【 ဆောင်းပါး 】 ဘီလူးကျွန်းသား လောင်းကစား

【 ဆောင်းပါး 】 ဘီလူးကျွန်းသား လောင်းကစား

ကျနော်တို့ ဘီလူးကျွန်းတွင် ရှေးယခင်ကတည်းကစလို့ ကြံကြံဖန်ဖန် အလောင်းအစားများရှိခဲ့သည်။ဘယ်လိုလောင်းကြတာလဲဆိုတော့ လူ၊ လူချင်း ဆတူအပြေးပြိုင်သည်။အကျောပေးကာ အပြေးပြိုင်သည်။ပြီးတော့ တစ်ယောက်ကပြေးပြီး တခြားတစ်ယောက်က စက်ဘီးနင်းကာ ပြိုင်ကြသည်။လောင်းကြေးမှာ သူ့ခေတ်အခါလိုက် မနည်း။
 
ကျနော့်အဖေဘက်က အဘိုးလေးတစ်ဦးရှိသည်။ဘီလူးကျွန်း၊ ကွမ်သဲရွာအဆုံး၊ မရမ်းရွာထဲသို့အဝင်ထိပ်တွင်နေသည်။သူ့နာမည်မှာ ဦးရီဖြစ်ပြီး ကျနော့်အဘိုး၏တစ်ဝမ်းကွဲညီမို့ ကျနော်တို့က အဘိုးရီဟုခေါ် သည်။အဘိုးရီ၏ သက်မွေးဝမ်းကျောင်းအလုပ်မှာ စက်ဘီးပြင်ခြင်းဖြစ်သည်။ပြောရလျှင် စက်ဘီးပြင်ဆရာ။အင်္ဂလိပ်ခေတ်၊ ဘီလူးကျွန်းတစ်ရွာလျှင် စက်ဘီးတစ်စီးရှိ ကံကောင်းဆိုသည့်ကာလတွင် စက်ဘီးပြင်ဆရာဆိုသည်မှာ အင်မတန်ဂုဏ်ရှိသောအလုပ်ဖြစ်သည်။
 
စက်ဘီးပြင်ပညာကို အဘိုးရီ ဘယ်မှာသွားသင်ကာ တတ်မြောက်ခဲ့သလဲမသိ။သူအိမ်ထောင်မကျခင် လူငယ်ဘ၀ကတည်းက စက်ဘီးအိတ်စပတ်ဟု မှတ်သားခဲ့ရဖူးသည်။အဘိုးရီက စက်ဘီးတင် ပြင်တတ်တာမဟုတ်။စက်ဘီးကို အမြန်နင်းသည့်နေရာမှာလည်း ဘီလူးကျွန်း တောင်ဘက်ခြမ်းတွင် ဆရာတစ်ဆူ။ထို့ကြောင့် အဘိုးရီနှင့် စက်ဘီးပြိုင်နင်းဝံ့သူမရှိ။
 
တစ်ခါက မုရစ်ကလေးရွာ အပြေးချန်ပီယံနှင့် ဈေးတည့်သဖြင့် သွားပြိုင်သည်။စက်ဘီးသမားက အပြေးသမားကို အကျောပေးကာပြိုင်သည့် အလောင်းအစားပွဲဖြစ်သည်။ငွေကြေးလောင်းကစားပါသဖြင့် တရားမဝင်သော်လည်း တရားဝင်သဖွယ် မုရစ်ကလေးရွာထဲတွင် ပေါ်ပေါ်ထင်ထင်ကျင်းပခြင်းဖြစ်သည်။
 
ထိုသို့သောပွဲမျိုးဆို ရွာခံပရိသတ်ကများသည်။သူများရွာတွင် သွားပြိုင်ရသည်မှာ လွယ်တာမဟုတ်။အခန့်မသင့်လျှင် အုပ်စုလိုက်ရန်ပွဲကရှိတတ်သဖြင့် ကိုယ့်ဘက်ကလည်း နည်းနည်းအုပ်စုတောင့်ပြီး 'ဇ' ရှိသူများလည်းပါဦးမှ။ပြီးတော့ မုရစ်ကလေးရွာတွင် ကျနော်တို့အမျိုးများလည်းရှိသဖြင့် သွားပြိုင်ခြင်းဖြစ်သည်။
 
