【 ဆောင်းပါး 】 “ဘက်မလိုက်ကြေး”

【 ဆောင်းပါး 】 “ဘက်မလိုက်ကြေး”

“ဒါက ဘယ်လိုဖြစ်လာတာလဲ”

“ကိုကြီးပေါ့ သူ့မိန်းမဘက်ကလိုက်ပြီး သမီးကို ပါးရိုက်တယ်လေ”

“သမီးကို ယောင်းမနဲ့ အဆင်ပြေအောင်နေလို့ ဘဘမှာထားတယ်မဟုတ်လား”

“သမီးက အဆင်ပြေအောင်နေတာပဲ။သူက သူ့ယောင်္ကျားအားကိုးနဲ့ သမီးကို သက်သက်အနိုင်ကျင့်နေတာ။သူ့ယောင်္ကျားကလဲ အကျိုးအကြောင်းကို သေသေချာချာမမေးဘူး။သူ့မိန်းမစကားတစ်ခွန်းပဲ”

“သမီး အဖေနဲ့ အမေ မရှိဘူးလား”

“အဖေက အလုပ်သွားတယ်။အမေကတော့ စိတ်ကောင်းပုံမရဘူး။ဒါပေမယ့် ထုံးစံအတိုင်းပဲလေ သိတယ်မဟုတ်လား။ဘာလို့အကြီးကိုခံပြောလဲတဲ့။အဖေရှိနေလည်း ဘာမှမထူးပါဘူး။အားလုံးက ကိုကြီးဘက်ကပဲလိုက်နေကြတဲ့ဟာ”

“သမီးအမေက ချွေးမနဲ့ သမီးဆိုတော့ သမီးဘက်ကဝင်ပြောလို့ မကောင်းဘူးလေ။ဒါကြောင့်မို့ အခြေအနေကို အဆင်ပြေအောင်ထိန်းရတာပေါ့။သမီးကပဲ နားလည်ပေးလိုက်ပါ သမီးရယ်။ငယ်ငယ်ကြီးကြီး မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် သဘောထားပြည့်တဲ့သူက မိသားစုရဲ့ တကယ့်ငြိမ်းချမ်းရေးသမားပဲ။ဘုရားကြိုက်တဲ့သူပဲ။သမီးကိုယ်သမီး ဂုဏ်ယူကျေနပ်နေလိုက်ပါ သမီးရယ်”

ကျွန်တော့်ဘေးအိမ်က အိမ်နီးချင်း ကောင်မလေးပါ။သူ့အမေနဲ့ အဖေမှာ သားသမီးဆိုလို့ သူတို့မောင်နှမနှစ်ယောက်ပဲရှိတာပါ။အရင်က သူတို့မောင်နှမနှစ်ယောက်က သိပ်ချစ်ကြတာ။လွန်ခဲ့သောနှစ်ကမှ သူ့အကို မိန်းမရသွားတာဖြစ်သည်။ထိုအချိန်ကစပြီး မောင်နှမနှစ်ယောက် မကြာခဏပြဿနာတက်ပါတော့သည်။သူက အငယ်ဆိုတော့ အမြဲအရှုံးပေးနေရသည်။
ဒါကို သူကမကျေမနပ်ဖြစ်ကာ ကျွန်တော်တို့လင်မယားဆီမှာ လာပြီးရင်ဖွင့်နေကျပါ။သူဆယ်တန်းဖြေတုန်းကလည်း ကျွန်တော်က သူ့ကိုစာသင်ကာ အကူအညီပေးခဲ့ဖူးတော့ သူတို့မိသားစုက ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံကြသည်။ကျွန်တော်က သူ့မိသားစုကို ဘာမှဝင်မပြောဘဲ သူ့ကိုသာ ပြေရာပြေကြောင်းပြောပြကာ နှစ်သိမ့်ပေးနေရတော့သည်။

သူအမြဲပြောနေကျစကားကတော့ သူ့အကိုက မိန်းမဘက်ကလိုက်ကြောင်း အမေနှင့် အဖေက အကို့ဘက်ကလိုက်ကြောင်း ဖြစ်သည်။

သင်္ဂဇာဆရာတော်၏ ဟာသပုံပြင်လေးကို သွားသတိရမိပါသည်။တစ်ခါက ရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဖြစ်သည်။တစ်နေ့တွင် ဆင်းရဲသား ဒါယကာတစ်ယောက်က ကျောင်းထိုင်ဘုန်းကြီးထံ ရောက်လာသည်။ဘုန်းကြီးကို ကန်တော့ပြီးလျှင် နောက်နေ့တွင် သူ၏အိမ်သို့ အရုဏ်ဆွမ်းစားကြွပါရန် ပင့်ဖိတ်သဖြင့် ဘုန်းကြီးက လက်ခံလိုက်သည်။
ထိုဒါယကာပြန်သွားပြီး မကြာမီ ဒါယကာတစ်ယောက် ရောက်ရှိလာပြန်သည်။ဒုတိယဒါယကာသည် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသူဖြစ်သည်။ထိုဒုတိယဒါယကာကလည်း ဘုန်းကြီးကို ကန်တော့ပြီးလျှင် နောက်နေ့တွင် သူ၏အိမ်သို့ အရုဏ်ဆွမ်းစားကြွပါရန် ပင့်ဖိတ်ပြန်သည်။ဘုန်းကြီးကလည်း လက်ခံလိုက်ပြန်သည်။

