငိုက်ဘူးခြင်းမရှိသူအဖို့ ဒီလိုကားပေါ် ရထားပေါ် ခရီးဝေးသွားသည့်အခါ တစ်ယောက်တည်းငေါင်စင်းစင်းဖြစ်နေတတ်သည်။ တကယ်က အိပ်ငိုက်တတ်သည်ဆိုသည်မှာ ခရီးသွားရခြင်းများသည့် လူတွေ၏ အမှတ်လက္ခဏာတစ်ခုအဖြစ်ပင် ဆိုနိုင်သည်။ သို့သော် ယနေ့ခေတ်တွင်တော့ ဘယ်ကိုပဲသွားသွား သတိနှင့် သွားမှ ရမည့်ခေတ်ကိုရောက်နေသဖြင့် အစောက ဆိုခဲ့သည့် အမှုမှတ်အမှတ်မဲ့နေထိုင်ခြင်းတွေက ကိုယ်အတွက်အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်စေသည့်လုပ်ရပ်တွေပင် ဖြစ်သည်။ 
 
သတိကြီးခြင်းသည့် ကောင်းသည့်လက္ခဏာတစ်ရပ်ဖြစ်သည်။ ထိုသတိကြီးခြင်း၏ ဆန့်ကျင်ဘက်မှ ပေါ့ဆ မေ့လျော့ခြင်းဖြစ်သည်။လူဆိုတာ လျော့တိလျော့တော့ ကိုယ်နေထိုင်တတ်သလို နေထိုင်ကြတာ ဓမ္မတာပင် ဖြစ်သည်။ အရာရာသတိကြီးနေပါက နေရထိုင်ရသည်မှာ လူတွေအတွက် သိပ်အဆင်မပြေလှ။ လူသဘာ၀အရ လိုက်လျောညီထွေစွာနေထိုင်မှ ဘယ်နေရာမဆို အံဝင်ခွင်ကျ နေလို့ထိုင်လို့ရမည် ဖြစ်သည်။ ခရီးသွားသည့်အခါ တချို့က မိမိနေ့စဉ်နေထိုင်မှုကို သွားသည့်ခရီးစဉ်တစ်လျှောက် ယူသွားကြသည်။ တချို့ကတော့ မိမိရောက်သည့် နေရာနှင့် အံဝင်ခွင်ကျနေကြသည်။ ခရီးတစ်ခုသွားတိုင်း ပြင်ရဆင်ရကြောင့်ကြရသည့် ခရီးသွားမျိုးနှင့် ငေါက်ကနဲထကာ သွားခြင်သည့်ခရီးသွားမျိုးဆို ဘယ်ခရီးသွားမျိုးကို လူတိုင်းခေါ်ချင်ကြမလဲဆိုတာ မေးကြည့် စရာမလို။ငေါက်ကနဲ့ ထလိုက်နိုင်သည့်ခရီးသွားမျိုးသာ လူတိုင်းက ခေါ်ချင်ကြသည်။ 
 
လူဘ၀ဆိုတာ ခရီးသွားခြင်းပင် ဖြစ်သည်။ သတိဖြင့် ခရီးသွားသည့်သူတွေက ကိုယ်ရောက်ချင်သည့် နေရာကို သတိဖြင့်ချဉ်းကပ်ပြီး အန္တရာယ်အနည်းဆုံးဖြစ်အောင် ဘ၀ခရီးကို သွားတတ်ကြပြီး ကျနော်တို့လို သက်သောင့် သက်သာဘ၀ကို ဖြတ်သန်းသွားလာသည့်သူတွေက ကားပေါ်ရရင်ရသလို အိပ်ငိုက်ပြီးသွားကြပြီး ကြုံလာနိုင်သည့် အန္တရာယ်ကို မရှောင်နိုင်ကြ။ ကံကို စီရင်လို့ရသည်ဆိုလျှင် မငေးဘဲ အိပ်မငိုက်ဘဲ ဘ၀ကို ခရီးသွားချင် ပါသည်။သို့သော် ကံဆိုတာ ကိုယ်က စီရင်လို့မရသည့်အခါ ဘ၀ကို သတိနှင့် သွားချင်းက ကိုယ်အတွက် အထိုက်အလျှောက် အထောက်အကူဖြစ်သည်ကို ယနေ့ခေတ်တွင် မြင်နေရပြီ ဖြစ်သည်။
 
သေချာသည်ကတော့ ဖြတ်သန်းခဲ့ရသည့် နှစ်ခြောက်ဆယ်ခရီးတွင် ဘ၀ကို အိပ်ငိုက်ပြီး ဖြတ်သန်းခဲ့ကြပါလားဆိုတာ တွေးမိသည်။ ခရီးစဉ်တစ်လျှောက် ဘ၀ခရီးတစ်လျှောက် ကျနော်တို့ဆီက ဘာပါသွားလဲ ကျနော်တို့ ဘာတွေမှတ်သားမိခဲ့သလဲဆိုတာ မမှတ်မိလေတော့။  
 
ဆရာကျော်