【 ဆောင်းပါး 】 ရှီရှီရောက်လိုက် လယ်ထဲရောက်လိုက် ပုဂံရောက်လိုက်

【 ဆောင်းပါး 】 ရှီရှီရောက်လိုက် လယ်ထဲရောက်လိုက် ပုဂံရောက်လိုက်

ရှီရှီ (xi xi) လို့ ဆိုတာကြောင့် စိတ်က အလိုလိုလန်းသွားတယ်။ဘာ့ကြောင့် ရှီရှီလို့ခေါ်သလဲ မမှတ်မိ။တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာရှိတဲ့ စိမ့်မြေဥယျာဉ်ကြီး။ဟန်ကျိုးမြို့ထဲကနေ နာရီဝက်ကျော် ကားမောင်းမှရောက်တဲ့ မြို့ပြင်တစ်နေရာ။ဒီနေရာက ဟန်ကျိုးကိုလာလည်တဲ့ တရုတ် ပြည်တွင်း၊ ပြည်ပ ဧည့်တွေသာမက ဟန်ကျိုးမြို့သားတွေကိုယ်တိုင် လာရောက်အပန်းဖြေလေ့ရှိတဲ့ နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်ကြီး။

‘ဟန်ကျိုးဆိုတာကလည်း ကျဲ့ကျန်းပြည်နယ်ရဲ့ မြို့တော်လေ။ကျမတို့ မြို့ပြတွေရဲ့ ထုံးစံအတိုင်း နည်းပညာတွေ၊ ကိန်းဂဏန်းတွေကြား လူတွေပင်ပန်းကြတော့ အားလပ်ရက်တွေမှာ ဟန်ကျိုးမြို့သားတွေကိုယ်တိုင် စိမ်းစိမ်းစိုစိုနဲ့ ဒီနေရာကိုလာပြီး အပန်းဖြေကြတယ်’ လို့ ကျနော်တို့စကားပြန်က ဆိုတယ်။

ရှီရှီကို ရောက်တယ်ဆိုရင် စိမ်းစိုနေတဲ့ မုံညှင်းစိုက်ခင်းက တမျှော်တခေါ် ဆီးကြိုလို့နေတယ်။ရှီရှီထဲ ဝင်ခွင့်လက်မှတ်ဝယ်လိုက်ရင်ပဲ ဝါးနဲ့ရက်လုပ်ထားတဲ့ ခြင်းတစ်ခြင်းစီ ပေးတယ်။ဟန်ကျိုးဆိုတာက သဘာဝတောတောင်ရေမြေအလှတွေ ဝန်းရံထားသလို ဝါးပင်တွေလည်း သိပ်သိပ်သည်းသည်းပေါက်တဲ့နေရာမို့ ဟန်ကျိုးမြို့ထွက် လက်မှုပစ္စည်းတွေထဲ ဝါးနဲ့ရက်လုပ်ထားတာတွေက နိုင်ငံခြားဧည့်အကြိုက် ထိပ်တန်းစာရင်းဝင်။

အဲဒီခြင်းက ဘာလုပ်ဖို့လဲဆိုတော့ နေ့လယ်စာ မုံညင်းကြော်အတွက် ကိုယ်စားဖို့ ကိုယ်လိုသလောက် ခူးရအောင်တဲ့။ကိုယ့်ဘာသာချက်ရမှာလားဆိုတော့ နိုး။ကိုယ်ခူးခဲ့တဲ့ မုံညင်းတွေကို ရှီရှီရဲ့ စာဖိုမှူးတွေက ကြော်လှော်ပေးပါမယ်တဲ့။

ဘာပဲဖြစ်ဖြစ် မြို့သားတွေ မုံညင်းကို ကိုယ်တိုင်ခူးဖို့မပြောနဲ့၊ မုံညင်းစိုက်ခင်းထဲ အခုလိုဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ မုံညင်းခင်းထဲ မုံညင်းခူးရတာကို ပျော်သလိုဖြစ်ရတယ်။ကိုယ့်အုပ်စုနဲ့ကိုယ် အော်ဟစ်ပြောဆို ရယ်မောကာ မုံညင်းခူးရတာ အရသာ။ကိုယ့်ဘာသာ ကြိုက်သလောက်ခူး၊ များများခူးလို့လည်း တစ်ပြားမှ အပိုထပ်ပေးစရာမလို။ရှီရှီဝင်ခွင့်ငွေထဲမှာ အခုလို မုံညင်းခူးတဲ့စရိတ် ပါပြီးသား။ကိုယ့်လက်နဲ့ အခုပဲခူးထားတဲ့ လတ်လတ်ဆတ်ဆတ် မုံညင်းကို စားရတော့မယ်ဆိုတဲ့ အသိကလည်း စိတ်ကိုပျော်စေတာ အမှန်ပါပဲ။