သူတို့ပြိုင်ပွဲက ရွာကိုပတ်ခြင်းဖြစ်သည်။ရွာဘယ်နှစ်ပတ်ပြိုင်ပွဲလဲတော့မသိ။ပွဲအလယ်လောက်ရောက်တော့ မတိမ်းမယိမ်းဖြစ်လာသည်နှင့်အမျှ အားပေးကြမ်းလာသည်။ပန်းဝင်ခါနီးတွင် စက်ဘီးသမားက ဓာတ်မီးတိုင်တစ်တိုင်စာမက ကျောသွားခဲ့ရာ ပန်းတိုင်နားသို့အရောက် မုရစ်ကလေးရွာသားတစ်ဦးက စက်ဘီးထဲ တုတ်ထိုးထည့်လိုက်သဖြင့် အဘိုးရီကျွမ်းပစ်သွားတော့သည်။
 
တုတ်ထိုးထည့်သူကို အဘိုးရီ၏ ဝမ်းကွဲအစ်ကို ကျနော့်အဘိုး ဦးထွန်းလွင် က ပြေးရိုက်သဖြင့် ပြိုင်ပွဲပျက်သွားကာ အပြန်အလှန်ရိုက်ပွဲဖြစ်သွားတော့ကြောင်း သိရသည်။ကျနော်တို့ရပ်ရွာများတွင် ရွာစိတ်ရွာမာန်ကပြင်းသဖြင့် ထိုသို့ရန်ပွဲများလည်းရှိတတ်သည်။ကျနော်ငယ်ငယ်က တရားဝင်ကျင်းပသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု ဘောလုံးပြိုင်ပွဲများဆိုလျှင်လည်း ဘောလုံးကွင်းထဲ ကစားသမားချင်းငြိကြရာမှ ပွဲကြည့်ပရိသတ်ချင်းဖြစ်ကြသည့် ရန်ပွဲတို့သည်မနည်း။ဝှက်ယူလာသော တုတ်နှင့် လေးခွတို့ ပလူပျံလို့။ထားတော့။
 
ကျနော့်အဘိုးဘက် အမျိုးတို့သည် လောင်းကစားစိတ်ရှိကြပုံရသည်။ကျနော့်အဘိုးမှာ ဖဲရိုက်တာတို့ အနီထောင်လောင်းတာတို့ကို ဝါသနာမပါသော်လည်း ပြေးပွဲပြိုင်ပွဲများတွင်မူ နည်းနည်းပါးပါးလောင်းလိုက်ရမှ ကျေနပ်ပုံရသည်။
 
‘ငါတို့ညီအစ်ကိုတွေဆုံရင် ဖဲရိုက်ကြတာပဲ။ငါတို့ညီအစ်ကိုတွေထဲ လောင်းကစားမလုပ်တာ မင်းအဖေတစ်ယောက်တည်းရှိတယ်’ဟု အဖေ့ညီဝမ်းကွဲတစ်ဦးက ဆိုသည်။
 
ကျနော့်အဖေမှာ သူ့အမေဘက်သွေး ပိုများလို့လားမသိ။အရက်မသောက်။လောင်းကစားမလုပ်။အဖေနှင့်တွဲဘက်မှာ ကျနော့်အဘွားဘက်ခြမ်းက သူ့ညီဝမ်းကွဲ ဦးအေးကြူ။ကျနော်တို့က ဦးငယ်အေးကြူဟု ခေါ်သည်။ဦးငယ်အေးကြူသည် လယ်သမားဘဝမှသည် စပါးဝယ်ရောင်း၊ ထို့နောက် ဆန်ကြိတ်စက်အသေးတွေ ဘာတွေ ပိုင်သည်အထိ ကြီးပွားခဲ့သော်လည်း မည်သည့်လောင်းကစားကိုမှမလုပ်၊ သူ့လျှာပေါ် အရက်၊ ဘီယာ တစ်စက်မတင်ဖူး။ယနေ့ထိတိုင် မရမ်းရွာတွင်နေထိုင်နေသူ၊ ရာသက်ပန် ဒေါင်ဒေါင်မြည် ဘီလူးကျွန်းသားကြီး။
 
သို့သော်၊ သူသည် လယ်တွေနွားတွေနဲ့ ကြီးပြင်းလာသူမို့ ငွေမလောင်းသည့်တိုင် နွားလှည်းပြိုင်ပွဲတို့ နွားဝှေ့ပြိုင်ပွဲတို့ကို ကြိုက်သည်။ကျနော့်အဘွား၏ မောင်ဆိုလျှင်လည်း သူကိုယ်တိုင် ပြိုင်နွားမွေးသည်အထိ ဝါသနာကြီးသည်။ကျနော်ငယ်စဉ်ဘ၀ မဆလခေတ်တုန်းက တောင်သူလယ်သမားနေ့ရောက်လျှင် နွားလှည်းပြိုင်ပွဲ ကျင်းပလေ့ရှိသည်။ထိုပြိုင်ပွဲဆို ကျနော်တို့တောသားများ အုံးအုံးထလို့။အစိုးရက တရားဝင်ကျင်းပသည့် ပြိုင်ပွဲဖြစ်သော်လည်း ကိုယ့်ဘာသာကြိတ်လောင်းကြသည့် ငွေကြေးအလောင်းအစားမနည်းလှ။
 
