【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ဖြစ်ဖို့ ရုရှားအသင့်ရှိနေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ဖြစ်ဖို့ ရုရှားအသင့်ရှိနေပြီလား

ရှုပ်ထွေးနေတဲ့ နိုင်ငံတကာအရေးတွေကြောင့် နိုင်ငံတကာအခြေအနေဟာ သံတမန်ရေးရာ အားပြိုင်မှုကနေ စစ်မက်ရေးရာအားပြိုင်မှုဆီ ဦးတည်ရွေ့လာရာမှာ ယခုဆို စစ်ဖြစ်ဖို့ လက်တစ်ကမ်းအထိ ရောက်လာနေပြီဖြစ်ပါတယ်။အထူးသဖြင့် အာဏာရှင်တစ်ပိုင်း ရုရှားရဲ့ စစ်မက်ရေးရာကစားမှုတွေက စစ်ကိုဖိတ်ခေါ်နေသလိုဖြစ်ပြီး ယူကရိန်းအပေါ် ရုရှားရဲ့ အနိုင်ကျင့်မှုက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် အထိတ်တလန့်ဖြစ်စရာပါ။ယခုလက်ရှိဖြစ်နေတဲ့ ယူကရိန်းလို ပြဿနာမျိုးကို လွန်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်မတိုင်မီကလည်း ကမ္ဘာအနေနဲ့ ကြုံခဲ့ရပြီး အဲဒီတုန်းက ဂျာမနီက ပိုလန်ကိုသိမ်းဖို့ ကြိုးစားရင်း ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့ပါတယ်။ယခု သမိုင်းတစ်ပတ်ပြန်လည်နေပြီး ရုရှားက ယခင်ဆိုဗီယက်နိုင်ငံဟောင်းတွေကို ပြန်စုစည်းပြီး မဟာရုရှားအိပ်မက် မက်နေမှုဟာ အာရှအလယ်ပိုင်းနဲ့ ဥရောပအရှေ့ပိုင်းသာမက ကမ္ဘာအတွက်ပါ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဒီသတင်းတွေက စိတ်ဝင်စားစရာကောင်းတာထက် ကမ္ဘာမြေမှာ သက်ရှိတွေရှင်သန်ဖို့အတွက်ပါ အရေးကြီးလာနေတဲ့အတွက် ရင်တမမစောင့်ကြည့်ရမယ့်အနေအထား ရောက်ခဲ့ပါတယ်။အထူးသဖြင့် ပေကျင်းမှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်မပြီးခင် ယူကရိန်းကို ရုရှားက ဝင်တိုက်နိုင်ခြေရှိတယ်ဆိုတဲ့ အမေရိကန်ရဲ့ သတိပေးချက်နဲ့ သြစတြေးလျမှာ ကျင်းပခဲ့တဲ့ QUAD အဖွဲ့ တွေ့ဆုံမှုက ယနေ့ကမ္ဘာ့အခင်းအကျင်းဟာ ထင်ထားတာထက် ပိုရှုပ်ထွေးနေတာကို ဖော်ပြနေပါတယ်။  

ကမ္ဘာပျက်တဲ့အထိဖြစ်နိုင်တဲ့ စစ်ရေးတင်းမာမှုတွေ ဘာတွေဆက်ဖြစ်လာနိုင်မလဲ၊ QUAD အစည်းအဝေးကြောင့် နောက်ထပ်တင်းမာမှု ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဒီတစ်ပတ်မှာ သိဖို့လိုနေတဲ့ သတင်းတွေဖြစ်နေပါတယ်။   

