【ပြည်တွင်း】စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲကြိုတင်ဝယ်ယူထားခြင်းက ဆေးဝါးရှားပါးမှု အဓိကအကြောင်းအရင်းဖြစ်နေ

【ပြည်တွင်း】စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲကြိုတင်ဝယ်ယူထားခြင်းက ဆေးဝါးရှားပါးမှု အဓိကအကြောင်းအရင်းဖြစ်နေ

ယခုအခါ ပြည်တွင်းဆေးဝါးပစ္စည်းစျေးကွက်ထဲမှာ မလိုအပ်ဘဲ စိုးရိမ်စိတ်ကြောင့် ဆေးဝါးတွေကို ကြိုတင်ဝယ်ယူမှုများရှိသလို ယင်းကဲ့သို့သောလုပ်ဆောင်မှုတွေက ဆေးဝါးရှားပါးစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်လို ဖြစ်နေတယ်လို့ ဆေးဝါးပစ္စည်းမျိုးစုံရောင်းချသူတွေက ဆိုကြပါတယ်။

“တစ်ခုခုဆို ဆေးဝါးတွေလိုက်ဝယ်ပြီ၊ ကိုယ့်အတွက်လိုအပ်သလားမလိုအပ်သလားမတွေးတော့ဘူး၊ ဟိုတလောကလည်း ဖျားတာတွေများလာတယ်၊ ကိုဗစ်ဖြစ်တာတွေများလာတယ်ဆိုတာနဲ့ အဖျားပျောက်ဆေးတွေ၊ အကိုက်ခဲပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေးတွေ ဝယ်ကြတော့ ဆိုင်တချို့ဆိုပစ္စည်းပြတ်သလိုတောင် ဖြစ်သွားတယ်”လို့လည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ ဆေးဝါးလက်လီ၊လက္ကားဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလိုကိုယ့်အတွက် လတ်တလောသုံးစွဲဖို့မလိုအပ်သေးဘဲ ကြိုတင်ဝယ်ယူမှုတွေကြောင့် အမှန်တကယ်လိုအပ်သူတွေ အတွက် ဝယ်မရတဲ့အခြေအနေမျိုးကြုံရသလို ဆေးဝါးရှားပါးစေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်လည်းဖြစ်တယ် ပြောဆို ကြတာဖြစ်ပါတယ်။

“ဆေးတွေက ပျက်စီးသွားတာမှမဟုတ်တာ၊ ကိုယ်ကလိုချင်လို့ဝယ်ရင် ဝယ်မရဖြစ်မှာစိုးလို့ ဝယ်ပြီးဆောင်ထားရတာမျိုး ရှိတာပေါ့၊ ကိုဗစ်တွေတအားဖြစ်နေတဲ့အချိန်တုန်းကဆိုရင် ဗီတာမင်စီ ဆေးပြားတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ ဝယ်မရတာမျိုးကြုံတယ်လေ၊ ကိုယ်ကကြိုတင်ပြီးမဝယ်ထားပြန်ရင်လည်း ကိုယ်လိုအပ်လို့သုံးချင်ရင် ဘယ်မှာ သွားရှာရမှာလဲ”လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆေးဝါးစျေးကွက်ထဲမှာ ဆေးဝါးပစ္စည်းတွေကို စျေးတင်ကာရောင်းချတာမျိုးမလုပ်ဖို့ထုတ်ပြန်တာတွေရှိပေမယ့် မြင့်တက်လာတဲ့ ငွေလဲစျေးအခြေအနေနဲ့တွက်ချက်ပြီးရောင်းရတာဖြစ်လို့ ဘယ်ဆိုင်ကမှအရှုံးခံရောင်းတာမျိုးမဟုတ်ဘဲ ထိုက်သင့်တဲ့နှုန်းမျိုးဖြင့်သာ ရောင်းချတာဖြစ်တယ်လို့လည်း ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်စျေးသစ်အတွင်း ဆေးဆိုင်ဖွင့်ထားသူတစ်ဦးက ဆိုပြန်ပါတယ်။

သို့ရာတွင် ယခင်ကတည်းက တင်သွင်းထားကြတဲ့ အင်ဇိုင်းဆေးဝါးတွေ၊ ပဋိဇီ၀ဆေးဝါးတွေ၊ ပရိုဘိုင်အိုတစ်ဆေးဝါးတွေ၊ ဗီတာမင်ဆေးဝါးတွေအပါအဝင် ဆေးဝါးအများစုဟာ လက်ရှိငွေလဲစျေးနဲ့တွက်ချက်ရောင်းချတာကြောင့် ဆေးဝါးအမျိုးအစားပေါ်မူတည်ပြီး မူလကထက် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ဝန်းကျင်ကြား စျေးနှုန်းတွေနဲ့ ရောင်းချနေကြသလို ဖျားနာပျောက်ဆေး၊ အကိုက်ခဲပျောက်ဆေးအပါအဝင် ပုံမှန်ဝယ်လိုအားရှိနေတဲ့ဆေးဝါးတွေကတော့ မူလစျေးနှုန်းထက် ၃၀ မှ ၅၀ ရာခိုင်နှုန်းကြား မြင့်မားလာတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ပါတယ်။

ထိုဆေးဝါးအများစုမှာ သက်တမ်းကုန်ရက်စွဲတွေကို နှစ်နှစ်ဝန်းကျင်သာ သတ်မှတ်ထားလေ့ရှိပြီး ဆီးချိုသွေးတိုးဆေးဝါးများ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာဆေးဝါးများနဲ့ အင်ဇိုင်းဆိုင်ရာ အချို့သောဆေးဝါးတွေဟာ သက်တမ်းကုန်ဆုံးတဲ့ ရက်စွဲကို သုံးနှစ်မှ ငါးနှစ်လောက်အထိ သတ်မှတ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၉