【ဆောင်းပါး 】“ပေါ့ဆတာ ကောင်းလား”

【ဆောင်းပါး 】“ပေါ့ဆတာ ကောင်းလား”

အသက်အရွယ်တန်းတစ်ခုကို ရောက်တဲ့အခါ ဖြတ်လာခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်မိတဲ့ အခါတိုင်း သတိထားမိနေတာက ပေါ့ဆမှုကြောင့် ဘ၀မှာ ရခဲလှတဲ့ အခွင့်အရေးကောင်းတွေကို စွန့်လွှတ်ခဲ့ရတယ်ဆိုတာပါဘဲ။ ငယ်စဉ်ကတည်းကနေဆိုရင် အတော်လေးကိုများပါတယ်။ ဒါပေမယ့် တခြားသော သူတွေ ဖြစ်ခဲ့တဲ့ အကြောင်း အရာတွေနဲ့ စဉ်းစားတဲ့အခါ ကိုယ်ဖြစ်ခဲ့တဲ့ အဖြစ်က သိပ်ပြီး မကြီးလေးသလို သတ်မှတ်လို့ရပေမယ့် ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ်တဲ့အခါ ဒီလိုပေါ့ဆမှုအတွက် ပေးဆပ်ခဲ့ရတာက သိပ်ကို ကြီးလေးလွန်းလှပါတယ်။

ပေါ့ဆမှုဆိုတာဘာလဲ။ အချစ်သီချင်းတွေထဲမှာ နောက်ကျတာတို့၊ မသွားမိလို့ လွဲသွားတာတို့ဆိုတာက ပေါ့ဆမှုတွေ ပါဘဲ။ အချိန်နှစ်နာရီလောက် ငါ့ကိုပေးရင် ကမ္ဘာကြီးမှာ သင်လိုတာမှန်သမျှ ငါပေးနိုင်ပါတယ်လို့ ပြင်သစ်စစ်ဘုရင် နပိုလီယံက ဝါတာလူးတိုက်ပွဲတွင် ပြောခဲ့သည်။ ထိုနှစ်နာရီကြောင့် နပိုလီယံ ဝါတာလူးစစ်ပွဲတွင် စစ်ရှုံးကာ နောက်ပိုင်း ဆက်တိုက် ရှုံးနိမ့်ခဲ့ရသည်။

ပေါ့ဆခြင်းက ဘယ်အရာမှ မကောင်းပေ။ ပေါ့ဆခြင်းကြောင့်ဖြစ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးများက ပြန်ဖြည့်ဆည်းရန် ခက်ခဲလှသည်။

ကျနော်တို့ ငယ်ငယ်က တကယ်ဖြစ်ခဲ့သည့် အဖြစ်တစ်ခုကို ပြောပြချင်သည်။ကျနော်တို့ငယ်စဉ်က ရန်ကုန်ဆိုသည်မှာ နွေရောက်သည်နှင့် ဟိုနေရာ မီးထလောင် ဒီနေရာ မီးထလောင်နှင့် မီးကြီးကြီးကျယ်ကျယ် မလောင်သည့် နှစ်ဆိုတာ မရှိ။ ကျနော်တို့ နေသည့် မြို့နယ်က မကြာခဏ မီးလောင်သည့်နေရာတွင် ပါသည်။ တစ်ရက်တော့ ကျနော်တို့ရပ်ကွက်တွင် ညနေဘက် မီးထလောင်သည်။မီးလောင်သည့်အချိန်တွင် ကျနော်တို့က လမ်းအနီး ကန်ဇွန်းခင်းတွင် ဘောလုံးကန်လို့ကောင်းတုန်း။မီးခိုးတွေ လမ်းဘက်က တက်လာပြီး မီးဆိုသည့် အော်သံကြားသည်နှင့် ဘောလုံးကစားသည့်နေရာကနေ အိမ်ရှိရာပြေးကာ ပစ္စည်းတွေသယ်ရရွှေ့ရ ပြေးရနှင့်။ ရသည်ရာရ မရသည်အရာမရနှင့်။

ထိုစဉ်က လောင်သည့်မီးကြောင့်  ဓနိမိုးထရံကာ၊ ဓနိကာ အိမ်ခြေများသည့် ကျနော်တို့တစ်လမ်းလုံးကုန်သည်။ထိုသို့ကုန်သည့်အပြင် ရပ်ကွက်လည်း တော်တော်ပါသွားသဖြင့် အားလုံးအတော်လေးကို ဒုက္ခရောက်သည်။ မီးလောင်ပြင်တွင် တဲထိုးနေရကာ တခြားနေရာဘဲ အရွေ့ခံရမလိုလို၊ ပြန်နေရာမရတော့မလိုလိုနှင့် နောက်တော့ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ပြန်ဆောက်ခွင့်ရသည်။ ထိုခေတ်က မဆလခေတ်ဖြစ်သဖြင့် ဒီဘက်ခေတ်လို မဟုတ်သဖြင့် တော်သေးသည်။ ထိုမီးစတင်လောင်သည့် အိမ်က ကျနော်တို့နှင့် ဘောလုံးလာကန်သည့် သူငယ်ချင်းအိမ်မှ စလောင်တာဟုသိရပြီး နောက်မှသိရသည်မှာ မီးကြွင်းမီးကျန်ကနေ စလောင်တာ ဟုသိရသည်။