          ရုရှားကျူးကျော်လာရင် အမေရိကန် ဘယ်လိုတုံ့ပြန်မလဲ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပျက်မှုတွေက လိုက်မမီနိုင်အောင် အပြောင်းအလဲတွေများခဲ့ပါတယ်။ရက်စွဲအလိုက် ပြန်ကြည့်မယ်ဆိုရင် ဒီလိုတွေ့ရမှာဖြစ်ပါတယ်။ယူကရိန်းအိမ်နီးနားချင်းဖြစ်တဲ့ ဘီလာရုစ်မှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုမစခင်မှာ မော်စကိုကို ပြင်သစ်သမ္မတ မက်ခရွန် က သွားပြီး ပူတင်နဲ့တွေ့ကာ တင်းမာမှုလျှော့ချဖို့ ကြိုးစားခဲ့သလို ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ် ရှုဇ် က ဝါရှင်တန်ကိုသွားပြီး အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တွေ့ခဲ့ပါတယ်။အဲဒီရက်က တစ်ရက်တည်းဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်ပါ။မက်ခရွန်နဲ့ ပူတင် တွေ့ဆုံမှုမှာ မက်ခရွန် က နောက်ထပ်တင်းမာမှုမဖြစ်အောင် ရုရှားဘက်က ကတိရခဲ့တယ်ဆိုပေမယ့် ရုရှား-ယူကရိန်း ပဋိပက္ခပြေလည်ရေးအတွက် လနဲ့ချီလုပ်ဆောင်ရလိမ့်မယ် ပြောခဲ့တာရှိပါတယ်။ရုရှားဘက်ကတော့ မက်ခရွန် ပြောတာကို စဉ်းစားမယ်သာ ပြောခဲ့ပါတယ်။နောက်ပိုင်းမှာ ရုရှားဘက်က မက်ခရွန် ကို ဘီလာရုစ်ကနေ စစ်ရေးလေ့ကျင့်မှုအပြီးမှာ ပြန်ရုပ်သိမ်းဖို့ ကတိမပေးခဲ့ဘူးပြောခဲ့လို့ မက်ခရွန်ရဲ့ မော်စကိုခရီးစဉ်က အလဲလဲအကွဲကွဲဖြစ်ခဲ့ပါတယ်။မက်ခရွန် က ပူတင်နဲ့ ဆွေးနွေးမှုအတွက် ဖေဖော်ဝါရီ ၉ ရက်မှာ ဘိုင်ဒင်နဲ့ ဖုန်းကနေ မအောင်မြင်ခဲ့တဲ့ သူ့ရဲ့မော်စကိုခရီးစဉ်ကို ဆွေးနွေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာပဲ တွေ့ခဲ့တဲ့ ဂျာမန်ဝန်ကြီးချုပ်နဲ့ ဘိုင်ဒင် တွေ့ဆုံမှုအပြီးမှာ ဘိုင်ဒင် က ရုရှားသာ ယူကရိန်းကို ကျူးကျော်ခဲ့ရင် ဂျာမနီကိုဖြတ်ပြီး အနောက်ဥရောပကို ဓာတ်ငွေ့တင်ပို့ဖို့ ဖောက်ထားတဲ့ Nord Stream-2 ပိုက်လိုင်း အဆုံးသတ်သွားမယ်ဆိုပြီး ခပ်ပြတ်ပြတ်ပြောခဲ့တာကို တွေ့ရပါတယ်။ယူကရိန်းပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ Nord Stream-2 ပိုက်လိုင်း ဖွင့်လှစ်လည်ပတ်ခွင့်ရရေးကို နောက်ဆုံးမှာ အမေရိကန်ဘက်က ထုတ်ကိုင်လိုက်တဲ့သဘောကို တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ပိုလန်သမ္မတ ဒူဒါ၊ ဂျာမန်ဝန်ကြီးချုပ် ရှောဇ်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ ပူးပေါင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက်ခရွန် က ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားနဲ့ တင်းမာမှုများကိုဖြေလျှော့ရန် လမ်းသစ်တစ်ခုတွေ့တယ် ပြောခဲ့ပါတယ်။ဖေဖော်ဝါရီ ၉ ရက်မှာ ဘီလာရုစ်နဲ့ ၁ဝ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ရှိတဲ့ ရုရှားတပ်ဖွဲ့ဝင်သုံးသောင်းကို ကြီးကြပ်ဖို့ ရုရှားထိပ်တန်းတပ်မှူးတွေ ဘီလာရုစ်ကို ရောက်လာခဲ့ပါတယ်။ဒါ့အပြင် ရုရှားဗိုလ်ချုပ်ကြီး Valery Gerasimo ဦးဆောင်တဲ့ S-400 မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးတပ်ရင်း ၂ ရင်းနဲ့ တိုက်လေယာဉ်တွေ ဘီလာရုစ်ကို ရောက်သွားပါတယ်။ဖေဖော်ဝါရီ ၁၀ ရက်မှာ ကန့်ကွက်မှုတွေကြားထဲကနေ ရုရှားနဲ့ ဘီလာရုစ်ရဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။ရေတပ်လေ့ကျင့်မှုအဖြစ် ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်လိုက်တဲ့ ခရိုင်းမီးယားဒေသ Sevastopol ဆိပ်ကမ်းကို ရုရှားစစ်သင်္ဘော ၆ စင်း ရောက်ရှိခဲ့ပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်မှု စတင်လိုက်လို့ ဒေသတွင်း တင်းမာမှုတွေ ပိုမိုကြီးထွားစေတယ်ဆိုပြီး ယူကရိန်းဘက်က ပြစ်တင်ဝေဖန်ခဲ့ပြီး  တန်ပြန်စစ်ရေးလေ့ကျင်မှုကို ယူကရိန်းက အနောက်အုပ်စုဘက်ကပေးထားတဲ့ စစ်လက်နက်တွေနဲ့ အဲဒီရက်တွေမှာပဲ ၁၀ ရက်ကြာ ပြန်လုပ်ခဲ့ပါတယ်။ရုရှားစစ်ရေးလေ့ကျင့်တာက ယူကရိန်းနိုင်ငံ မြောက်ဖက် ကီလိုမီတာ ၂၁၀ လောက်သာ ကွာဝေးလို့ မတော်တဆမှားယွင်းကျရောက်တာနဲ့ စစ်ကထဖြစ်တော့မယ့်အနေအထား ရောက်ရှိလာနေပါတယ်။   