ဒါယကာများ ပြန်သွားပြီးနောက် ဘုန်းကြီးက စဉ်းစားသည်။ဆင်းရဲသား ဒါယကာအိမ်သို့ကြွလျှင် အသားဟင်းဘုန်းပေးရမည်မဟုတ်ဘဲ ချဉ်ပေါင်ဟင်းနှင့်သာ ဘုန်းပေးရမည်။သူဌေး ဒါယကာအိမ်သို့ကြွလျှင် အသားဟင်းများ သေချာပေါက်ဘုန်းပေးရမည်။ထို့ကြောင့် ဘုန်းကြီးက သူဌေးအိမ်သို့ ဆွမ်းစားကြွချင်စိတ် ပိုများနေသည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ဆွမ်းစားပင့်ထားသော ဒါယကာနှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတော့သည်။ဘုန်းကြီးက ဒါယကာနှစ်ယောက်လုံး တစ်နေ့တည်း တစ်ချိန်တည်း ဆွမ်းစားပင့်ထားသည့်အတွက် ဒါယကာတစ်ယောက်ယောက်ဆီ ကြွမည်ဆိုလျှင် ကျန်ဒါယကာအပေါ် မထောက်ထားရာရောက်မည်ဖြစ်၍ မျှမျှတတဖြစ်အောင်ဆိုကာ ဒါယကာနှစ်ယောက်က သူ့ကိုလက်တစ်ဖက်စီကိုင်စေသည်။သူ့ကို ကိုယ့်ဘက်ပါအောင်ဆွဲနိုင်သူနောက်သို့ လိုက်မည်ဟုပြောကာ ဆွဲစေသည်။

ဒါယကာနှစ်ယောက်၏ ဆွဲအားကညီနေသည့်အတွက် ဘုန်းကြီးက ဆင်းရဲသား ဒါယကာဘက်သို့ သူမပါသွားစေရန် ခြေကိုကန်ကာ သူဌေး ဒါယကာဘက်သို့ ရုန်းလေသည်။ခဏတာလွန်ဆွဲပြီးသော် ဆင်းရဲသား ဒါယကာက ဘုန်းကြီး၏အနေအထားကို သဘောပေါက်သွားသဖြင့် သူဆွဲထားသော ဘုန်းကြီး၏လက်တစ်ဖက်ကို ဆတ်ခနဲလွှတ်လိုက်ရင်း ပါးစပ်မှလည်း “ချဉ်ပေါင်ကို ကာပြန်လို့ ဝက်သားထံ ခြေကန်ရုန်း သွားတော့ ကတုံး” ဟု ဆိုလိုက်သေး၏။ဘုန်းကြီးနှင့် သူဌေး ဒါယကာတို့ နှစ်ယောက်သားမှာတော့ မြေကြီးပေါ်မှာ ထွေးခနဲလဲကျသွားလေသည်။

ဟာသပုံပြင်ဆိုသော်လည်း တကယ်ကိုမှတ်သားလောက်ပြီး လက်ရှိ လူ့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိသော သဘာဝကို မြင်သာစေပါသည်။မှတ်သားစေပါသည်။ဆင်ခြင်စေပါသည်။

အဂတိဆိုတာ ဘက်လိုက်ခြင်းပါ။အဂတိလိုက်စားတယ်ဆိုတာ မတရားသဖြင့် ဘက်လိုက်တာဖြစ်ပါသည်။အဂတိလေးပါးရှိပါသည်။
(၁) ဆန္ဒာဂတိ = ချစ်၍ဘက်လိုက်ခြင်း
(၂) ဒေါသာဂတိ = မုန်း၍ဘက်လိုက်ခြင်း  
(၃) ဘယာဂတိ = ကြောက်၍ဘက်လိုက်ခြင်း
(၄) မောဟာဂတိ = မသိ၍ဘက်လိုက်ခြင်းတို့ဖြစ်သည်။

