【 ပြည်တွင်း 】အိမ်သုံးဂက်စ် ပြန်ရလာသော်လည်း ယခင်ထက်စျေးမြင့်တက်သွားဟုဆို

【 ပြည်တွင်း 】အိမ်သုံးဂက်စ် ပြန်ရလာသော်လည်း ယခင်ထက်စျေးမြင့်တက်သွားဟုဆို

ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့အပတ်က ပြတ်လပ်သွားခဲ့တဲ့ အိမ်သုံးဂက်စ် (LPG)တွေဟာ ယခုနောက်ပိုင်း ပြန်လည်ဖြည့်သွင်း ရရှိလာသော်လည်း ယခင်ကထက်စျေးနှုန်းများမြင့်တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အခုဆိုင်မှာ ဂက်စ်ပြန်ဖြည့်လို့ရနေပြီ၊ အရင်ကထက် စျေးတက်သွားတယ်၊ ဂက်စ်လာဖြည့်တဲ့သူများလို့ တန်းတော့ စီရပါတယ်”လို့လည်း ကိုယ်တိုင်ကြုံရတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ဂက်စ်ဘူးတွေဖြည့်သွင်းရာမှာ အရင်က မြို့နယ်နေရာဒေသပေါ်မူတည်ပြီး တစ်ဘူးလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်ကြား ရှိခဲ့ရာ ယခုအခါ တစ်ဘူးလျှင် ၉၀၀ ကျပ်မှ ၁၂၀၀ ကျပ်ကြား ဖြစ်လာခဲ့ပါတယ်။ “ဖြည့်ချင်ဖြည့်မဖြည့်ချင်နေတဲ့ ဆိုင် အရောင်းဝန်ထမ်းအမျိုးသမီးက ခပ်ချေချေပဲ၊ ဘူးကိုလှုပ်ကြည့်တာ အရင်လိုလည်း လေးပြီးပြည့်ကျပ်မနေဘူး၊ Pressure လျှော့ပြီးဖြည့်တာထင်တယ်၊ သိပ်မပါဘူး”လို့လည်း ၎င်းက ရှင်းပြပါတယ်။

ထိုအိမ်သုံးဂက်စ်တွေ စျေးကွက်ထဲပြတ်လပ်သွားပြီးတဲ့နောက်မှာ တစ်ခါသုံးဂက်စ်ဘူးအသစ်တွေဟာလည်း အရင်က တစ်ဘူးလျှင် အမှတ်တံဆိပ်ပေါ်မူတည်ပြီး ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်ကြား ဝန်းကျင်စျေးသာရှိရာမှ ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ် အထိ မြင့်တက်သွားတဲ့အပြင် ရပ်ကွက်ဆိုင်ငယ်လေးတွေမှာ ဝယ်မရတဲ့အခြေအနေမျိုးကြုံရကြောင်း၊ ယခုအခါ ဂက်စ်တွေပြန်လည်ဖြည့်သွင်းနိုင်ပေမယ့် မြင့်တက်ခဲ့တဲ့စျေးနှုန်းတွေဟာ နဂိုစျေးအမြင့်ပိုင်းမှာ ဖြစ်နေသေးတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၈