ဖေဖော်ဝါရီ ၁၁ ရက်မှာ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ မီလီနှင့် ရုရှားစစ်ဦးစီးချုပ် ဂရာစီ မော့ဗ်တို့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးခဲ့တဲ့ အကြောင်းအရာအသေးစိတ်ကို လျှို့ဝှက်ထားရန် သဘောတူညီခဲ့ကြပါတယ်။အဲဒီ ဖေဖော်ဝါရီ ၁၁ ရက်မှာပဲ သမ္မတအိမ်ဖြူတော် အမျိုးသားအကြံပေး ဂျိတ် ဆူလီဗန် က ဖေဖော်ဝါရီ ၂၀ ရက် အိုလံပစ်ပွဲမပြီးခင်မှာပဲ ယူကရိန်းကို ရုရှားက ကျူးကျော်လာနိုင်ကြောင်း ပြောခဲ့ပါတယ်။ကျူးကျော်မှုဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စလာနိုင်လို့ အမေရိကန်နိုင်ငံသားတွေထွက်ဖို့ ခက်လာနိုင်တဲ့အတွက် လာမယ့် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ယူကရိန်းကနေထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘိုင်ဒင်ကလည်း ယူကရိန်းနိုင်ငံထဲမှာ အမေရိကန်နိုင်ငံသားတွေရှိနေရင် ချက်ချင်းထွက်ခွာကြဖို့၊ ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရုရှားစစ်တပ်နဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာရင် ယူကရိန်းမှာရှိတဲ့ အမေရိကန်တွေကို ကယ်ထုတ်ဖို့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်တာမျိုး လုပ်မှာမဟုတ်ဘူး ပြောခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်နဲ့ ရုရှားတပ်တွေ အပြန်အလှန်ပစ်ကြရင် ဒါက နှစ်နိုင်ငံစစ်မဟုတ်တော့ဘဲ ကမ္ဘာစစ်တစ်ခုဖြစ်သွားမှာလို့ ပြောခဲ့ပါတယ်။      