လောင်းကြေးအများဆုံးမှာ နွားဝှေ့ပြိုင်ပွဲဖြစ်သည်။ကြက်ဝိုင်းထက်ပင် ပိုကြေးကြီးကာ သိန်းရာနှင့်ချီ လောင်းကြသည်။နွားဝှေ့ပြိုင်ပွဲမှာ တရားဝင်မဟုတ်သဖြင့် မြို့တွေရွာတွေနှင့်လှမ်းသော လယ်ကွင်းကဲ့သို့ အပြန့်ကျယ်သည့်နေရာတို့၌  ကျင်းပလေ့ရှိသည်။
 
သက္ကရာဇ် ၂၀၀၀ ၀န်းကျင်က ကျနော်တို့ဆွေမျိုးတစ်ဦးတွင် တိုက်နွားတစ်ကောင်ရှိသည်။မြင်ရုံနှင့် ဖြုံချင်စရာ ထောင်ထောင်မောင်းမောင်း။ပြောရလျှင် မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းတို့လို အဆစ်အပေါက်မျိုး။နေ့စဉ် ဖီးကြမ်းဌက်ပျောသီးကျွေးရသည်။ကြက်ဥအစိမ်းတိုက်ရသည်။ခြင်မကိုက်အောင် ခြင်ထောင်ဖြင့်သိပ်ရသည်တဲ့။
 
သာမန်လူထက်ပင် အဆင့်အတန်းမြင့်သည့် နွား။ငယ်မွေးခြံပေါက် နွားမကြီးကမွေးသော နွားဖြစ်၍ နွားပိုင်ရှင်ကံကောင်းလွန်းလှသည်။ထိုနွားကိုမြင်သမျှ လူတိုင်းနီးပါးက နွားအကြောင်းမေးလေ့ရှိသဖြင့် ကျနော်တို့တောတွင် သိပ်မျက်နှာပွင့်သည်။
 
ပို၍ကံကောင်းချင်တော့ ထိုနွားက တော်တော်လုပ်ကျွေးခဲ့သည်။တိုက်လိုက်တိုင်း အနိုင်ဆိုတာချည်း။ဘီလူးကျွန်းတွင် ပြိုင်ဘက်မရှိတော့သဖြင့် လှေကြီးတစ်စီးပေါ် နွားကိုလည်းတင်၊ နွားသခင်နှင့်လိုက် လောင်းမည့်သူများလိုက်ပါကာ သထုံဘက်တကြောအထိ လိုက်ပြိုင်ခဲ့သည်။အရှုံးမရှိ။အနိုင်များများ၊ အနည်းငယ်မျှသာ သရေ။
 
‘နောက်ပိုင်း ပြိုင်ဘက်မရှိတော့လို့ မပြိုင်ရတော့ဘဲ တဖြည်းဖြည်းအိုသွားတာ’ ဟု ကျနော့် ဦးငယ်က ပြောပြသည်။ကျနော်က နွားဝှေ့ပြိုင်ပွဲကို မမြင်ဖူးသော်လည်း ထိုတိုက်နွားကိုမူ မြင်ခဲ့ဖူးသည်။မြင်ရုံဖြင့် ကြောက်မိသဖြင့် သူ့သခင်အနားမှာရှိသည့်တိုင် အနားမကပ်ဝံ့။
 
ယခု ဘီလူးကျွန်းတွင် နွားလှည်းပြိုင်ပွဲနှင့် နွားဝှေ့ပြိုင်ပွဲတို့မရှိတာ အတန်ကြာပြီဟု ကျနော့် ဦးငယ်က ဆက်ပြောသည်။ဘာ့ကြောင့်မရှိတော့တာလဲဟုမေးကြည့်တော့ ‘အလွယ်တကူ လောင်းစရာများလာတာနဲ့လည်း ဆိုင်မယ်ထင်တယ်။ ၂ လုံး၊ ၃ လုံးတို့။ဘောလုံးလောင်းတာတို့။ပြီးတော့ ယေကျာ်းလေးတော်တော်များများ ရှမ်းကမ်း (ထိုင်း) သွား အလုပ်လုပ်ကြတာလည်းပါမယ်’ ဟု ဦးငယ်က သူ့ထင်မြင်ချက်ပေးသည်။
 
