【ဆောင်းပါး 】“ ဣန္ဒြေကိုစောင့်စည်းရာ၏”

【ဆောင်းပါး 】“ ဣန္ဒြေကိုစောင့်စည်းရာ၏”          

မိဘအများစုက သူတို့၏သားသမီးများကို ဣန္ဒြေရရနေထိုင်ပြောဆိုတတ်ဖို့ ငယ်ငယ်ကပင်  ဆုံးမသွန်သင်ခဲ့ကြသည်။ အပျို လူပျိုအရွယ်ရောက်သောအခါ ဣန္ဒြေရှိဖို့ ပိုလို့ပင်သတိပေးဆုံးမကြသည်။ သမီးရှင် မိဘ များဆိုလျှင် မိန်းကလေးတို့ဣန္ဒြေရွှေပေးလို့မရလို့တောင် ပြောဆိုကြပါသေးသည်။ ထိုမျှ ဣန္ဒြေကို အလေးပေး ဆုံးမကြသည်။

သူများအိမ်သွားလည်လျှင် ဣန္ဒြေရရနေဖို့ ဘာပေးပေးမယူဖို့ သူများအစားစားနေလျှင်မကြည့်ဖို့ မသွားခင်ကပင် ကြိုတင်သတိပေးဆုံးမကြသည်။ လမ်းသွားလျှင်လည်း ဣန္ဒြေရရသွားဖို့ ဘေးဘီကို ဟိုကြည့်သည် ကြည့်မလုပ်ဖို့သတိပေးပြောဆိုသည်။

ဣန္ဒြေဆိုတာ ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာကိုဆိုလိုတာပါ။ ဣန္ဒြေကိုစောင့်စည်းခြင်းဆိုတာ ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာကိုထိန်းချုပ်တာပါ။ ကိုယ့်ပါးစပ်နှင့် ကိုယ်ဆိုပြီး စားချင် တိုင်းစားလို့ မဖြစ်ပါ။ ကိုယ့်အိမ်မှာစားတာလား သူများအိမ်မှာစားတာလား ကိုယ်နှင့်တည့်သည့်အစားအစာလား ကိုယ်နှင့် မတည့်သည့်အစားအစာလား ဆင်ခြင်သတိထားပြီး စားသင့်မှစားရပါသည်။ နည်းနည်းစားရမှာလား မနည်းမများစားရမှာလား သတိထားရပါသည်။

ကိုယ့်ပါးစပ်နှင့်ကိုယ်ဆိုပြီး စကားကိုလည်းပြောချင်တိုင်းပြောလို့မရပါ။ ကိုယ့်စကားကရိုင်းစိုင်းသည့်အသုံးအနှုန်းပါလား သူများကိုထိခိုက်စေသည့်အဓိပ္ပါယ်သက်ရောက်သွားလား ဆင်ခြင်ပြောဆိုရပါမည်။ တစ်ခုခုကိုစိတ်ထဲမှာကြောက်လန့်နေသည့်အခါမှာပင် ဣန္ဒြေဆည်ကာ မကြောက်မလန့် သည့်အမူအရာမျိုးနေတတ်ရပါမည်။ အထူးသဖြင့်ယောင်္ကျားတစ်ယောက်ဖြစ်ပြီး တာဝန်ကြီးကြီးထမ်း ဆောင်သည့်အခါမျိုးတွင် သေချာပေါက် ဣန္ဒြေကိုစောင့်စည်းရပါမည်။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းအုပ်ချုပ်စဉ်ကဖြစ်သည်။ ဘုရားလောင်းစူဠဓနုဂ္ဂဟသည် ဥဒိစ္စပုဏ္ဏားမျိုး ဖြစ်၏။ အရပ်အတော်ပု၍ ခါးကုန်းသဖြင့် ဥပဓိရုပ်သည်ညံ့သည်ဟုဆိုရမည်။ သို့သော် တက္ကသိုလ်မှာ အဋ္ဌာရသ ဆယ့်ရှစ်ရပ်ပညာများကို အောင်မြင်စွာသင်ယူနိုင်ခဲ့သည်။ အထူးသဖြင့် လေးမြားအတတ်မှာတစ်ဖက်ကမ်းခတ် တတ်မြောက်သည်။ သူသည် သူကျွမ်းကျင်သောအတတ်ပညာနှင့် စီးပွားရှာရန်ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူ၏အရပ်ပုကွကွနှင့် ခါးကုန်းနေသော အနေအထားအရ အများအမြင်မှာတော့ သူ့ကိုအလွယ်တကူ ယုံကြည်လက်ခံဖို့မလွယ်ကူမှန်းသူသိနေသည်။ ထို့ကြောင့်အရပ်အမောင်း ကောင်းကောင်း ရုပ်ရည် ချောမောပြေပြစ်သော ယောင်္ကျားတစ်ယောက်နှင့် အပြန်အလှန်မှီခို လုပ်ကိုင်လျှင်အဆင်ပြေနိုင်ကြောင်း စဉ်းစားမိသည်။ သူအလိုရှိသော ပုံစံမျိုးကို လိုက်ရှာရာ ဘီမသေန အမည်ရှိသော ရက်ကန်းသမားတစ်ယောက်ကို တွေ့သည်။ ထိုလူကိုမိတ်ဆွေဖွဲ့ပြီး သူ၏အကြံအစည်ကို ပြောပြတိုင်ပင်သည်။ ဘုရင့်ဆီမှာ ဘီမသေနက လေးသမားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ပြီး ထိုတာဝန်ကို သူက လက်တွေ့လုပ် ဆောင်ပေးမည်ဖြစ်ကြောင်း ပြောပြရာ ဘီမသေနလည်း သဘောတူသည်။