ရှီရှီထဲကိုရောက်တော့ လှေစီးမယ်၊ ငါးဖမ်းကြမယ်တဲ့။ရွှံ့ရောင်သန်းနေတဲ့ ချောင်းနံဘေး တန်းစီရပ်ထားတဲ့ လှေတွေက စီးချင်စရာ တရုတ်ရိုးရာလှေပုံစံတွေ။လှေဝမ်းက နည်းနည်းခပ်ကြီးကြီး၊ လှေဝမ်းထဲ အသေတွယ်ထားတဲ့ ၂ ယောက်တွဲ ထိုင်ခုံတွေ တန်းစီလို့။လှေထိပ်မှာ လှေသမားတစ်ယောက်ကလှော်၊ အနောက်မှာ တစ်ယောက်က ချောင်းရိုးအလယ်ကိုရောက်ရင်ပဲ လှေနံရံကို အသံကျယ်ကျယ်မြည်အောင်ခေါက်ကာ ငါးတွေကို ခြောက်လှန့်။ပြီးတော့ ငါးဖမ်းပိုက်ကို ချောင်းထဲ ဖြန့်ချလိုက်တယ်။

ကျနော်တို့ ဧည့်တွေရဲ့ ငါးဖမ်းရတဲ့အလုပ်က လှေဝမ်းထဲထိုင်ကာ ပိုက်ထဲ ငါးပါလာရင် လက်ခုပ်တီး ပျော်ကြရုံပါပဲ။ဘာပဲဖြစ်ဖြစ် ကိုယ့်လှေက ငါးများများမိတော့ ပျော်ရတာအမှန်။ဖမ်းမိတဲ့ငါးတွေကို ဘာလုပ်မလဲဆိုတော့ ကျနော်တို့စားဖို့ စားဖိုမှူးက ချက်ကျွေးမှာတဲ့။အဲဒီငါးဖိုးကလည်း ပိုက်ဆံထပ်ပေးစရာမလို။လှေစီးမယ်ဆိုရင်ကို ငါးကြိုက်သလောက်ဖမ်း၊ ငါးဟင်းအတွက် ငွေက ရှီရှီဝင်ကြေးထဲမှာ ပါပြီးသား။

ငါးဖမ်းပြီးတော့ ချက်တာပြုတ်တာ နာရီဝက်ကျော် ထိုင်စောင့်။မုံညင်းခူးရင်း ငါးဖမ်းရင်းနဲ့ ဟေးလေးဟားလား လုပ်ထားရတာဆိုတော့ ဗိုက်ကလည်းဆာနေပြီ။ဗိုက်ဆာရင်သောက်ဖို့ ဟန်ကျိုးလက်ဖက်ခြောက် မွှေးမွှေးလေးနဲ့ ရေနွေးကြမ်းက အဆင်သင့်မို့ တစ်ခွက်ပြီး တစ်ခွက်။

ထမင်းစားကြပြီဆိုတော့ မုံညင်းကြော်နဲ့ ငါးဟင်းက လတ်လတ်ဆတ်ဆတ်ကြီးမို့ သိပ်စားလို့ကောင်းနေရော။တခြားဟင်းလျာတွေက စားကောင်းပေမယ့် မုံညင်းနဲ့ ငါးဟင်းကို ဘယ်မှီပါ့မလဲ။တကယ့်ကို အလတ်ကြီး။

မုံညင်းနဲ့ ငါးဟင်းကို စားနေရင်းနဲ့ ချက်ချင်းဆိုသလို သတိရမိသွားတာက ကျနော်တို့ငယ်ငယ် ဘကြီးရဲ့ လယ်တောထဲ စားခဲ့ဖူးတဲ့ ကြက်သားနဲ့ ဘူးသီးဟင်း။လယ်ထဲမှာ ဘကြီးမွေးထားတဲ့ ကြက်နဲ့ ဘဲက အကောင် ၅၀ ကျော်။ဘူးစင်ဆိုတာကလည်း အကြီးကြီးမို့ ဘယ်အချိန်မဆို ဘူးစင်ပေါ် ဘူးသီးမသီးနေဘူးဆိုတာမျိုးမရှိ။ဧည့်သည်တွေလာပြီဆိုမှ ကြက်ကိုရိုက်ချက်၊ ဘူးသီးကို ဘူးစင်ကနေခူး။အဲဒီလောက်လတ်ဆတ်တာမျိုးမရှိတော့ ဒီနေ့ထိတိုင် ဘကြီးလယ်ထဲက ကြက်ဘူးလောက်ကောင်းတာ မစားဖူးတဲ့အထိ။

ပြီးတော့ အခုပဲ ဘူးစင်ပေါ်က ဘူးသီးကိုဆွတ်ပြီး အခွံနွှာ၊ မုန့်နှစ်ပါးပါးလေးနဲ့ကြော်ထားတဲ့ ဘူးသီးကြော်။ခူးပြီးသား ဘူးသီးကို တစ်ရက်ပစ်ထားပြီး နောက်တစ်ရက်ကျမှ ချက်တာကြော်တာနဲ့၊ အခုခူး အခုချက်တာ အပင်တစ်ပင်တည်းက ဘူးသီးဖြစ်တောင် အရသာကွာသွားတယ်လို့ ဘကြီးပြောစကား အမှတ်ရတယ်။လတ်ဆတ်ခြင်းရဲ့ အဓိပ္ပါယ်က အဲသလို။