ဖေ‌ဖော်ဝါရီ ၁၂ ရက်မှာ ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ပြီး ပူတင် ကျဆုံးပါစေ၊ ပြန်လည်ခုခံကြဖို့ စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။အမေရိကန်သမ္မတတောင်းဆိုမှုနဲ့ ဖေ‌ဖော်ဝါရီ ၁၂ ရက်မှာ ရုရှားသမ္မတ ပူတင်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ဖွယ်ရှိတဲ့ ဖုန်းခေါ်ဆိုဆွေးနွေးမှု လုပ်ခဲ့ပါတယ်။တစ်နာရီကြာတဲ့ ဒီဆွေးနွေးမှုမှာ ဘိုင်ဒင် က ရုရှားသမ္မတ ပူတင် ကို “အမေရိကန်အနေနဲ့ သံတမန်နည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းရန် ပြင်ဆင်နေဆဲဖြစ်သလို အခြားနည်းလမ်းအတွက်လည်း တန်းတူပြင်ဆင်ထားတယ်” ဆိုတာ ပြောခဲ့ပြီး ရုရှားဘက်က သူလိုချင်တဲ့ လုံခြုံရေးအာမခံချက်မရလို့ အမေရိကန်နိုင်ငံနဲ့ နေတိုး (NATO) အား တုံ့ပြန်မှုလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီနောက်မှာ ယူကရိန်းမှာရှိတဲ့ အနောက်နိုင်ငံသားတွေကို ပြန်ခေါ်နေသလို သံရုံးဝန်ထမ်းတွေနဲ့ သံအဖွဲ့ဝင်တွေကို ပိုလန်နဲ့ နီးကပ်တဲ့ ယူကရိန်းနိုင်ငံ အနောက်ခြမ်းဘက်ကို ယာယီရွှေ့ပြောင်းခဲ့ကြပါတယ်။ရုရှားအစိုးရပိုင် မီဒီယာတွေမှာလည်း ရုရှားသံတမန်တချို့ ယူကရိန်းရှိ သူတို့သံရုံးကနေ ထွက်ခွာနေကြပြီလို့ ဖော်ပြတာကို တွေ့ရပါတယ်။

ဖြစ်စဉ်တွေကိုကြည့်ရင် ရုရှားဘက်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ အင်အားကို ယူကရိန်းကို လျှပ်တစ်ပြက်ဝင်သိမ်းနိုင်တဲ့အထိ အင်အားစုပြီးဖြစ်သလို ရုရှားဘက်ဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်း၊ ဘီလာရုစ်အပိုင်းနဲ့ ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ပင်လယ်နယ် ကရိုင်းမီးယားအထိ ပိတ်ဆို့ထားတာကိုတွေ့ရပြီး သမ္မတ ပူတင် က သိမ်းဖို့ ဆုံးဖြတ်ချက်ချထား၊ မချထားဆိုတာ မသိရသေးတာပဲရှိပါတယ်။အမေရိကန်ဘက်ကတော့ ရုရှားဘက်က ယူကရိန်းကို ကျူးကျော်ဖို့ မော်စကိုက အကြောင်းရှာနေတယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကတော့ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နေတိုးနဲ့ အတွင်းရေးမှူးချုပ် ဂျန် စတိုတန်ဘာ့ဂျ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဥရောပဟာ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး လုံခြုံရေးဆိုင်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီလို့ ဖေဖော်ဝါရီ ၁၀ ရက်က ပြောခဲ့တာရှိသလို ရုရှားဟာ ယူကရိန်းကို ကျူးကျော်မလားဆိုတာကို မဆုံးဖြတ်ရသေးဘူးထင်ကြောင်း၊ ဒါပေမယ့် ယူကေထောက်လှမ်းရေးတွေကတော့ အခြေအနေမကောင်းဘူးလို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