ထို့နောက်ဗြဟ္မဒတ်မင်းကြီး၏ ရှေ့တော်မှောက်သို့ ဝင်ရောက်ကြသည်။ ဘီမသေနက သူသည် ဇမ္ဗူဒိပ်ကျွန်းမှာ ပြိုင်ဘက်ကင်းလေးသမားတစ်ယောက်ဖြစ်ကြောင်း ဘုရင်မင်းမြတ်ထံတွင် အခကြေး ငွေနှင့်အမှုတော် ထမ်းရွက်လိုကြောင်းပြောသည်။ လစာရိက္ခာမည်မျှရလျှင်လုပ်နိုင်မလဲမေးရာ လဝက်ကိုအသပြာတစ်ထောင်ရလျှင်လုပ်နိုင်ကြောင်းပြန်ပြောရာ ဘုရင်ကြီးကသဘောတူလိုက်လေသည်။ စူဠဓနုဂ္ဂဟကို ဘယ်သူလဲဟုမေးရာ ဘီမသေနက သူ၏အစေအပါးဖြစ်ကြောင်း တင်လျှောက်သည်။ ထိုအချိန်မှစ၍ ဘီမသေနသည် ဘုရင့်အမှုထမ်း လေးသမားဖြစ်သွားလေသည်။ စူဠဓနုဂ္ဂဟကတော့ ဘီမသေန၏ အစေအပါးဖြစ် လာခဲ့သည်။

တစ်ခါသော် တောထဲတွင်ကျားဆိုးတစ်ကောင်း သောင်းကျန်းနေသဖြင့် သွားရောက်နှိမ်နင်းရန် ဘီမသေနကို ဘုရင်ကြီးက အမိန့်ပေးသည်။ စူဠဓနုဂ္ဂဟက သူလိုက်ရန်မလိုဘဲ လူတစ်ထောင်နှစ်ထောင်ခန့်စု၍ ကျားကို ဝိုင်းဖမ်းရန် ရွာသားများက ကျားကိုဖမ်းပြီးတော့မှ သင်ကနွယ်ကြိုးတစ်ချောင်း ကိုယူသွားပြီး ကျားကိုဘယ်သူ သတ်တာလဲ ငါကအရှင်ဖမ်းဖို့ နွယ်ကြိုးသွားရှာနေတာလို့ ပြောစေသည်။ ထိုအခါရွာသားများကကြောက်ရွံ့ပြီး ဘုရင့်ကို သူတို့သတ်မိတာကို ပြန်မလျှောက်တင်ဖို့ ပြောပြီး သင့်ကိုငွေကြေးပေး၍ နှုတ်ပိတ်လိမ့်မည် ထိုအခါတွင်မှာ ကျားကိုအသာယူကာ ပြန်လာရန်မှာသည်။ ဘီမသေနလည်း စူဠဓနုဂ္ဂဟပြောသည့်အတိုင်း ကျားသေနှင့် အတူပြန်လာခဲ့သည်။ ဘုရင်က သဘောကျကာ ဆုလာဘ်များပင်ပေးလေသည်။

မကြာမီ ကျွဲရိုင်းတစ်ကောင်ဆိုးသွမ်းနေသဖြင့် ဘုရင်ကြီးက ဘီမသေနကိုတာဝန်ပေးရာ ယခင်နည်းအတိုင်းပင် ကျွဲရိုင်းကိုဖမ်းလာနိုင်ပြန်သည်။ ဘုရင်ကြီးက ဘီမသေနကို အလွန်နှစ်သက်အားကိုးပြီး ဆုလာဘ် များကို ယခင်ကထက်ပင် ပိုမိုပေးလေသည်။