တချို့လူတွေ ငွေကိုချစ်လို့ ငွေမျက်နှာကိုကြည့်ပြီး ဘက်လိုက်တတ်ကြသည်။တချို့လူတွေက ကိုယ်မုန်းသောသူ ဒုက္ခမရောက်ရောက်အောင် ထိုသူကို ဒုက္ခပေးနိုင်သည့်သူဘက်ကလိုက်ကြသည်။တချို့ကတော့ အာဏာကိုကြောက်လို့ အာဏာရှင်မျက်နှာကိုကြည့်ပြီး ဘက်လိုက်တတ်ကြသည်။တချို့က အကျိုးအကြောင်းလည်း မဆင်ခြင်နိုင် အကောင်း၊ အဆိုးလည်း မခွဲခြားနိုင် သူ့စကားတစ်ခွန်း သူ့အပြုအမူတစ်ခုကြောင့် ဘယ်သူတွေ ဘယ်လိုနစ်နာမည်ကိုမသိရှိဘဲ သူဆုံးဖြတ်က အမြဲမှန်သည်ဟု ခံယူထားကာ အဆင်ပြေသလို ဘက်လိုက်တတ်ကြသည်။

လောကမှာ ဘက်လိုက်တာတွေ တော်တော်များများရှိပါသည်။လူတွေက အတော်ရယ်စရာကောင်းပါသည်။အပြောတစ်မျိုး အလုပ်တစ်မျိုးတွေ များပါသည်။ဘက်လိုက်တာကို ဘယ်သူမှကြိုက်တယ် မပြောပါ။ကိုယ့်ဘက်ကမလိုက်ဘဲ သူများဘက်ကလိုက်လျှင် မကျေနပ်ကြသော်လည်း ကိုယ့်ဘက်ကလိုက်ပေးလျှင်တော့ ကျေနပ်နေတတ်ကြပြန်သည်။

ကျွန်တော်ကြားဖူးသော ရယ်စရာပုံပြင်လေးတစ်ခုရှိပါသည်။

တစ်ခါက လူတစ်ယောက်သည် အလိမ်အညာစကား အမြှောက်အပင့်စကား ပြောဆိုလေ့ရှိပြီး သူ့အလိမ်အညာ သူ့အမြှောက်အပင့်တွေကြောင့် ဒုက္ခရောက်သွားသည့်လူတွေ မနည်းတော့ပေ။တစ်နေ့သောအခါ ထိုလူသည် ရောဂါဖြစ်ပြီး သေဆုံးသွားသည်။သူ့အကုသိုလ်ကြောင့် ငရဲပြည်ကို ရောက်သွားလေသည်။ထိုအချိန်တွင် ငရဲပြည်၌ ငရဲမင်း၏လက်ထောက်က ငရဲမင်းကို အခုရောက်လာသည့် လူသစ်သည် လူ့ပြည်မှာ အရမ်းနာမည်ကြီးသူဖြစ်ကြောင်း သူ့အလိမ်အညာ အမြှောက်အပင့်စကားတွေကို သတိထားစေချင်ကြောင်း သတိပေးသည်။ငရဲမင်းက “ငါငရဲမင်းလုပ်နေတာကြာပြီ သူ့လိုငရဲသား ပါမွှားလေးက ငါ့လိုငရဲမင်းကို လာလိမ်လို့ရမလား” ဟုပြန်ပြောသည်။သို့နှင့် လူလိမ်ငရဲသား ရောက်လာသည်။လူလိမ်က ငရဲမင်းရှေ့ရောက်တော့ ဟိုကြည့်သည်ကြည့်လုပ်နေသည်။

ထို့နောက် နန်းတော်ကြီးက ကြီးကျယ်ခမ်းနားလွန်းကြောင်း ဒီလိုလှပခမ်းနားသော အဆောက်အဦးမျိုးကို လူ့ပြည်မှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူးကြောင်း ပြောသည်။လက်ထောက်ငရဲသားက “အရှင်မင်းကြီး ဒီကောင်အလိမ်အညာတွေပြောနေပါပြီ ဘုရား” ဟု သတိပေးတော့ ငရဲမင်းက “အသာနေစမ်းပါကွာ သူလဲတစ်ခါတလေတော့ မှန်တာပြောချင်ရှာမှာပေါ့” ဟု ပြန်ပြောသည်။လူလိမ်က ငရဲမင်းကို “အရှင်က ဘယ်သူပါလဲ” ဟု မေးတော့ ငရဲမင်းက ငရဲပြည်ကိုအုပ်ချုပ်နေသည့် ငရဲမင်းဖြစ်ကြောင်း ပြန်ဖြေသည်။

“လူ့ပြည်က လူတွေ တော်တော်ဆိုးပြီး မနာလိုစိတ် တော်တော်များတာပဲ ဘုရား။ငရဲမင်းကြီးက ဒေါသကြီးပြီး ကြည့်ရအရမ်းဆိုးတယ်လို့ပြောကြတာ အရှင်မင်းကြီးကို မနာလိုလို့ ပြောကြတယ်ဆိုတာ ကျွန်တော်မျိုး အခုကိုယ်တွေ့ကြုံမှပဲ သိပါတော့တယ် ဘုရား။အရှင့်လို ထည်ထည်ဝါဝါနဲ့ ကျက်သရေရှိလှတဲ့သူမျိုး လူ့ပြည်မှာတစ်ယောက်မှမရှိပါဘူး ဘုရား” ဟု လူလိမ်က ငရဲမင်းကို မြှောက်ပေးလေသည်။