တလောကမှ ညောင်ဦးဇာတိသား မိတ်ဆွေတစ်ယောက်နဲ့ ပုဂံအကြောင်း ဖောင်ဖွဲ့မိကြ။ကျနော်က ဟန်ကျိုးမြို့ရဲ့ ခရီးသွားစီးပွားရေး ကျွမ်းကျင်ပုံကို ပြောပြဖြစ်တယ်။ပြီးတော့ မေ့မရတဲ့ ရှီရှီရဲ့ မုံညင်းနဲ့ ငါးအကြောင်း ပြောပြဖြစ်။

‘ကျနော်တို့ ပုဂံမှာလည်း အဲဒီလိုတွေရှိနေတာ ဆယ်စုတစ်ခု မကတော့ဘူး’ လို့ ဆိုတော့ ကျနော်စိတ်ဝင်စားမိတယ်။

သူပြောပြတဲ့ ညောင်ဦးမြို့ပြင်တစ်နေရာမှာ ကိုယ့်ဘာသာချက်မလား၊ချက်ကျွေးရမလား။မီးဖိုခန်းဆိုတာ ပြည်ပဧည့်အကြိုက် သန့်ရှင်းသပ်ရပ် ပြောင်ရှင်းလို့။ဘကြီးလယ်ထဲမှာလို ချက်စရာ ပုဂံညောင်ဦးဒေသမျိုးရင်း ကြက်အရှင်လတ်လတ်တွေကအသင့်၊ ဘူးစင်ပေါ် ဘူးသီးက အဆင်သင့်။စားပြီးသောက်ပြီး မျက်လုံးစင်းလာသလား၊ တကယ့်ကိုအေးတဲ့ ဘူးစင်အောက်မှာ သက်သောင့်သက်သာ ငိုက်စရာနေရာထိုင်ခင်းက အသင့်။

‘ကျနော်တို့ဆီမှာ မော်လမြိုင်ဘူးသီးကြော်ဆိုတာလည်းရှိသေးတယ်။ဘူးစင်ပေါ်က လတ်လတ်ဆတ်ဆတ် ဘူးသီးကိုခူးပြီး ကြော်တာဆိုတော့ ဧည့်သည်တွေ တော်တော်ကြိုက်ကြတယ်။ပြီးတော့ အခုပဲ ထန်းပင်ပေါ်ကချတဲ့ ထန်းရည်စစ်စစ်ဆိုလည်း ဧည့်များတဲ့အချိန် ရောင်းမလောက်ဘူး’ လို့ မိတ်ဆွေကဆိုတော့ ကျနော်ကြွေရတယ်။

လတ်ဆတ်ခြင်းဟာ လူတိုင်းကြိုက်တဲ့အရသာ။ပြီးတော့ ကိုယ့်ဆီလာတဲ့ ဧည့်ကို ရိတ်မလွှတ်ဘူးဆိုတဲ့ လောဘမကြီးခြင်းနဲ့ ဧည့်သည်တွေကို ကိုယ့်ဒေသစစ်စစ်လက်ရာ ဖော်ထုတ်တည်ခင်းနိုင်ခြင်းဟာ ခရီးသွားစီးပွားရေးရဲ့ အရင်းအမြစ်ပညာလို့ထင်ကြောင်း မိတ်ဆွေကထပ်ဆိုတော့ ကျနော်ခိုက်ရပြန်တယ်။

ဟန်ကျိုးက အချိန်မရွေး ခရီးသွားဧည့်မပြတ် စည်ချင်းတိုင်းစည်နေပေမယ့် ကျနော်တို့ပုဂံကတော့ အခုဆို ဧည့်တွေတော်တော်ပါးနေမှာ သေချာတယ်။ကျနော့်စိတ်တွေက ဟန်ကျိုးကိုရောက်လိုက်၊ ဘကြီးရဲ့ လယ်တောထဲရောက်လိုက်၊ ပုဂံကိုရောက်လိုက်နဲ့ တစ်ချိန်မှာ ပုဂံကို အရောက်နှင်လို့ ကြက်ဘူးသွားစားမယ်၊ ဘူးသီးကြော်သွားစားမယ်၊ ပင်ကျရည်စစ်စစ်ကို သွားသောက်မယ်လို့ စိတ်ထဲတေးထားလိုက်မိတယ်။

လူက အသက်၅၀၊ မလတ်ဆတ်တော့တာ တစ်ဖက်ကမ်းခတ်နေပြီမို့ လတ်ဆတ်တာတွေကို ပိုခံတွင်းတွေ့နေတာလားမသိ။ရေခဲသေတ္တာထဲ အေးခဲနေတဲ့ အစားအစာတွေနဲ့ အေးခဲနေတဲ့ မြို့ပြကို ငြီးငွေ့နေတာကြောင့်လည်း ဖြစ်နိုင်ပါရဲ့။ကျနော်တို့ လတ်ဆတ်မှဖြစ်မယ်။

ငြိမ်းဆက်