ဦးငယ်ပြောသည့် ထင်မြင်ချက်အပြင် လူနှင့် နွားကြား ဆက်ဆံရေး နည်းနည်းဝေးသွားတာနဲ့လည်းဆိုင်မလားဟု ကျနော်ဆက်တွေးကြည့်မိသည်။အရင့်အရင်တုန်းက ကျနော်တို့ လယ်သမားမိသားစုတို့တွင် နွားဆိုသည်မှာ ခိုင်းစရာတိရစ္ဆာန်တစ်ကောင်ထက်ပိုကာ မိသားစုဝင်ပမာ သံယောဇဉ်ရှိကြသည်။ကျနော့်အဘွားဆိုလျှင် နွားကို သူ့လယ်ယာလုပ်ငန်းအောင်မြင်အောင် ကူညီပေးနေသည့် ကျေးဇူးရှင်ဟု ယူဆကာ နွားသား (အမဲသား) လုံးဝမစား။ရှေးနှစ်အလီလီကြာ ကျေးလက်ပြည်သူတို့နှင့် နွားကြား ဆက်ဆံရေးမှာ ထိုသို့ထဲထဲဝင်ဝင် ပတ်သက်ခဲ့ကြသည်။
 
ဒီဘက်နှစ်များရောက်တော့ နွား၏နေရာတွင် နွားထက် ပိုအလုပ်လုပ်နိုင်စွမ်းသော လယ်ယာသုံးစက်ကိရိယာများက ဝင်လာခဲ့ပြီ။ထို့ကြောင့်နွား၏အသုံးဝင်မှုမှာ တဖြည်းဖြည်းနောက်ဆုတ်လာခဲ့သည်နှင့်အမျှ လူနှင့် နွားကြား ဆက်ဆံရေး ကျဲလာခဲ့သည်။ယင်းအပေါ် အခြေခံကာ နွားနှင့်ပတ်သက်သည့်ပြိုင်ပွဲများကိုလည်း မျိုးဆက်သစ်တို့က စိတ်ဝင်စားမှုနည်းလာပုံရသည်။ပြီးတော့ ကျနော်တို့စိတ်အပန်းဖြေစရာ ဖျော်ဖြေရေးမီဒီယာများလာတာလည်း ပါမည်ဟုထင်သည်။ထားတော့။
 
‘နွားပြိုင်ပွဲတွေသာမရှိတော့တာ ပိုက်ဆံကြေး ဂေါ်လီရိုက်တဲ့ကလေးတွေတော့ရှိတုန်းပဲ’ ဟု ဦးငယ်ကဆိုလေတော့ ကျနော် တဟားဟား ရယ်မိသည်။
 
ဒါက ကျနော်ငယ်ငယ်က ပိုက်ဆံကြေး ဂေါ်လီရိုက်တာကို ရည်ရွယ်ကာပြောခြင်းဖြစ်သည်။တကယ်ရှိသေးတာလားဟုမေးကြည့်တော့ အမှန်တကယ်မြင်နေရဆဲပါတဲ့။ကလေးများအကြိုက် ဂိမ်းတို့ဘာတို့ရှိနေပြီဆိုတော့ ကျနော်တို့ငယ်ငယ်ကလောက် ဂေါ်လီအရိုက်သန်တော့မည်ဟုမထင်။
 
ကျနော်တို့ငယ်ငယ်က အပျော်တမ်း ဆယ်ကျွင်းစိမ်တာမျိုးရှိသည်။ရှုံးတဲ့သူ ကျွန်ခံကြေး။ကျွန်ခံတယ်ဆိုတာက ရှုံးသောသူသည် သတ်မှတ်ကျွင်းတစ်ကျွင်းထဲသို့ သူ့ဂေါ်လီမဝင်မချင်း ပစ်ထည့်ရသည်။သူ့ဂေါ် လီမဝင်လျှင် ကျနော်တို့က သူ့ဂေါ်လီကို ကိုယ့်ဂေါ်လီနှင့်တိုက်ထုတ်ပစ်။သူ့ဂေါ်လီ အတိုက်ခံရသည့်နေရာမှ ကျွင်းထဲသို့ ဝင်အောင်ပြန်စိမ်။ကျွင်းထဲမဝင်တာကြာလာလျှင် တိုက်ထုတ်ပစ်နေသူတို့က ထမင်းထုပ်ဟု အော်လေ့ရှိသည်။ဆိုလိုတာက ထမင်းစားချိန်တောင် အိမ်မပြန်နိုင်ဘဲ ကျွန်ခံနေရသဖြင့် သူ့အိမ်က ထမင်းထုပ်လာပို့ပေးပါဟု ပြောသည့်သဘော။တချို့မှာ ကျွန်ခံရတာကြာလာတော့ မျက်ရည်တွေဘာတွေကျလို့။ကျွင်းထဲဝင်မှ ကျွန်ခံခြင်း လွတ်မြောက်သည်။
 