ဘီမသေနလည်း စည်းစိမ်ရစ်မူးကာ စူဠဓနုဂ္ဂဟကို မထီမဲ့မြင်လုပ်လာသည်။ သူ့လုပ်စာကို အလကားထိုင်စားနေသူကဲ့သို့ ဆက်ဆံလာသည်။ စူဠဓနုဂ္ဂဟကတော့ လုပ်ဖေါ်ကိုင်ဖက်ချင်းအနေနှင့် ဘာမှ ပြန်မပြောဘဲ ဣန္ဒြေမပျက် သည်းခံနေလိုက်သည်။

ထိုသို့ဘီမသေနတစ်ယောက် မာန်တက်ပြီးရက်အနည်းငယ်ကြာသောအခါ ဗာရာဏသီပြည်၏ အိမ်နီးချင်း နိုင်ငံတစ်ခုမှဘုရင်သည် သူ၏စစ်တပ်နှင့်ဗာရာဏသီပြည်ကို ဝိုင်းရန်ထားသည်။ ဗြဟ္မဒတ် မင်းကို အရှုံးပေး အညံ့ခံပြီး တိုင်းပြည်ကို အပ်မလား  စစ်ဖက်ပြိုင်မလားဆိုပြီး ရာဇသံပေးလာသည်။

ဘုရင်ကြီးလည်း ဘီမသေနကိုခေါ်ကာ စစ်ဦးစီးစေပြီး ရန်သူများကို တိုက်ရန်အမိန့်ပေးလေ၏။ ဘီမသေနလည်း အမှန်တကယ်စစ်ထွက်ရတော့မည်ဆိုသောအခါ အထူးတုန်လှုပ်ကြောက်ရွံ့နေလေသည်။ စူဠဓနုဂ္ဂဟ လည်း ဘီမသေနကို ဘာမှမစိုးရိမ်ရန်ပြောသည်။ နှစ်ယောက်သား ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကာ ဘီမသေနက ရှေ့မှနေပြီး သူ့နောက်မှ စူဠဓနုဂ္ဂဟကနေကာ ဆင်ပေါ် မှာအတူစီးပြီး စစ်ထွက်ခဲ့ကြသည်။ စစ်မြေပြင်သို့ မရောက်မီမှာပင် ဘီမသေနတစ်ယောက် အကြောက်ကြီးကြောက်နေသဖြင့် ဘယ်လိုမှ နှစ်သိမ့်မရတော့သည့် အဆုံး ဆင်ပေါ်မှာပင် ကြိုးနှင့်တုပ်ထားရသည်။

ရန်သူစစ်တပ်ကို လှမ်းမြင်လိုက်ရသည့်အချိန်မှာတော့ ဘီမသေနတစ်ယောက် ဘယ်လိုမှဟန်ဆောင်လို့ မရတော့ဘဲ ဆင်ပေါ်မှဇွတ်အတင်းဆင်းကာ အိမ်သို့ပြန်ပြေးလေတော့သည်။ သည်တော့မှ စူဠဓနုဂ္ဂဟလည်း သူ၏လေးအစွမ်းနှင့် ရန်သူစစ်တပ်ကို ဖြိုခွင်းကာ ရန်သူဘုရင်ကို လက်ရဖမ်းဆီးခဲ့လေသည်။ ဘုရင်ကြီးလည်း စစ်ပွဲအခြေအနေကို မျက်မြင်ကိုယ်တွေ့ဖြစ်နေသဖြင့် အကြောင်းစုံသိကာ စူဠဓနုဂ္ဂဟကို ရာထူးပေးလိုက်ပြီး ကြီးမားစွာမြှောက်စား သူကောင်းပြုလိုက် လေတော့သည်။

ဘီမသေနသည် အလွယ်တကူနှင့် ဣန္ဒြေပျက်တတ်သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှု အလွန်အားနည်းသူဖြစ်တာကိုတွေ့ရသည်။ နှစ်ဦးသဘောတူလုပ်ခဲ့ကြသောအလုပ်ကို အလွယ်တကူ ပြောင်းလဲချင်သည်။ စိတ်ကိုနိုင်အောင်မထိန်းဘဲ သူ့ကိုယ်သူအထင်ကြီးစိတ်ဝင်လာပြီး ပညာရှင်လည်းဖြစ် ကောင်းတူဆိုးဖက်မိတ်ဆွေလည်းဖြစ်သူကို မလိုအပ်ဘဲ အထင်သေးစိတ်ဝင်လာသည်။ သူ၏တည်ငြိမ်ရင့်ကျက်မှုမရှိသော တစ်နည်းအားဖြင့် ဣန္ဒြေမဲ့သောစိတ်ကိုပြနေသည်။ စိတ်ကို မထိန်းနိုင်တော့ နှုတ်အမူအရာပါကြမ်းလာသည်။ အချင်းချင်းပြစ်တင် ပြောဆိုလာသည်။ မတူမတန်သလို ဆက်ဆံလာသည်။