ဖြစ်ပုံက ထိုသူငယ်ချင်းက  ညနေဘက် မိဘတွေအလုပ်ကပြန်မလာခင် အိမ်တွင်ထမင်းချက်ထားရသည့် တာဝန်ယူထားရပြီး အရင်ကတည်းက မီးလက်စကို ရေကပြင်မှာ ရေလောင်းကာ ထိုးသတ်လေ့ရှိပြီး ထိုနေ့ကလည်း  ဘောလုံးကန်ချင်ဇောဖြင့် ထင်းမီးဖြင့် တည်သည့် မီးဖိုကို ခပ်မြန်မြန်သပ်ပြီးလာရာမှ မီးကမသေဘဲ ရေကပြင်ဘေးမှ ထရံကို မီးထစွဲကာ မီးလောင်သဖြင့် သူ့အဖေလည်း ထောင်ကျ၊တစ်လမ်းလုံးလည်းကုန်၊ အားလုံး ဘဝတွေ အစကနေပြန်စရသည်အထိ အဖြစ်ဆိုးကို ကြုံရကြခြင်းဖြစ်သည်။ယခုထိတောင် ကျနော်တို့အရပ်က လူတွေ မီးနှင့်ပတ်သက်ပြီးပြောကြဆိုကြဆိုလျှင် ထိုအဖြစ်ကို တခုတ်တရပြောလေ့ရှိပြီး  အမြဲ စွဲမြဲနေသည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။

လူသမိုင်းတစ်လျှောက် ပေါ့ဆခြင်းတစ်ခုကြောင့် အသက်ပေါင်းများစွာပေးလိုက်ရသည်။ ပေါ့ဆခြင်း တစ်ခုကြောင့် အမေရိကန်မှ လွှတ်တင်သည့် ဒုံးပျံ ချဲလင်ဂျာပျက်ကျခဲ့ရသည်။ပေါ့ဆခြင်းကြောင့် စနစ်တွေ ပြောင်းလဲသွားသည်အထိ အဖြစ်ဆိုးတွေ ကြုံရသည်။ဘေးဆိုးတွေ ကြုံရသည်။ ဘဝတွေ ဒိုမီနို ဆင့်ကဲလဲသလို ပြိုပျက်ရသည်။

ပေါ့ဆခြင်းက နေရာနယ်ပယ်အသီးသီးတွင် ဖြစ်လေ့ရှိသည်။ ရှိလေ့ရှိသည်။ကြီးခြင်းငယ်ခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ရာထူးရှိခြင်း မရှိခြင်း မရွေး။ လူဆိုသည့် အသိဉာဏ်အားကိုးသော သတ္တဝါများတိုင်း ဖြစ်သည်။ ကြီးမားသော အရှုံး၏ အစမှာ သေးငယ်သည့်အမှားကစသည်ဟုဆိုသည်။ထိုအမှားက ပေါ့ဆခြင်းပင်ဖြစ်သည်။

ပေါ့ဆခြင်းနှင့် ပတ်သက်ပြီး ထင်ရှားသည့် ဖြစ်ရပ်မှာ သမိုင်းတွင် ထင်ရှားခဲ့သည့် အာခိလိဖနောင်ပင့် ဖြစ်သည်။ ခေါ်မစာဆိုကြီးဟိုးမား၏ အီလိယက်မော်ကွန်း ကဗျာကြီးမှ သူရဲကောင်းတစ်ဦးဖြစ်သူ အာချိလိဖြစ်ရပ်သည်လည်း ထိုသဘော၏ပြယုဂ် ဖြစ်သည်။ အာချိလိ မွေးကင်းစအရွယ်တွင်ဖြစ်သည်။ မိခင်ဖြစ်သူပင်လယ်နတ်သမီးက စတိုက်မြစ်ထဲတွင် သားကိုရေနှစ်သည်။ မြစ်ရေဖြင့် တစ်ကိုယ်လုံးကို စွတ်စိုစေသည်။ သားဖြစ်သူအား ဓားလှံကျည်မီး ပြီးငြိမ်း လုံခြုံစေရန် ဖြစ်သည်။ မိခင်ဖြစ်သူက သားငယ်အား အသက်ရှည်စွာ အနာမဲ့ကြောင်း ဆေးစွမ်းကောင်းဖြင့် ထုံမွှမ်းကာကွယ်ပေးခြင်း ဖြစ်သည်။