နောက်တစ်မျိုးက ပိုက်ဆံကြေး ဂေါ်လီပစ်ခြင်းဖြစ်သည်။အနီးအဝေးစိမ်သည်ဟုခေါ်၏။ ၅ လှမ်းနှင့် ၁၀ လှမ်းကြား မနီးမဝေးနေရာသို့ ဂေါ်လီတစ်လုံးကို ပစ်လိုက်ပြီး ယင်းဂေါ်လီနှင့် အနီးဆုံးရောက်အောင် စိမ် (ပစ်) ခြင်းဖြစ်သည်။ပါဝင်သူ ၃ ယောက်ရှိလျှင် တစ်ယောက်တစ်လှည့်စီ ကိုယ့်ဂေါ်လီနှင့် ကိုယ်စိမ်။အနီးဆုံးလူက အနိုင်။
 
အနီးအဝေးစိမ်ခြင်း ပထမတစ်မျိုးမှာ အရင်ပစ်ချထားသောဂေါ်လီနှင့် အနီးဆုံးရောက်အောင် ဂေါ်လီပစ်နိုင်သူကို ကျန်လူများက သတ်မှတ်လောင်းကြေးပေးရသည်။လောင်းကြေးမှာ ငါးပြား၊ ဆယ်ပြားကြေးသာဖြစ်သော်လည်း ကလေးများအတွက် တန်ဖိုးရှိလှသည်။အနီးအဝေး နောက်တစ်မျိုးမှာ အနီးဆုံးစိမ်နိုင်သူကို အဝေးဆုံးစိမ်နိုင်သူတစ်ဦးတည်းကသာ လောင်းကြေးပေးရခြင်း။
 
ဂေါ်လီကို လိုရာခရီးသို့ရောက်အောင် အကောင်းဆုံးထိန်းချုပ်နိုင်သူက ဆရာ။လက်မနှင့် လက်ညှိုး (သို့မဟုတ်) လက်မနှင့် လက်ခလယ်ကြား ဂေါ်လီကိုထားကာ ထိုလက်ချောင်းနှစ်ခုဖြင့် ဖိညှစ်ထိန်းချုပ်၍ စိမ်ရသည်။ယင်းသို့လုပ်ခြင်းကို ကျွိလုပ်သည်ဟုခေါ်သည်။ကျွိ ကောင်းသူက နိုင်တာများသည်။
 
ကျောင်းပိတ်ရက် နံနက် ၉ နာရီကျော် ထမင်းစားပြီးချိန်ဆို ကျနော်တို့လောင်းကစားကလေးများ လူစုကြပြီ။ဂေါ်လီကို တစ်ပွဲပြီး တစ်ပွဲပစ်ရင်းဖြင့် လမ်းအပေါ်ထိပ်ရောက်လိုက် အောက်ပြန်ဆင်းလိုက်ဖြင့် မပြီးနိုင်။ကျနော်က ကျွိကောင်းသဖြင့် နိုင်တာသာများသည်။ထို့ကြောင့် မိုးမရွာမချင်း၊ ညနေ ဘောလုံးကန်ချိန် မရောက်မချင်း ဂေါ်လီတွင်ငြိလို့။
 
ပြီးတော့ ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းဆိုလည်း လောင်းကြေးစားကြေး။ကျနော်က ဘော်လီဘောကျွမ်းကျင်သူမို့ ၇ တန်းနှစ်တွင် တခြားရွာများသို့သွားကာ ပိုက်ဆံကြေးလိုက်ပုတ်နေပြီ။
 
ကလေးများ လောင်းကစားလုပ်ခြင်းမှာ မကောင်း။သို့သော်၊ ကျနော်တို့ရပ်ရွာမှာက ဖဲရိုက်ခြင်းနှင့် အနီထောင်ကစားခြင်းကိုသာ ဥပဒေနှင့်မလွတ်ကင်းသည့် လောင်းကစားဟု ထင်မှတ်လေတော့ ကျနော်တို့ နည်းနည်းဖြစ် လောင်းခဲ့စားခဲ့ကြသည်။
 
ယနေ့ခေတ် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးကဲ့သို့ စီးပွားမပျက်။
 
ငြိမ်းဆက်
အောက်တိုဘာ - ၉