တိုက်ပွဲတိုက်ရမည့်နေ့တွင်လည်း ကြောက်စိတ်ကိုမထိန်းချုပ်နိုင်ဘဲ ဣန္ဒြေမဲ့စွာ အမူအရာတွေ ပျက်ကာ ထွက်ပြေးသည်အထိ ရှက်စရာအလုပ်ကို လုပ်ဖြစ်ခဲ့သည်။

စူဠဓနုဂ္ဂဟအပေါ် ကျေးဇူးရှင်ဟုတွေးလျှင်ရသလို သေတူရှင်ဖက်မိတ်ဆွေအဖြစ် လက်ခံလျှင်လည်းရပါလျက်နှင့် အရည်အချင်းမရှိသည့် သူ့ကိုယ်သူမှန်မှန်ကန်ကန်မသုံးသပ်နိုင်ဘဲ အတ္တလွန် မာန်တင်းပြီး တစ်ကိုယ်ကောင်းစိတ်မွေးမိခဲ့သည်။ အခြေအနေနှင့်အချိန်အခါကို မသုံးသပ် ကြောက်စိတ်ကိုမထိန်းနိုင်ဘဲ ဣန္ဒြေပျက်ကာ ထွက်ပြေးခဲ့သည်။ ထို့ကြောင့်ပင် အရှက်လည်းကွဲ နေရာလည်းပျောက် နာမည်လည်းပျက်ခဲ့ရလေသည်။

ပညာရဲရင့်ပွဲလယ်တင့်ကာ ဣန္ဒြေကိုစောင့်စည်းသော စူဠဓနုဂ္ဂဟကတော့ အချင်းချင်းစိတ်ဝမ်းမကွဲ မာန်မတက်ဘဲ နေနိုင်ခဲ့သည်။ တိုက်ပွဲထွက်သောအခါတွင်လည်း မိတ်ဆွေဖြစ်သူကို အတတ်နိုင်ဆုံးထိန်းသိမ်းကာ ဣန္ဒြေမပျက်နေခဲ့သည်။ မိတ်ဆွေဖြစ်သူက အကြောက်လွန်ပြီးတာဝန်မဲ့ ထွက်ပြေးသွားသောအခါမှာလည်း သူ့တာဝန်ကိုမပျက်စေဘဲ ရန်သူကို ဣန္ဒြေရရတိုက်ခိုက်အနိုင်ယူနိုင်ခဲ့လေသည်။

တကယ်တော့ ဣန္ဒြေကိုမစောင့်စည်းနိုင်သောလူသည် အရှက်သေးသေးကွဲမလား အရှက်ကြီးကြီးကွဲမလား မသေချာသော်လည်း အရှက်ကွဲဖို့ကတော့ သေချာပါသည်။ နည်းနည်းရှုံးမလား များများရှုံးမလား မသေချာသော်လည်း ရှုံးဖို့ကတော့သေချာနေပါသည်။ သူ့အပေါ်မှီခိုသူနည်းနည်း နစ်နာမလား များများနစ်နာမလား မသေချာသော်လည်း နစ်နာကြမည်ကတော့ သေချာပါသည်။

အထူးသဖြင့် အိမ်ထောင်ဦးစီးတစ်ယောက် အဖွဲ့အစည်းခေါင်းဆောင်တစ်ယောက် အရေးကြီး တာဝန် ထမ်းဆောင်နေသူတစ်ယောက်ဖြစ်ခဲ့လျှင် ပျော့ညံ့ပြီးစိတ်အပြောင်းအလဲများနေလို့မဖြစ်ပေ။ ဣန္ဒြေကိုစောင့် စည်းပြီး စိတ်တည်ငြိမ်မှဖြစ်ပါမည်။ ကိုယ့်ကိုယ်ကိုယ် ဖြစ်ချင်တာဖြစ်ဆိုပြီး ဘဝကို ရေစုန်မျှောချင်လျှင်တော့ တွေးချင်သလို တွေးလို့ရပါသည်။ ပြောချင်တာပြောလို့ရပါသည်။ လုပ်ချင်တာလုပ်လို့ရပါသည်။

တစ်ကယ်လို့သာ ကိုယ့်ကိုယ်ကိုယ် တာဝန်သိသော တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်ချင်လျှင်တော့ ဣန္ဒြေကို မလွဲမသွေစောင့်စည်းသင့်ပါသည်။ ဣန္ဒြေကို မလွဲမသွေ စောင့်စည်းရပါမည်။

 

 ရိုက်မောင်း