ယူကေ ကာကွယ်ရေးဝန်ကြီးကတော့ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ကို မထွက်ခွာခင်မှာ ယူကေဘက်က ကျည်ကာအင်္ကျီ၊ ဦးထုပ်တွေနဲ့ စစ်ဖိနပ်တွေလို ကာကွယ်ရေးဝတ်စုံနဲ့ ပစ္စည်းတွေကို ယူကရိန်းအစိုးရဆီကို ပို့ပေးသွားမှာဖြစ်ပြီး နေတိုးနိုင်ငံတွေကို ဒီလိုလာခြိမ်းခြောက်လို့မရဘူးဆိုတာ ပြသဖို့ အရေးကြီးတယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။

ရုရှားက မကျူးကျော်ဘူးလို့ တွင်တွင်သုံးခဲ့ပေမယ့် ဂျော်ဂျီယာကို စစ်ရေးလေ့ကျင့်မှုကနေ ဝင်တိုက်ခဲ့ဖူးတာ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့ဖူးပါတယ်။အဲဒီတုန်းကလည်း ဂျော်ဂျီယာက နေတိုးအဖွဲ့ထဲဝင်ဖို့ ကြိုးစားရာကနေ ခွဲထွက် တောင်သြဆက်စတြီးယားကို ရုရှားဘက်ကနေ ဝင်စွက်ဖက်ပြီး ဂျော်ဂျီယာမြို့တော် တီဘလီဆီအထိ သိမ်းဖို့ဖြစ်ခဲ့တာပါ။ယခုလည်း ဒီပုံစံအတိုင်းလာနေတာဖြစ်ပါတယ်။လက်ရှိမှာ ဗြိတိန်၊ သြစတြေးလျ၊ အယ်လ်ဘေးနီးယား၊ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေကလည်း ယူကရိန်းနိုင်ငံထဲကနေ အမြန်ဆုံးထွက်ခွာကြဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။ရုရှားက ကရိုင်းမီးယားမှာ စစ်ရေးလေ့ကျင့်နေသလို ဘီလာရုစ်မှာလည်း စစ်ရေးလေ့ကျင့်နေပါတယ်။ဒီလို စစ်ရေးလေ့ကျင့်မှုတွေကြောင့် ရုရှားစစ်တပ်တွေဟာ ယူကရိန်းမြို့တော် ကိဗ်နဲ့ အနီးထိရောက်လာနိုင်ပြီး တကယ်လို့သာ ကျူးကျော်မယ်ဆိုရင် မြို့တော်ကိုတိုက်ခိုက်ဖို့ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ထောက်လှမ်းရေးအစီရင်ခံစာတွေ ခန့်မှန်းထားတာကတော့  ရုရှားဝင်တိုက်တာ အစောဆုံးအနေနဲ့ ယခုအပတ် ဗုဒ္ဓဟူးနေ့မှာ ဖြစ်လာနိုင်တယ်လို့ ဆိုထားတဲ့အတွက် ရုရှားရဲ့ ယူကရိန်းနိုင်ငံထဲကို ကျူးကျော်ဖို့မရှိဘူးလို့ ထပ်တလဲလဲ ငြင်းဆိုထားတာ မလိမ့်တစ်ပတ်လုပ်နေတာလား၊  ရုရှား စွပ်စွဲထားသလို အနောက်နိုင်ငံတွေဟာ ဆောက်တည်ရာမရအောင် ပြဿနာမီးထွန်းရှာနေတာလားဆိုတာ မကြာမီ တန်ဖိုးကြီးကြီးပေးပြီး အဖြေထွက်လာ‌တော့မှာဖြစ်ပါတယ်။

          အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာသစ်

ဖေဖော်ဝါရီ ၁၁ ရက်က သြစ‌တြေးလျနိုင်ငံ မဲလ်ဘုန်းတွင် ကျင်းပခဲ့သည့် QUAD အဖွဲ့ ညီလာခံက အာရှ၊ ပစိဖိတ်နဲ့ အင်ဒို-ပစိဖိတ်ဒေသအပေါ် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ဘယ်လောက်ထိ အာရုံစိုက်နေသလဲဆိုတာကို ပြသနေခဲ့ပါတယ်။   