ထိုစဉ် လက်ထောက်ငရဲသားက “အရှင်မင်းကြီး ဒီကောင် အရှင်မင်းကြီးကို မြှောက်နေပါပြီ ဘုရား” ဟု သတိပေးတော့ ငရဲမင်းက ဒေါသထွက်သွားပြီး “ဟေ့ကောင် မင်းက ငါ့ကို မနာလိုဖြစ်နေတာမဟုတ်လား ဟိုကောင်က အမှန်တရားကိုသိတယ်။မင်းကသာ ငါ့ကိုလိမ်ညာပြီး ခစားနေတာ။အခုတော့ မင်းရဲ့အလိမ်အညာတွေပေါ်လာပြီ။ဒီနေ့ကစပြီး မင်းကိုရာထူးကဖြုတ်တယ်” ဟု ဆိုကာ လူလိမ်ကို လက်ထောက်ခန့်လိုက်လေတော့သည်။

လူတော်တော်များများက ကိုယ့်ကို သူများထက်သာကြောင်း သိကြောင်း တော်ကြောင်း တတ်ကြောင်း ပြောလျှင် သဘောကျ ကျေနပ်တတ်ကြပါသည်။ထိုအခိုက်အတန့်လေးမှာ မှန်တာ မမှန်တာ စဉ်းစားဆင်ခြင်ဖို့ အချိန်မပေးတတ်ကြပါ။အသိက အရင်လာရမှာဖြစ်သော်လည်း အလိုဆန္ဒက အရင်ရောက်နှင့်နေပါသည်။ပညာနှင့် လောဘ ယှဉ်လာလျှင် လောဘကို အနိုင်ပေးတတ်ကြတာ လူတို့ရဲ့သဘာဝပါပဲ။ကိုယ်ကျင့်တရားကောင်း၍ အမှန်တရားကိုမြတ်နိုးပြီး ဂုဏ်သိက္ခာကို လေးစားသူများသာ လောဘနောက်မလိုက်ဘဲ အသိပညာကို အနိုင်ပေးတတ်ကြတာပါ။

ယနေ့ အင်တာနက်ခေတ်မှာ ကမ္ဘာအနှံ့ရှိ ဘက်လိုက်မှုတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပါသည်။ငွေကြေးချမ်းသာကြွယ်ဝလိုသော ‘ဆန္ဒ’ ကြောင့်၊ မိမိအတွက် အနှောင့်အယှက်ဖြစ်နေသောသူအပေါ် မုန်းတီးသော ‘ဒေါသ’ ကြောင့်၊ အာဏာအရှိန်အဝါကို မလွန်ဆန်နိုင်သော အကြောက်တရား ‘ဘယာ’ ကြောင့်၊ အမှန်နှင့် အမှား ကုသိုလ်နှင့် အကုသိုလ် အကျိုးနှင့် အကြောင်း ဆင်ခြင်နိုင်သော အသိမရှိမှု ‘မောဟ’ ကြောင့် ဘက်လိုက်နေကြတာတွေက မမြင်ချင်အဆုံးပါ။

ဘက်လိုက်ပြီဆိုကတည်းက တစ်ယောက်က အသာစီးရ၍ တစ်ယောက်က နာနာကျင်ကျင် ခံစားရတော့မှာပါ။သည်ထက်ပိုဆိုးတာက ကိုယ်ဘက်လိုက်ပေးသည့်လူက အမှား၏ဘက်တော်သား လူဆိုးသူခိုးဆိုလျှင် နာကျင်ခံစားနေရသည့်သူကို အားနာစရာကောင်းလှပါသည်။အထူးသဖြင့် ကိုယ့်ကိုယ်ကျင့်တရား ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးမထားရာရောက်မည်ကို ဆင်ခြင်သတိထားသင့်ပါသည်။

တကယ်တော့ ဘက်လိုက်တယ်ဆိုတာ အမှားကျူးလွန်တာပါပဲ။  

မှားတတ်တာက ‘လူ’ ပါ။ကိုယ်မှားနေမှန်းမသိတာက ‘လူညံ့’ ပါ။သိလျက်နှင့် ဆက်၍မှားနေတာက ‘လူမိုက်’ ပါ။ မှားဖို့ပဲ အမြဲကြံစည်ကြိုးစားနေတာတော့ ‘လူယုတ်မာ’ ပါ။

ရိုက်မောင်း
ဒီဇင်ဘာ - ၁၄