သို့ရာတွင် မိခင်လက်ဆုပ်ကိုင်ခဲ့သော သားငယ်၏ ဖနောင့်ခြေဖျားသည် စတိုက်မြစ်ရေ စွတ်စိုနိုင်ခြင်း မရှိခဲ့။ သို့ဖြင့် ထိုနေရာသည် ဓားလှံမီးပေါက် ကူးရောက် ထိရှမှု ကင်းလွတ်ခြင်း မရှိချေလေ။ အာချိလိလူလား မြောက်ချိန်နှင့် ဟယ်လင်မင်းသမီးကို အကြောင်းပြု၍ ထရိုဂျင်စစ်ပွဲကြီးဖြစ်ပွားချိန် ဆုံကြိုက်သည်။ ထိုစစ်ပွဲကြီးတွင် အာချိလိ ဝင်ရောက်တိုက်ခိုက်သည်။ အောင်ပွဲအလီလီ ရသည်။ ထရိုဂျင် ခေါင်ချုပ် သူရဲကောင်းဟက်တာကို စီးချင်းထိုးပြီး သုတ်သင်သည်။ နောက်ဆုံး အာချိလိ ကိုယ်တိုင်လည်း တိုက်ပွဲတွင်ကျသည်။ ရန်သူ့ဘက်မှ ပစ်လွှတ်သောမြားက အာချိလိ၏ခြေဖနောင့်ကို လာစိုက်သည်။ ဓားကျိုး၍လှံခွေ မနာမသေသူဟု ကျော်ကြားသော မဟာသူရဲကောင်းကြီး အာချိလိ ကျသည်။

ထိုသမိုင်း ဒဏ္ဍာရီကို အကြောင်းပြုလျက် အနောက်တိုင်း ဆိုရိုးစကား၌ “အာချိလိဖနောင့်” ဟူသော ဝေါဟာရ အသုံးတွင်လာခဲ့သည်။ ဧရာမအရာဝတ္ထု၊ တိုင်းပြည်နိုင်ငံ၊ လူပုဂ္ဂိုလ်တို့၏ ပျော့ကွက်၊ ဟာကွက်၊ ပြိုကွက်၊ ပျက်ကွက်တို့ကို ရည်ညွှန်းတင်စားသော ဝေါဟာရဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် “အာချိလိဖနောင့်” ဖြစ်ရပ်ပေါင်းမြောက်မြားစွာ ရှိခဲ့သည်။ ထိုအာချိလိ ဖနောင့် ဖြစ်ရပ်တို့သည် လူ့အဖွဲ့များပျက်စီးခြင်း၊ လက်နက်နိုင်ငံတော်ကြီးပြိုကွဲခြင်း၊ မင်းဧကရာဇ်များ၊ စစ်သူကြီး၊ စစ်သူရဲကောင်းများ၊ ပုဂ္ဂိုလ်ကျော်များ၊ “လျှောကျနောက်ဆုံး ရှိချေ၏” အဖြစ်သို့ ရောက်စေခဲ့သည်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အချင်းကိစ္စများစွာ၌သာ အာချိလိဖနောင့် ရှိသည်မဟုတ်။ မျက်မှောက်ခေတ်၌ အထွတ်အထိပ်သို့ ရောက်လျက် ရှိသော စက်မှုနည်းပညာကဲ့သို့ နည်းကျ စနစ်ကျ လုပ်ငန်းများ၌ပင်လျှင် ပျော့ကွက် ဟာကွက် အားနည်းချက်များရှိနေ၍ ဧရာမလုပ်ငန်း စီမံချက်ကြီးများ | ပျက်ပြားရသည့်အဖြစ်မျိုး ကြုံနေကြရသည်။ ငွေကြေးကုဋေကုဋာ ဆုံးရှုံးမှုများ ပေါ်ပေါက်နေရသည်။ လူပေါင်း များစွာသေကြေမှုများ ဖြစ်ပွားနေရသည်။

လက်ရှိတွင် ကျနော်တို့ဘ၀တစ်လျှောက် အခက်ခဲဆုံးအချိန်ကို ဖြတ်ကျော်နေရသည်။ ထိုသို့ဖြတ်ကျော်ရာတွင်  ဘယ်အရာမဆို သတိတစ်ချက်မှ မလွတ်စေဘဲ “သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကဲ့သို့ အုပ်”ကာ ဖြတ်သန်းမှ တော်ကာကြမည်ဖြစ်သည်။ တစ်ချက်သတိလွတ်သည်နှင့် ပေးဆပ်ရမည်က ဘ၀တွေ ဖြစ်သည်။ ဒီတစ်ခါပေါ့ဆပါက ပေးရမည်တွေက မနည်း။ သိစေချင်ပါသည်။ သတိရှိစေချင်ပါသည်။  

မောင်ဦးလွင်