ယူကရိန်းအရေးကို ကမ္ဘာက ဂရုစိုက်နေရသည့်အချိန်တွင် အင်အားကြီးထွားလာပြီး အဓိကပြိုင်ဘက်ဖြစ်လာသည့်  တရုတ်ကို လက်လွှတ်မထားသည့် အမေရိကန်၏ သတိကြီးကြီးထားနေမှုကို မြင်တွေ့ရနိုင်ပါတယ်။  

QUAD လို့ ခေါ်တဲ့ အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်ပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ အမေရိကန်က တရုတ်ကုမ္ပဏီ ၃၃ ခုကို ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲ ထည့်သွင်းခဲ့သလို ထိုင်ဝမ်ဒေသကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ လက်နက်ရောင်းချမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံအတွက် ကျင်းပဆဲ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို နိုင်ငံရေးအရ ထိုးနှက်မှုတွေကိုခံနေရချိန်မှာ အမေရိကန်ဘက်က တောင်တရုတ်ပင်လယ်မှာ စစ်သင်္ဘောတွေ ဖြတ်မောင်းတာ၊ ဂူအမ်ဘက်မှာ စစ်ရေးလေ့ကျင့်တာတွေကြောင့် ဖိအားတွေ တရစပ် အမေရိကန်ဘက်က ပေးနေသလို ဖြစ်နေခဲ့ပါတယ်။

နောက်ဆုံးဖြစ်တဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ အမေရိကန်ရဲ့ အစီအစဉ်ကို တရုတ်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သလို ပယ်ဖျက်ပေးဖို့အထိကို တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ဒီလိုပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ရာမှာ  ယခင်သဘောတူညီချက်တွေကို ထောက်ပြပြီး ဒါတွေကို ပြင်းထန်စွာဖောက်ဖျက်ရာရောက်တယ်ဆိုပြီး  ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာပါ။တရုတ်အနေနဲ့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ဒေသ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတာဖြစ်လို့ ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်တဲ့ QUAD အစည်းအဝေးကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။   

ဒီဆွေးနွေးမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် က ယူကရိန်းအပေါ် ရုရှား၏ခြိမ်းခြောက်မှုက လက်ရှိပြဿနာဆိုပေမယ် တရုတ်အင်အားကြီးထွားလာမှုက ရေရှည်ပြဿနာလို့ပြောခဲ့ပြီး တရုတ် မရည်ညွှန်းပေမယ့် ပင်လယ်ပြင်ဗိုလ်ကျအနိုင်ကျင့်မှုကို လက်တွဲရင်ဆိုင်ဖို့ ပြောခဲ့ပါတယ်။ဒီအစည်းအဝေးမှာ ကျန်သုံးနိုင်ငံက လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံတကာအကျပ်အတည်းတွေကို ဆွေးနွေးခဲ့ကြတယ် ဆိုပါတယ်။ဒီအစည်းအဝေးမှာ ဒေသတွင်း သြဇာလွှမ်းမိုးဖို့နဲ့ ကမ္ဘာ့သြဇာအကြီးဆုံးနိုင်ငံဖြစ်လာရန် ကြိုးပမ်းနေတယ်လို့ ယူဆထားတဲ့ တရုတ်ကို တန်ပြန်ဖို့  အင်ဒို-ပစိဖိတ်ဒေသမှာ  အမေရိကန်ဘက်က သံတမန်ရေးနှင့် လုံခြုံရေးအရင်းအမြစ်များ ပိုမိုလုပ်ဆောင်သွားဖို့ ကတိပြုခဲ့တာကို တွေ့ရပါတယ်။  

အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၁၂ မျက်နှာပါဝင်တဲ့ မဟာဗျူဟာခြုံငုံသုံးသပ်ချက်မှာ အမေရိကန်က တောင်အာရှမှ ပစိဖိတ်ကျွန်းများအထိ ဒေသတွင်း နေရာပေါင်းစုံကို အာရုံစိုက်သွားဖို့ ဖော်ပြထားတာ တွေ့ရပါတယ်။လက်ရှိနှစ်ဟာ ဘိုင်ဒင်အစိုးရအတွက် ခက်ခဲတဲ့ အရည်ချင်းစစ်စာမေးပွဲတွေကို ဆက်တိုက်ဖြေနေရတဲ့နှစ်ပါ။ဥရောပမှာ ယူကရိန်းအရေးအတွက် ရုရှားကို ရင်ဆိုင်နေရသလို အာရှဘက်မှာလည်း တရုတ်ကို ပါဝါခြင်းယှဉ်ပြိုင်နေရပါတယ်။အမေရိကန်က လက်ရှိမှာ အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်နိုင်ငံတွေကို တရုတ်နဲ့ အင်အားယှဉ်နိုင်အောင် လက်နက်ရောင်းချမှုတွေ ဆက်တိုက်လုပ်နေတာကို တွေ့ရပါတယ်။မကြာသေးမီက ဖိလစ်ပိုင်ကို ရဟတ်ယာဉ်တွေ ရောင်းချအပြီးမှာ ယခုဖေဖော်ဝါရီ ၁၁ ရက်မှာ အင်ဒိုနီးရှားကို F-15 ဂျက်တိုက်လေယာဉ် ၃၆ စီးနဲ့ ဆက်နွယ်တဲ့ စစ်သုံးပစ္စည်းတွေ၊ တိုက်ခိုက်ရေးကျည်တွေနဲ့ ဆက်သွယ်ရေးစနစ်တွေ ၁၃.၉ ဘီလျံဖိုး ရောင်းချပေးဖို့ ထပ်အတည်ပြုခဲ့ပါတယ်။ထိုင်ဝမ်ကို ဒေါ်လာ သန်း ၁၀၀ ဖိုး ပက်ထရီယော့ဒုံးကျည်တွေ အဆင်မြှင့်ဖို့ ရောင်းချအပြီးမှာ အင်ဒိုရောင်းချမှုက ပေါ်လာတာပါ။

အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အာရှ-ပစိဖိတ်ဒေသက ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယတို့လို့ အမေရိကန် မဟာမိတ်နိုင်ငံတွေ၊မြောက်ကိုရီးယား၊ အီရန်လိုနိုင်ငံတွေအပြင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေပါ စစ်အင်အားတည်ဆောက်လာကြတာ ဒေသတွင်းအတွက်တော့ တည်ငြိမ်အေးချမ်းဖို့ထက် ပွက်ပွက်ဆူလာဖို့ပဲ အနေအထားများနေပါတယ်။ရှေ့တစ်ပတ်မှာ နိုင်ငံတကာအခြေအနေတွေက ဘယ်လောက်ထိပြောင်းလဲလာနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။  

ယခုရက်သတ္တပတ်မှာ တခြားသော သတင်းတွေဖြစ်တဲ့ အမေရိကန်က ထိန်းချုပ်ထားတဲ့ အာဖဂန် အရန်ငွေ ၇ ဘီလီယံကို အမေရိကန်က ထက်ဝက်ဆီခွဲပြီး ၉/၁၁ မှာ သေဆုံးခဲ့ရတဲ့သူတွေကို လျော်ကြေးပေးဖို့နဲ့ အာဖဂန်ပြည်သူတွေ စားနပ်ရိက္ခာထောက်ပံ့ရေးအတွက်သုံးမယ့်သတင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အဆက်အသွယ် ယခုထိရှိနေဆဲလို့ပြောလိုက်တဲ့ ဒေါ်နယ်ထရမ့်သတင်း၊ အစ္စရေးထိရောက်နိုင်တဲ့ တာဝေးပစ်လက်နက်ကိုပြလိုက်တဲ့ အီရန်ရဲ့သတင်း၊ အစ္စရေးက ဆီးရီးယားရှိ ပစ်မှတ်တွေကို ဝင်ရောက်တိုက်ခတ်တဲ့သတင်းတွေက အထက်ဖော်ပြပါသတင်းကြောင့် စိတ်ဝင်စားမှုလျော့ကျခဲ့ရပါတယ်။

မင်းထက်
ဖေဖော်ဝါရီ - ၁၄